x

25.2.13

မေတ္တာရောင်ပြန်


၂၀.၂.၂၀၁ ရက်နေ့က အိမ်မှာပွင့်တဲ့  ရောင်စုံ နှင်းဆီပန်းလေးတွေ ဖြစ်တဲ့ ပုစွန်ဆီရောင် အနီရောင် အ၀ါရောင် အဖြူရောင်တို့ကို မြင်တဲ့အခါ ဖေ့ဘုတ်တင်ချင်တဲ့စိတ် ပေါ်လာတာကြောင့် ဓာတ်ပုံ ရိုက်ဖြစ်ခဲ့တယ်။ ပထမဆုံး အပွင့်ဖြစ်တဲ့ ပုစွန်ဆီရောင် နှင်းဆီပန်းလေးကို ဖေ့ဘုတ်မှာ ကဗျာလေးနဲ့ တွဲတင်ချင်တဲ့ စိတ်ပေါ်လာတဲ့အတွက် ဦးနှောက်ကို အချိန်ပေးပြီး ဖျစ်ညှစ်ထုတ်ရင်း အဆုံးမှာ ကဗျာမပီ စာမညီနဲ့ 'သူ့အဆင်း' ကဗျာလေး တစ်ပုဒ် ဖြစ်လာခဲ့တယ်။ အဲ့ဒီ ကဗျာလေးနဲ့ နှင်းဆီပုံလေးကို ဖေ့ဘုတ်အပြင် ဘလော့မှာပါ တင်လိုက်ပြန်တယ်။ ကျမရဲ့ ကဗျာလေးကို ဘယ်လို မှတ်ချက်တွေ ပေးထားမလဲလို့လဲ စိတ်ဝင်စားနေမိတယ်။ ရိုးစင်းတဲ့ ကဗျာလေးအပေါ် အားပေးထားတဲ့ စာသားလေးများအပြင် ကဗျာလေးတွေနဲ့ တုန့်ပြန်ထားတာကို ဖတ်လိုက်ရတဲ့အခါ ကျမရင်ထဲမှာ ဖေါ်ပြရင်တောင် ပြည့်စုံမှာ မဟုတ်တဲ့ အတိုင်းအဆမသိ စိတ်ကြည်နူးမှု ပျော်ရွှင်မှု ကျေနပ်မှုတို့ကို တစ်ပြိုင်တည်းရောပြွမ်း ခံစားလိုက်ရတယ်။ ကွန်မန့်ထဲက ကဗျာလေးတွေကိုလည်း စာဖတ်သူတို့ ဖတ်နိုင်စေဘို့ အတွက် ပြန်လည်တင်ရင်း မျှဝေလိုက်ပါတယ်။ နှင်းဆီအဖြူရောင်လေး သက်သေတည်ပြီး အားလုံးကို ချစ်ခင်စွာနဲ့ ရင်ထဲကနေ ကျေးဇူးတင်ပါတယ် ဆိုတာ ပြောပါရစေနော်။ မေတ္တာဆိုတာ ရောင်ပြန်ဟပ်တတ်ပါတယ်း)


အလင်းသစ်
 ဆူးဖြင့် ခြံရံ၊ ညှာရိုးတံမှာ
မာန်ဝင့်ဂုဏ်မြောက် ၊ ရဲရဲတောက်လျက်
မိုးသောက်ချိန်ခါ ၊ သူပွင့်အာသည်
တီတင့်စိုက်သည့် ၊ ပန်းနှင်းဆီ ။

နွေတေးရှင် (မင်းဧရာ)
 ကဗျာမပီ
စာမညီငြား
ဝင့်ကြွားနှင်းဆီ
လည်တံချီလျှက်
သခင့်လက်ခို
ရွှန်းရွှန်းစိုသည်
ပြာရည်မိုးသား ကောင်ကင်အောက်။


မိုးနတ်ကြယ်စင်
 နှင်းဆီလေးရယ်...
အဆင်းနီစွေးတယ်....
သင်းကြည်မွှေးတယ်....
သြော်...
မြင်လိုက်ရသူ ရင်ကိုအေးတယ်...

May Khin
 နှင်းဆီတစ်ပွင်.ဘလော.အလည်ပွဲလည်တင်.မည်
ပန်းပျိုးသည်.လက်တီတင်ရဲ.ကလောင်အစွမ်းထက်၏
ဆေးစက်ကျရာညီစေသတည်း....

ဟန်ကြည်
 “ ပန်းနှစ်ပွင့် ”

နှင်းဆီပန်း နီရဲလွင်
မာန်ဝင်နဲ့လေး…
သူ့သခင် အန်တီတင့်ရယ်က
ကြိုက်ဘူးကွဲ့လေး…။

နှင်းဆီပန်း နီရဲလွင်
ဂုဏ်အင်မက်သေး…
သူ့သခင် အန်တီတင့်မှာတော့
မက်ဘူးကွဲ့လေး…။

စံပယ်ပန်း ဖြူဖြူစင်
မြင်သူရင်အေး…
သင်းပျံ့ကြည် ရနံ့မွှေးရယ်နဲ့
သည်းစိုင်ထိနွေး…။

နှင်းဆီက နီတျာတျာ
စံပယ်မှာ အန်တီတင့်
လှမာန်မှာ ရိုးဂုဏ်ဆင့်ပြန်တော့
ဘလော့မှာ ပန်းစုံပွင့်ပါလို့
ဂုဏ်ဝင့်ထည်သေး။ ။

သဒ္ဓါလှိုင်း
 နှလုံးသားထဲက
ဆေးစက်ချတဲ့အရာတိုင်း လှပအသက်ဝင်နေဆဲ..
ဒါမှ...နီရဲတဲ့ နှင်းဆီပွင့်..

မေဓာဝီ
 နှင်းဆီပန်းလေး နီတျာတျာ
တီတင့် ဥယျာဉ်မှာ
လေပြေလာ ယိမ်းကာသွဲ့
လှဂုဏ်တင့်ကာနွဲ့။
ကဗျာပန်းများ ဝေဆာဆာ
တီတင့် ဘလော့မှာ
ဘလော့ဂါတွေ စာစီဖွဲ့
ကြည်နူးစရာကွယ့် ... ။


ကိုကိုမောင်(ပန်းရနံ့)
 နှင်းဆီငယ်
လေဆွယ်လို့ ဟစ်ကာမြူး။
မေ့လျော့ကာ ကြွေဘူးထင်ပါနဲ့
လေတွယ်တာ အခါများရင်တော့
သွေဖယ်ကာ မြေမှာပြားပါလိမ့်
အားမကျဘူး။

မြသွေးနီ
 “နှင်းဆီ”

စွဲမက်မွှေးပျံ့
ပွင့်ချပ်ထုံမွှမ်း
ညှို့ယူအလှသွေး
ပွင့်လင်းဖမ်းစား
ရဲ့ရင့်ဆူးခက်များ...။

အားပေးသူများနဲ့ ကဗျာလေးတွေ သီကုံးပေးသူများအတွက် ၂၄-ပစ္စည်းနဲ့ မေတ္တာရောင်ပြန်ဟပ်ပါရစေနော်။





 

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz