x

1.6.13

မွမ်းကြပ်မှုရဲ့ထွက်ပေါက်


ညနေ ၅နာရီ၁၀မိနစ် အချိန်မှာတော့ နေ့စဉ်ပုံမှန်အတိုင်း ချည်မျှင်ဌာန၊ ယက္ကန်းဌာန၊ ဆေးဆိုးဌာန၊ ဘွိုင်လာနဲ့ လျှပ်စစ်ဌာန အသီးသီးမှာ တာဝန်ကိုယ်စီ ထမ်းဆောင်နေကြတဲ့ ကျမတို့ အင်ဂျင်နီယာအဖွဲ့ သူငယ်ချင်းများ တစ်နေ့တာ လုပ်ငန်းတာဝန်တွေ ပြီးဆုံးသွားပြီမို့ တောင်းအေ့စ် အပြာရောင် ဖယ်ရီကားလေးရဲ့ ယာဉ်မောင်း ဦးဝင်းတစ်ယောက် ဆောင်ရွက်နေကျ တာဝန်အတိုင်း ကျမတို့အဖွဲ့ကို ခေါ်ဆောင်ကာ သမိုင်း ချည်မျှင်နဲ့အထည် စက်ရုံကနေ အင်းစိန် လမ်းမကြီးအတိုင်း စတင် မောင်းနှင်လာပါတယ်။ နာရီဝက်ခန့် အကြာမှာ ပထမဦးဆုံး ဆင်းရန်ပွိုင့်ဖြစ်တဲ့ ကျမနေထိုင်ရာ ဒဂုံမြို့နယ် ဦးဝိစာရ အိမ်ရာစခန်းဆီကို ရောက်လာပါတယ်။ ဖယ်ရီကားပေါ်မှာ ပါလာခဲ့ကြသူ လုပ်ဖော် ကိုင်ဖက် ၅-ဦးတို့ဟာ တစ်လှေထဲစီးပြီး တစ်ခရီးထဲ သွားနေကြသူများဖြစ်သလို တစ်ခုတည်းသော ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ အရည်အသွေးနဲ့ အရေအတွက် ပြည့်မီပြီး သတ်မှန်ချိန်အတွင်း ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဘို့ ဆိုတဲ့ တူညီတဲ့ ခံယူချက်ကို လက်ကိုင်ထားကြသူများ ဆိုရင်လည်း မမှားပါဘူး။ တစ်နေ့ တစ်နေ့ အလုပ်ခွင် ၀ဲဂယက်ထဲမှာ တစ်ဝဲလည်လည် နေ့တဓူဝ လည်ပတ်နေရတဲ့ ကျမတို့ တစ်တွေအဘို့ လုပ်ငန်းခွင်မှာ အချိန်များများ ပေးထားရတာမို့ မိသားစုတစ်စုလို အချင်းချင်း စက်ရုံနဲ့ ပတ်သက်သမျှ အလုပ်ကအစ ကိုယ်ရေးကိုယ်တာ အဆုံး တရင်းတနှီး ချစ်ချစ်ခင်ခင် တိုင်ပင်နှီးနှောကြလေ့ ရှိပါတယ်။ ဖယ်ရီကားလေးဟာ ကျမရဲ့ အိမ်ကို ဆိုက်ရောက်ပြီလို့ သိလိုက်ရတဲ့ အချိန်တိုင်း အေးချမ်းတဲ့ ချစ်စံအိမ်လေးရဲ့ အရိပ်အာဝါသနဲ့ အတူ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှု အားလုံးဟာ တမဟုတ်ခြင်း ပျောက်ပြယ်သွားလေ့ ရှိပါတယ်။ တစ်နည်းအားဖြင့်တော့ တစ်နေ့တာ မွမ်းကြပ်နေတဲ့ အချိန်လေးအတွက် မွမ်းကြပ်မှုရဲ့ ထွက်ပေါက်လေးတစ်ခု ရမှန်းမသိ ရနေခြင်းပေါ့။

မူကြိုဘ၀ကနေ အထက်တန်းကျောင်းသား ဘ၀အထိ တစ်နေ့ တစ်နေ့ ကျောင်းစာတွေကြားမှာ လုံးချာလိုက်နေရတဲ့ ကျမရဲ့ သားနှစ်ယောက်အတွက် အလယ်တန်း ရောက်လာချိန်မှာတော့ ခေတ်နဲ့အညီ ကလေး အတော်များများ ကစားလေ့ရှိပြီး သူတို့လေးတွေရဲ့ အသက်အရွယ်လေးတွေနဲ့ လိုက်ဖက်မဲ့ ဂိမ်းလေးတွေကို အချိန်ပိုတွေမှာ ကစားနိုင်ဘို့ လစာထုတ်အပြီး ရုံးပိတ်ရက်တိုင်းမှာ ၀ယ်ပေးလေ့ ရှိပါတယ်။ စားချိန် အိပ်ချိန် စာကြည့်ချိန်နဲ့ စိတ်ရဲ့ ထွက်ပေါက် ပျော်ရွှင်မှုလေးတွေကို သူ့အချိန်နဲ့သူ အံဝင်ဂွင်ကျအောင် အချိန်ဇယားလေးနဲ့ သားနှစ်ယောက်ကို ရှင်သန်စေခဲ့ပါတယ်။ လူသားတိုင်းမှာ ခေါင်းစဉ်မတူတဲ့ မွမ်းကြပ်မှုတွေ ရှိကြသလို ခံစားရတဲ့ မွမ်းကြပ်မှုကို လျော့ပါးသွားစေမည့် ထွက်ပေါက်လေးတွေလည်း ကိုယ်စီ ရှာကြသင့်တယ်လို့ ထင်မြင်ယူဆမိတယ်။ သားတွေကို ငယ်စဉ်အချိန်ထဲက ကျမနေရာတိုင်း အလို မလိုက်ခဲ့ပါဘူး သူတို့လေးတွေရဲ့ နူးညံ့တဲ့စိတ်ကလေးတွေ ဒဏ်ရာရစေလောက်တဲ့ အထိလောက်လဲ စည်းကမ်းပိုင်း တင်းကြပ်မှုကို မလုပ်ခဲ့သလို အမှားလုပ်တဲ့အခါမှာတော့ အမှားလုပ်ထားမှန်း ကိုယ်တိုင် သိအောင် ဆူသင့်ဆူ ရိုက်သင့်ရိုက် ဆုံးမခဲ့ဘူးတယ်။ ဒီနေရာမှာ လူတစ်ယောက် စရိုက်တစ်မျိုးဆိုသလို သားနှစ်ယောက်ရဲ့ အကင်းပါးမှု လိမ္မာပါးနပ်မှု ကွာခြားကြပါတယ်။ သားကြီးက သားငယ်လောက် အရိပ်အကဲ မသိခဲ့တာကြောင့် အသက် ၅နှစ်မှာ တစ်ကြိမ်၊ အသက် ၇-နှစ်မှာ တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ကျမ ရိုက်ခဲ့ဘူးတယ်။ ရိုက်တဲ့အခါမှာလည်း ကြုံတဲ့နေရာကို မလိုဒေါသနဲ့ ရိုက်တာမဟုတ်ပဲ အိမ်သားတွေ အားလုံးရဲ့ မျက်ကွယ်ရာ အိပ်ခန်းထဲကို ခေါ်ကာ သူ့ရဲ့အမှားကို မီးမောင်းထိုးပြပြီးမှသာ ခြေသလုံးကို ရိုက်ခြင်းပါ။ ညဖက်မှာတော့ သူကြိုက်တဲ့ မုန့်တစ်မျိုးကို လုပ်ကျွေးပြီး အရိုက်ခံခဲ့ရလို့ ခံစားနေရတဲ့ စိတ်မွမ်းကြပ်မှုရဲ့ ထွက်ပေါက်ကို မသိမသာပေးခဲ့တယ်။

သားကြီးအသက် ၅-နှစ်မှာ အိမ်နဲ့ ကပ်ရက်က သစ်ပင်တွေအပေါ် မတက်ရဘူးလို့ ပြောထားတဲ့ကြားက အမေ မမြင်လောက်ဘူး ထင်ပြီး မိဘတွေ အလစ်မှာ သစ်ပင် ခိုးတက်လိုက်တဲ့ လုပ်ရပ်၊ တစ်ခါ အသက် ၇-နှစ်မှာ မိဘရဲ့ ခွင့်ပြုချက်ယူပြီး သူငယ်ချင်း အုပ်စုနဲ့ ပြည်သူ့ဥယာဉ်ကစားကွင်းကို သွားခဲ့ပါတယ်။ မသွားခင်မှာ ထိခိုက် အန္တရာယ်ဖြစ်စေမဲ့ အကြောင်းရပ်လေးတွေ ရှောင်နိုင်အောင် မှာကြားလိုက်ပြီး ရေကို လုံးဝမကူးရဘူးလို့ တင်းတင်းကြပ်ကြပ် မှာလိုက်တဲ့ကြားက သူငယ်ချင်းတွေ ရေကူးကြတာ အားကျပြီး ရေဆင်း ကစားတဲ့ ကိစ္စ။ ဖြစ်ချင်တော့ အဲ့ဒီနေ့က ကျမလဲ သူငယ်ချင်းကားနဲ့ ပြန်လာမယ်ဆိုတဲ့ သားကြီးကို အချိန်ပိုလေး ရတာကြောင့် ကိုယ်တိုင်ပဲ သွားကြိုလိုက်တယ်။ အဲ့ဒီအချိန်မှာ ကျမ မြင်လိုက်ရတဲ့ မြင်ကွင်းက ရေကန်ထဲမှာ ပျော်ရွှင် မြူးတူးစွာနဲ့ ရေကစားနေတဲ့ သားကြီးကို သူငယ်ချင်းတွေ အရှေ့မှာတော့ အေးအေးဆေးဆေးပဲ 'သား ပြန်ကြမယ်' လို့ခေါ်လာခဲ့ပြီး အိမ်ရောက်တော့ သူ့အမှားကို သူကိုယ်တိုင် နားလည် သဘောပေါက်ပြီး ၀န်ခံစေကာ ခြေသလုံးကို ရိုက်ခဲ့ရပြန်တယ်။ ကျမရဲ့ ခံယူချက်ကတော့ ဒီလိုအချိန်မှာ တစ်ကြိမ်လောက် ခွင့်လွှတ်လိုက်ရင် ပြောစကား နားမထောင်လဲ ရတာပဲလို့ မှားယွင်းတဲ့ အသိစိတ် သူတို့ရဲ့ နုနယ်တဲ့ ဦးဏှောက်ထဲကို ထိုးဖောက် ၀င်ရောက် နေရာယူ သွားရင် နောက်တစ်ကြိမ် အပြစ်ကျူးလွန်ဘို့ ၀န်မလေးတော့တဲ့ စိတ်ကို ခံယူသွားလိမ့်မယ်လို့ ထင်မြင်ယူခဲ့တာမို့ အလိုမလိုက်ခြင်းပါ။ သားသမီးကို မချစ်တဲ့ မိဘဆိုတာ မရှိပါဘူး။ ချွင်းချက်အနေနဲ့ အခြေအနေ အကြောင်းအရပ်တို့အပေါ် မူတည်ပြီး မျက်နှာလွှဲခဲပစ် လုပ်ရတဲ့ မိဘများအနေနဲ့ သားသမီးတို့ရဲ့ အထင်လွဲမှုကို ရင်နာနာနဲ့ ခံရခြင်းသာဖြစ်တယ်လို့ ကျမယုံကြည်တယ်။ သားကြီးရဲ့ တစ်သက်တာမှာ အဲ့ဒီနှစ်ကြိမ် အရိုက်ခံရမှုရဲ့ ရလာဒ်ကတော့ တစ်လျှောက်လုံး မိဘအပေါ် ရိုသေလေးစား နွံကျိုးခဲ့ပါတယ်။ ညနေဖက်မှာ အမေရိုက်ထားလို့ စိတ်မကောင်းဖြစ်နေတဲ့ သားကြီးရဲ့ စိတ်မွမ်းကြပ်မှု ထွက်ပေါက်ရစေဘို့ သူနှစ်သက်တဲ့ စစ်သားရုပ် သေနပ်လေးတွေနဲ့ တင့်ခ်ကားလေးတွေပါတဲ့ အရုပ်တစ်ထုပ် လဟာပြင်ဈေးကနေ ၀ယ်ပြီး လက်ဆောင်ပေးခဲ့တယ်။ နောက်တစ်နေ့မှာလဲ သူ့အစ်မ၀မ်းကွဲတွေ အိမ်ခေါ်ပြီး ကစားစေခဲ့တယ်။
သားကြီး ၅-နှစ် သားငယ် ၇-လ
သားကြီး ၇-နှစ် သားငယ် ၂-နှစ်ခွဲ အစ်မ၀မ်းကွဲတွေနဲ့ အမှတ်တရ


သားငယ်ကျပြန်တော့ မိဘရဲ့ မျက်နှာရိပ် မျက်နှာကဲကို အသက်နဲ့ မလိုက်အောင် အကဲခတ်တတ်ပြန်တယ်။ ဖခင်ဖြစ်သူ အလုပ်ကပြန်လာလို့ နွမ်းနယ် ပင်ပမ်းလာတာမြင်ရင် အနားကို မကပ်တော့ပဲ ခပ်ရှောင်ရှောင် နေတတ်သလို လန်းလန်းဆန်းဆန်း ပြုံးပြုံးရွှင်ရွှင်နဲ့ အလုပ်က ပြန်လာတာမြင်တဲ့ အချိန်ဆိုရင် ပြေးဖက် ပေါင်ပေါ်တက်ထိုင် လုပ်လေ့ရှိတယ်။ နောက်တစ်ချက်က ငယ်ငယ်ထဲက သစ်ပင်တက်ရမှာ ရေကူးရမှာ ပုံမှန်ထက် ထူးခြားပြီးလုပ်ရမဲ့ အလုပ်မှန်သမျှကို လုပ်ရမှာ ကြောက်တတ်သူ ပီပီ တစ်ကြိမ်တစ်ခါမှ အရိုက်မခံခဲ့ရပါဘူး။ စရိုက်မတူ တမူစီကွဲပြားကြပေမယ့် တူညီတဲ့ အချက် တစ်ချက်ကတော့ နှစ်ယောက်စလုံး ကျောင်းစာသင်နေတဲ့ အရွယ်မှာ အိမ်စာမပြီးရင် အိပ်မပျော်တတ်တဲ့ အကျင့်ကောင်းလေးကတော့ ညီအစ်ကိုတွေ တူညီကြတယ်။ သူတို့နှစ်ယောက်ရဲ့ ကျောင်းသားဘ၀ တစ်လျှောက်လုံး စာမကျက်လို့ စိတ်ပူရတယ်ဆိုတာ တစ်ကြိမ်တစ်ခါမှ ကျမ မခံစားခဲ့ဖူးပါဘူး။ ညီအစ်ကို နှစ်ယောက်စလုံးကို မူကြိုဘ၀ကနေ တက္ကသိုလ် ရောက်သွားတဲ့အထိ မိသားစု တစ်ယောက်လို စေတနာ အပြည့်အ၀နဲ့ အနီးကပ် သင်ကြားပို့ချပေးခဲ့တဲ့ ဆရာမ ဒေါ်နီလာလွင်ကိုလည်း ကျမအမြဲတန်း ကျေးဇူးတင်နေပါတယ်။ ကျောင်းစာဖက်မှာသာ လုံးပမ်းနေကြပြီး စိတ်ပင်ပန်းမှုမျိုး မဖြစ်စေဘို့အတွက် ငယ်စဉ်ထဲက စိတ်ထွက်ပေါက် အဖြစ် အပေါ်မှာ ကျမရေးခဲ့သလို သူတို့လေးတွေ အတွက် ဖန်တီးလုပ်ဆောင်ပေးမှုဟာ အချိန်တန် အရွယ်ရောက်လာတဲ့အခါမှာ မှန်ကန်တဲ့ ထွက်ပေါက်လေးတွေကို ကိုယ်စီ ရှာတတ် ကျင့်သုံးလာတတ်ကြပါတယ်။

ဒီနေရာမှာ စကားလေးကြုံတုန်း ကျမထည့်ပြောချင်တဲ့ အကြောင်းအရပ်လေး တစ်ခုကတော့ သားသမီးတိုင်းကို ချစ်တဲ့မိဘတိုင်းမှာလဲ အုပ်ချုပ်ပုံလေးတွေ ကွဲလွဲကြပါတယ်။ ကျမတို့ မိခင်နေရာ ယူထားသူတွေအတွက် သားသမီးကို ဘယ်လိုလိမ္မာအောင် ထိန်းသိမ်းနိုင်တယ်ေ ပြောပြော တိုးတက်လာတဲ့ ခေတ်ရေစီးကြောင်း ပြောင်းလဲမှုအပေါ်မှာ ကောင်းကျိုး ဆိုးကျိုးတွေ ဒွန်တွဲနေတာမို့ သမီးမမွေးခဲ့တဲ့ ကျမအဖို့ သားတွေကို အသက် ၁၅-နှစ်အထိသာ အနီးကပ် ထိန်းသိမ်း စောင့်ရှောက်နိုင်မယ်လို့ ထင်မြင်ခဲ့တယ်။ မိခင်ဆိုတာ ရင်ခွင်ပိုက်ဘ၀ထဲက ကိုယ့်မျက်နှာကို လက်နှစ်လုံးခန့်ရှိတဲ့ သူတို့လေးတွေရဲ့ ခြေဖ၀ါးလေးတွေနဲ့ ကန်ကြောက်တာကို ခံခဲ့ရသလို မျက်နှာကို ကုတ်ခြစ် ရိုက်နှက်တာကိုလည်း ကျေနပ်စွာနဲ့ အပြုံးမပျက် ခံခဲ့ရပြန်တယ်။ သူတို့ရဲ့ လက်ဆုပ် သေးသေးလေးတွေနဲ့ ကျမတို့ရဲ့ နွယ်ကျနေတဲ့ ဆံနွယ်တွေကို ဖမ်းဆုပ် ဆောင့်ဆွဲတဲ့ အခါမှာလဲ မိခင်တိုင်း ကြည်နူးနေကြမယ် ထင်ပါတယ်။ အသက် ၇-လ ကျော် လူငုတ်တုပ် သွားငုပ်တုပ်အချိန် နို့ချို တိုက်ကျွေးနေစဉ် သွားဖုံးယားလို့ သွားယားလို့ မိခင်ရဲ့ နို့ကို ကိုက်ထားတဲ့ အခါလည်း နာကျင်ပေမယ့် မိခင်တစ်ယောက်မို့ ဟန်မပျက် တောင့်ခံခဲ့ကြရပြန်တယ်။ အဖက်ဖက်မှာ ဘယ်လို အနွံတာခံ အလိုလိုက်အုံးတော့ လူပျိုပေါက်အရွယ်မှာတော့ ဖခင်ရဲ့ သွန်သင်ဆုံးမ လမ်းကောင်းပြမှုဟာ သားတွေပြောဆိုသမျှ ယုံလွယ်တဲ့ မိခင်ထက်တော့ သာလွန်တယ်ဆိုတာကို ကျမလက်ခံယုံကြည်တာနဲ့အမျှ ဖခင်ကို လက်လွှဲပေးခဲ့ပါတယ်။ ဖခင်ရဲ့သွန်သင်မှု အောက်မှာ အရွယ်ရောက်လာခဲ့ကြတဲ့ သားနှစ်ယောက်ရဲ့ လိမ္မာရေးခြားရှိမှု အတွက်လည်း ကျေးဇူးရှင် ခင်ပွန်းကို အမြဲတန်း ကျေးဇူးတင်နေမိတယ်။

အသက်ငယ်စဉ်ကပင် ဂိမ်းကစားခြင်းကို အားသန်ခဲ့တဲ့ သားတို့ဟာ အချိန်ပိုတွေမှာ ဂိမ်းကစားခဲ့ကြပါတယ်။ ကျမရဲ့ သူငယ်ချင်းအချို့က ကျမကို သားနှစ်ယောက် တစ်ကြိမ်တစ်ခါမှ ရန်မဖြစ်ခဲ့တာ ဘယ်လို ထိန်းသိမ်းခဲ့လဲလို့ မေးကြသလို ကျမက သူတို့လေးတွေကို 'စာကျက်ပါ' လို့ တစ်ကြိမ် တစ်ခါမှ မပြောခဲ့ရပါပဲ အချိန်မှန်မှန် အဆင့်မြင့်မြင့် စာမေးပွဲ အောင်လေ့ရှိတဲ့ သားတွေကို ဘယ်လို ထိန်းသိမ်းခဲ့လဲလို့ မေးကြတယ်။ ဒါပေမယ့် ကျမမှာ အဖြေမရှိခဲ့ဘူး ဘာဖြစ်လို့ ဆိုတဲ့ အဖြေကို ကျမတစ်ခါမှ မပေးနိုင်ခဲ့သလို ဘယ်လိုအဖြေပေးရမယ် ဆိုတာလဲ မစဉ်းစားတတ်ခဲ့ဘူး။ ကျမ စဉ်းစားမိတဲ့ အချက် တစ်ချက်ကတော့ ငယ်ရွယ်တဲ့ အချိန်ကထဲက ဒီကနေ့အထိ ကျမ လုပ်သင့်တယ် ထင်တဲ့အရာကို လုပ်စေပြီး မလုပ်သင့်ဘူးလို့ထင်တဲ့ အရာတွေကို ရှောင်စေခဲ့ပါတယ်။ ဒီနေရာမှာ ဂိမ်းကစားတိုင်းလဲ လူငယ်တွေရဲ့ စိတ်တွေကို ပျက်စီးစေခြင်း မဟုတ်ပါဘူး။ အချိန်အခါ နေရာဒေသနဲ့ အကြောင်းအရာတို့အပေါ် မူတည်ပြီး လူငယ် လူရွယ် အတော်များများ ဂိမ်းကစားတာဟာ စတိုင်တစ်ခုလိုဖြစ်နေပါတယ်။ ခေတ်ရေစီးကြောင်းမှာ မိဘများအနေနဲ့ ဂိမ်းကစားနေတဲ့ သားသမီးများကို ပိတ်ပင် တားမြစ်မယ်ဆိုရင်လဲ ခိုင်လုံတဲ့ အထောက်အထား အချက်အလက်တို့နဲ့ ပြသမှသာ ကိုယ့်စကား အောင်မြင်နိုင်မှာပါ။ အခုလို ထည့်ပြောရခြင်းဟာ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနဲ့အတူ ယှဉ်တွဲပြောင်းလဲနေတဲ့ လူငယ်တို့ရဲ့ စိတ်ဓာတ် တွေးတောကြံဆမှု ခံယူချက် သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်တို့ဟာ ပြောင်းလဲနေတာကြောင့် မိဘနဲ့ သားသမီးအကြား ၀ိရောဓိအသွင် မဆောင်စေရန် စေတနာထားပြီး အကြံပေးချင်းသက်သက်ပါ။ တစ်ခါတစ်လေ မိဘဖြစ်သူပြောတာကို လက်မခံတဲ့အခါ စိတ်မကောင်း ဖြစ်သွားမဲ့အစား အော်.. သူတို့လေးတွေရဲ့ စိတ်ကျဉ်းကြပ်မှု မွမ်းကြပ်မှုရဲ့ ထွက်ပေါက်တစ်ခု သူတို့လုပ်ဆောင်နေတာပါလားလို့ နားလည်ပေးလိုက်ရင် မိဘနဲ့သားသမီး နှစ်ဦးနှစ်ဖက် စိတ်အေးချမ်းမှုကို ရရှိစေမှာအမှန်ပါ။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz