x

20.3.13

Rap လား Rock လား


♪♪♫♪ ♫ ♪ ♫ ♪♫ ဘ၀သံသရာ ရှည်လျှားထွေပြား မနေမနား တသွားလည်းသွားကြတာ… ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက် ထွက်ခွာလာ… လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ…တဲ့…. ပျော်လိုက် ရွှင်လိုက် ငိုခါရယ်ခါ ဘယ်ဟာမတည်မြဲ …. ဖောက်လွှဲ ဖောက်ပြန် အကြောင်းကံ ကမ္မသကာ….. တွေ့ကြုံ ဆုံကွဲ တစ်ခရီးထဲ ၀မ်းနည်းဝမ်းသာ…. ဖြစ်ချင်တာလဲမဖြစ်ရပါ မဖြစ်ချင်တာတွေလဲဖြစ်ရမှာ…. အော် ၃၁ ဘုံ ၀ဋ်အတွင်းရောက်တော့ သရုပ်… အဲဒါ အဲဒါ အဲဒါ ဘ၀သံသရာ…..

ဖေ့ဘုတ်ထဲမှာ ခင်ဘို့ကောင်းတဲ့ မိတ်ဆွေတွေရဲ့ စတေးတပ်လေးတွေကို ဖတ်လိုက်၊ ကွန်မန့်ဘောက်စ်တွေမှာ ဟာသလေးတွေ နှောပြီး ရေးလိုက် လုပ်နေသလို နားကိုလည်း အလဟသမထားပဲ အက်ဖ်အမ်စီးတီးကနေ ပျံ့လွင့်လာတဲ့ 'ဘ၀သံသရာ' သီချင်းလေးကို ကျမ နားဆင်အပြီး တခဏမှာ ကျမရဲ့ သားတွေပြောတဲ့ စကားကို အမှတ်မထင် သတိရလိုက်တယ်။ 'မေကြီးက Rap လား Rock လား' တဲ့။ အဲ့ဒီလိုမေးခွန်းကို ဖတ်လိုက်ရလို့ စာဖတ်သူမိတ်ဆွေတွေက 'ဟိုက် တီတင့်တစ်ယောက် ဒီအသက်အရွယ်ရောက်မှ တရားရိပ်သာ မသွားပဲ လေးဖြူလား စိုင်းစိုင်းခမ်းလှိုင်လား' လို့ ထင်ကောင်းထင်သွားပြီထင်တယ် :P ။ အဓိကသူတို့လေးတွေ ပြောချင်တာက အလုပ်နဲ့ ပတ်သက်ရင် လိုင်းစုံတဲ့ ကျမကို ဥပမာလေးနဲ့ မေးခြင်းဖြစ်ပါတယ်။ 'ဘ၀' ဆိုတဲ့ စကားလုံး နှစ်လုံးလေးရဲ့ ဆက်စပ်မှုလေးတွေဟာ ကွင်းဆက် ဂျိတ်လေးတွေလို စဉ်ဆက်မပြတ် ရှိနေတတ်တယ် တစ်ခါက ပို့စ်တစ်ပုဒ်အဖြစ် ကျမရေးခဲ့ဘူးတယ်။ ကျမ အိမ်ထောင်စပြုကတည်းက အသိုင်းနဲ့အ၀ိုင်းနဲ့လို့ ဆိုရမလား။ အကြောင်းကတော့ ကျမတို့ နှစ်ယောက်စလုံးက မိသားစုထဲမှာ မိဘတွေ အားကိုးလောက်တဲ့ သားကြီး သမီးကြီးအရိုက်အရာတွေကို ခံယူထားသူတွေဆိုတော့ နှစ်ဖက်စလုံးက မောင်နှမတွေ တစ်လှေကြီးနဲ့အတူ ချစ်စခင်စ ကြင်နာစ အိမ်ထောင်ဦးမှာ စုစုပေါင်း အင်အား ၁၁ယောက်နဲ့ ဘ၀ကိုစခဲ့တာ။ ၁၁မီးငြိမ်းတယ်လို့ အဲ့ဒီတုန်းက အတွေးဝင်ခဲ့သေးတယ်။ ခင်ပွန်းဖက်က သူနဲ့အတူ ညီမသုံးယောက်ပါလာသလို ကျမဖက်ကလည်း ကျမနဲ့အတူ မောင်နှမ နှစ်ယောက် တူ တူမ သုံးယောက်ပါလာတယ်။ ကျမအတွက် ယောက္ခမဖြစ်သူက ကူဖော်လောင်ဖက် အဖြစ် မွေးစားသမီး တစ်ယောက်ပါ ထည့်ပေးလိုက်တယ်။ သားနှစ်ယောက် မီးဖွားပြီးတဲ့အခါမှာတော့ အိမ်မှာ စုစုပေါင်း ၁၃ယောက်ပေါ့။


အဲ့ဒီနောက်ပိုင်းမှာ ညီမလေးနဲ့ တူ တူမလေးတွေ စင်္ကာပူနိုင်ငံကို ထွက်သွားကြသလို ကျမရဲ့ မောင်လေးလည်း အလုပ်လုပ်ဘို့ ထိုင်းနိုင်ငံကို ထွက်ခွာသွားခဲ့တယ်။ ဒါတောင် အိမ်မှာ ဇကာတင် ယောင်းမသုံးယောက် မွေးစားသမီးနဲ့ ကျမတို့မိသားစု စုစုပေါင်း ၈ယောက်ကျန်သေးတာ။ ၀င်ငွေက ကျမတို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ ၀င်ငွေပဲရှိတော့ ဒီမိသားစုကြီးအတွက် အဆင်ပြေစေဘို့ကို အလုပ်ချိန်ရဲ့ ပြင်ပမှာလည်း သမာအာဇီဝနဲ့ ရမယ့်ငွေဆိုရင် မညည်းမငြူစတမ်း လင်မယား နှစ်ယောက် တက်ညီလက်ညီ လုပ်ခဲ့ကြတယ်။ မိသားစုအပေါ်မှာတင်မက နှစ်ဖက်စလုံးရဲ့ ဆွေမျိုးအသိုင်းဝိုင်းနဲ့ မိတ်ဆွေ သင်္ဂဟတို့ အပေါ်မှာ တန်းတူဆက်ဆံပြီး တာဝန်ကျေတဲ့ ကျမရဲ့ ခင်ပွန်းကို တစ်နေ့တစ်ခြား ချစ်ခင်ကြင်နာမှုများနဲ့အတူ လေးစားအားကိုးလာခဲ့သလို သားနှစ်ယောက်အတွက် လမ်းပြ ကြယ်တံခွန်ဖြစ်တဲ့ သူမို့လည်း ယုံကြည်သက်ဝင်ခဲ့တာ ယနေ့ထိတိုင်ပါ။ ခိုင်မြဲတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်တဲ့အခါမှာ အရေးအကြီးဆုံး အချက်ဟာ တစ်ယောက်နဲ့ တစ်ယောက် လေးစား ချစ်ခင် ယုံကြည်မှုဟာ မဖြစ်မနေ ရှိသင့်တဲ့လိုအပ်ချက်လို့ ကျမယူဆတယ်။ စကားလမ်းကြောင်းကို ပြန်တည့်ရမယ်ဆိုရင် ကျမတို့အိမ်သား အားလုံး မိသားစု စိတ်ဓာတ်နဲ့ အလုပ်ချိန် ကျောင်းချိန်တွေရဲ့ ပြင်ပမှာ တောင်တွင်းကြီး ပဲဖိုတွေက ပဲကြမ်းအိတ်ကြီးတွေကို မှာယူပြီး အထုပ်သေးလေးတွေကို ပြန်ထုတ်ပိုးပြီး ရန်ကုန်မှာရှိတဲ့ လဘက်ဆိုင်တွေကို ဖြန့်ရင်းကနေ တိုက်ကြီး သုံးဆယ်တို့ဘက်ကနေ မှာယူလာတဲ့အထိ အဆင်ပြေခဲ့သလို ရရှိတဲ့ ၀င်ငွေဟာ မိသားစုအတွက် မရှိမရှား စားသောက်ကာ ဘ၀ရပ်တည်မှုကို ရယူနိုင်ခဲ့တယ်။ သားနှစ်ယောက်ပါ ဖြစ်ထွန်းလာချိန်မို့လည်း နို့မှုန့်ကို အပြင်မှာဝယ်ရင် ဈေးကြီးတာကြောင့် မိသားစုထဲက အချိန်ရတဲ့သူက သွားရောက်တန်းစီရင်း အခက်အခဲတွေကို ဖြေရှင်းခဲ့တယ်။ ပေါ်ပင်အလုပ်ဖြစ်တဲ့ ရတနာလုပ်ငန်းမှာလဲ အော်ဒါရှိရင် ရှိသလို အထည်ခတ်တဲ့အလုပ်၊ အင်္ကျီ ဘောင်းဘီလေးတွေလည်း အလားတူ အပ်ထည်တွေ လက်ခံပြီး စားပွဲတင် တစ်ချောင်းထိုးကအစ သိုးမွေးနှစ်ချောင်းထိုး၊ ခေါင်းအုံးစွပ်ပေါ်မှာ ပန်းပွင့်ဖော်တာကအဆုံး ၀င်ငွေရအောင် မမောမပမ်းကြိုးစား လုပ်ဆောင်ခဲ့တယ်။ ဒီကြားထဲ ဆနွင်းမကင်း ကျောက်ကျော အော်ဒါရှိလည်း ထလုပ်လိုက်သေး။ ဒီလိုအခြေအနေလေးတွေကို သားတွေကြီးပြင်းလာတဲ့အခါမှာ အလျဉ်းသင့်ရင် သင့်သလို ပြောပြပေမယ့် တန်ပြန်မေးခွန်းမျိုး မရှိပဲ ပြောပြတိုင်းနားထောင်ပြီး ခေါင်းညိမ့်လေ့ရှိခဲ့တယ်။ ပုံပြင်မဟုတ်တဲ့ လက်တွေ့ဘ၀ရဲ့ ရုန်းကန်လှုပ်ရှားမှုဟာ အပြောလွယ်သလောက် အတည်တကျဖြစ်ဘို့ ခက်ခဲပါတယ်။ နှစ်ပေါင်းများစွာ အလုပ်ပေါင်းစုံကို မြေစမ်းခရမ်းပျိုးရင်း ဖြတ်သန်းလာချိန်မှာ အသစ် အသစ်သော အလုပ်တွေကို မိသားစုအတွက် အကျိုးရှိမယ်ဆိုရင် လင်မယားနှစ်ယောက်စလုံး မဆိုင်းမတွ လုပ်ကိုင်ခဲ့ကြတယ်။ ဘ၀လမ်းခရီးကို တစ်လှမ်းချင်း လျှောက်လှမ်း ခဲ့ကြရင်း ယောင်းမလေးတွေလည်း ဘွဲ့တွေရ အိမ်ထောင်တွေကျနဲ့ တည်ငြိမ်တဲ့ အခြေနေ တစ်ရပ်ကို ရောက်ရှိလာခဲ့တယ်။

သားတို့ပြောတဲ့ Rap ဖြစ်စေ Rock ဖြစ်စေ တစ်ခုတည်းကိုသာ စိုက်စိုက်ငိုက်ငိုက် လုပ်ခဲ့လို့ ကိုယ်နဲ့ အကျိုးမပေးရင် ကုန်ဆုံးသွားခဲ့တဲ့ နှမြောစရာ အချိန်တွေအတွက် နောင်တရနေမှာ အသေအချာပါ။ အဆင်သင့်ရင် သင့်သလို ဟိုလိုလို သည်လိုလို မတွေဝေပဲ ဟိုစပ်စပ် သည်စပ်စပ် လုပ်ခြင်းရဲ့ နောက်ဆုံးရလဒ်ကတော့ ကိုယ်နဲ့အကျိုးပေးပြီး အံဝင်ဂွင်ကျ ဖြစ်တဲ့ အလုပ်တစ်ခုဟာ ပေါ်လာစမြဲပါ။ ဖြစ်ချိန်တန်ရင် ရှောင်လွဲလို့ မရအောင် ဖြစ်ပေါ်လာမှာ ဖြစ်သလို ပျက်ချိန်တန်ရင်လည်း ရှောင်ပုန်းလို့ မရပဲ ပျက်စီးရမှာ သဘာဝတရားပါ။ ဒါပေမယ့် တစ်ခုသတိထားရမှာကတော့ 'ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး' ဆိုတာပါ။ Rap ရော Rock ပါ အလွတ်မပေးတဲ့ ကျမရဲ့ လောလောဆယ် အခြေအနေကတော့ ဘ၀ကို ပျော်ရွှင်စွာနဲ့ တည့်တည့် မတ်မတ် လျှောက်နိုင်အောင် ကြိုးစားနေဆဲပါ။ မိမိရဲ့ ဘ၀မှာ အလုပ်ပေါင်းများစွာကို လုပ်ကိုင်ရင်း အောင်မြင်မှုရရှိခဲ့သူ အများစုထဲက ၁၈၉၀ ခုနှစ်မှာမွေးဖွားပြီး ၁၉၈၀ခုနှစ် အသက်(၉၀)နှစ်မှာ ကွယ်လွန်ခဲ့သူ KFC ပိုင်ရှင် Colonel Harland Sanders ဆိုသူဟာ ကျမလေးစား အားကျမိတဲ့ သူတွေထဲက တစ်ဦးဖြစ်ပါတယ်။ နှစ်ပေါင်းသုံးဆယ်ကျော် အဆင်ပြေမယ်ထင်တဲ့ အလုပ်လေးတွေ လုပ်ကိုင်ရင်း အခုတော့ ဒီလိုအလုပ်ကလေးတွေ လုပ်နေတယ် ကြုံရင် အားပေးကြအုံးနော်း)

Customers လာအောင် အဲဒီလိုမျှော်လင့်ချက်လေးတွေပေးတယ် 

အစတုန်းကတော့ ဒီလောက်နဲ့စခဲ့တာ

တစ်စစနဲ့ နှစ်လကြာရှည်လာတော့လည်း..း)

ဗျူးတီးဆလွန်းလေးနဲ့ဆိုတော့ ကိုယ်တိုင်ခေါင်းဆေးဆိုးလို့ရသလို
လျှော်ဘို့အတွက်လည်း အဆင်ပြေသွားတယ်း)

အင်တာနက်လေးချိတ်ထားတော့ သားငယ်၊ မောင်နှမတွေနဲ့ စကားပြောရင် အခမဲ့ပြောလို့ရတယ်
ကော်ပီလည်းကူးလို့ရသလို

Fax လည်းပို့လို့ရတယ်

အိုးမကွာ အိမ်မကွာနဲ့ အိမ်တွင်းမှုလုပ်ငန်းလေး လည်ပတ်ရင်း တစ်ခါတစ်လေတော့လည်း ခရီးထွက်တယ်း)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz