8.3.13

ဘ၀တိုတို ဟိုလိုလို ဒီလိုလို


ရခဲပေခြင်း လူ့ဘဝကြီးထဲကို ခြေစုံ ရပ်လာနိုင်သူတို့အတွက် တိုတောင်းတဲ့ အချိန်ကာလမှာ အသက်ရှင်ခွင့် ရနေပါလားဆိုတဲ့ အသိကို သတိပြုမိသူ အနည်းစုပဲရှိမယ်ထင်ပါတယ်။ ၀မ်းတစ်ထွာအတွက် အိမ်မှာရှိတဲ့ မိသားစုအလိုက် ကိုယ်စီကိုယ်ငှ ရုန်းကန် လှုပ်ရှားနေကြရတော့ လောကီအရေးထက် လောကုတ္တရာ အရေးကို အလေးမထားနိုင်ကြပါ။ ဘယ်လိုပဲ အလုပ်ရှုပ်တယ်ပြောပြော လူတိုင်းကိုယ်စီဟာ ကိုယ်ပိုင်အားလပ် ချိန်လေးကိုတော့ မရ ရတဲ့နည်းနဲ့ ရှာဖွေရကြတယ်ဆိုတာ ငြင်းလို့မရပါ။ အဲ့ဒီလို ရတဲ့အားလပ်ချိန်လေးမှာ အသိစိတ်နဲ့ ယှဉ်ပြီး တန်ဘိုးရှိစွာ ကုန်ဆုံးစေခြင်းဟာ ကိုယ့်ကိုယ်ကို ကယ်တင်ခြင်းတစ်မျိုးပါ။ မည်သူမပြု မိမိမှုဆိုသလိုပေါ့။ ကိုယ်ပြုသမျှ အကြောင်းကြီးငယ်တို့ အပေါ် ဆွေမျိုးသားချင်း မိတ်ဆွေသင်္ဂဟတို့က ကိုယ်စား ခံပေးလို့မရပါ။ နေ့စဉ် မျက်လုံးနှစ်လုံး ပွင့်ချိန်ကနေ ပြန်ပိတ်တဲ့အချိန်အထိ ကျမတို့တစ်တွေ အလုပ်တွေကို လုပ်ကိုင်နေရသလို အားလပ်ချိန်လေးများမှာ ကိုယ်သန်ရာ အမှတ်လေးနဲ့ နှစ်သက်သလို မပျက်မကွက် လိုက်မှတ်နေမယ်ဆိုရင် ၀င်လာမဲ့ အကုသိုလ်စိတ်ကို အလိုလို တားဆီးပြီးသား ဖြစ်မှာပါ။ တစ်ရက် နှစ်ရက် သုံး လေးရက်ကနေ ကျင့်သားရလာရင် တစ်လ နှစ်လ သုံး လေးလပေါ့။ အဲ့ဒီ နောက်ပိုင်းမှာတော့ အလိုအလျောက် အမှတ်ကလေးနဲ့ နေတတ်လာတာနဲ့အမျှ မကောင်းမှုကို အားပေးတဲ့ အကုသိုလ်စိတ်လည်း လျော့နည်းသွားမှာ ဧကန်မုချပါ။ ဥပမာ 'အရဟံ' အစရှိတဲ့ ဂုဏ်တော်ကိုးပါးထဲက တစ်ပါးကို ရွတ်ဖတ် သရစ္ဇျာယ်နေခြင်းဟာ စိတ်ပျံ့လွင့်မှုကို ထိန်းချုပ်နိုင်ကာ မင်္ဂလာဖြစ်စေပြီး ကုသိုလ်လည်း ရစေမှာပါ။ ထိန်းချုပ်ရခက်တဲ့ မိမိရဲ့စိတ်ကို အလိုလိုက် အကြိုက်ဆောင်နေမယ် ဆိုရင်ဖြင့် အနာသိရက်နဲ့ ဆေးမကုမိခြင်းရဲ့ နောင်တဆိုတာ ကိုယ့်အနောက်မှာ ကပ်ပါလာစမြဲမို့ သတိချပ်စေလိုခြင်းပါ။



ဟိုလိုလို ဒီလိုလို ဝေလေလေ ဖြစ်နေမဲ့ အချိန်လေးတွေကို နေ့မြင် ညပျောက် အမှောင် မရောက်ခင် ဉာဏ် အလင်းကို ဆောင်ကာ အမိအရ ဖမ်းဆုပ်ထားပြီး ပါးနပ်စွာ အသုံးချရင်း လက်ရှိဘ၀ တိုတိုလေးမှာ တည်ငြိမ် အေးချမ်းစွာနဲ့ ဖြတ်သန်းစေလိုတာကြောင့် ဒီပို့စ်လေးကို တင်လိုက်ပြီနော်း)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz