x

29.7.13

စုဆောင်းရိက္ခာ သိမ်းထုပ်သေချာ


အချိန်တွေလဲ ဖြစ်ပျက်နဲ့အတူ ပြောင်းလဲနေခဲ့တာကြာပေါ့ ဒီကနေ့တော့ စောစောစီးစီး ဖေ့ဘုတ်ကို ခပ်စိမ်းစိမ်း သံယောဇဉ်ဖြတ်ရင်း ဘလော့ဘက်ကို ကူးခဲ့တယ်။ ဘလော့မှာ တက်လာသမျှ ပို့စ်တိုင်းကိုဖတ်ဘို့ ပျက်ကွက်တာလဲ အကြိမ်ကြိမ်။ ကိုယ့်ကိုယ်ကို သတိပြုမိနေပါရက်နဲ့ ခက်တာက နေ့တိုင်းလိုလို စိတ်ကသာရောက်ပြီး လက်တွေ့မှာ ဖြစ်မလာတာပါပဲ။ တင်ဘို့ရာ စုထားတဲ့ ကုန်ကြမ်းတွေလည်း မှိုတက်နေပြီလေ။ အကြောင်းအရာ တစ်ခုခုကို ရတာနဲ့ ချက်ခြင်းလက်ငင်း တင်မယ်လို့ ကြံရွယ်လိုက်တဲ့ အတွေးလေးဟာ ခေါင်းစဉ်မတူတဲ့ အလုပ်တွေကြားမှာ နစ်မွန်းပျောက်ကွယ်သွားလေ့ ရှိနေသလို တင်မဲ့ပို့စ်လေး မတင်ဖြစ်ပဲ တစ်ရက် နှစ်ရက် သုံး လေးရက်တို့ကို ကူးသွားပြန်တော့ အရှိန်သေသွားပြီး ပို့စ်ကိုတင်ဘို့ မုကမ၀င်ပြန်။ ဒီလိုနဲ့ ဂျာအေး သူ့အမေရိုက်ရင်း အခုဆိုရင် ပို့စ်မတင်ဖြစ်တာ နှစ်လနီးပါး ကြာခဲ့ပါပြီ။

ဒီကနေ့တော့ မဖြစ်မနေ တင်ရမဲ့ ပို့စ်လေးအတွက် ကုန်ကြမ်းရခဲ့တယ်။ ၀ါတွင်းကာလ ရောက်လာပြီဆိုတော့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားတဲ့ ၀ါဆိုသင်္ကန်းကပ်လှူခြင်းကို စုပေါင်းဖြစ်စေ တသီးပုဂ္ဂလဖြစ်စေ နည်းအမျိုးမျိုးနဲ့ ကပ်လှူတတ်ကြသလို ကျမတို့ မိသားစုလဲ ၂၈.၇.၂၀၁၃ (တနင်္ဂနွေ) နေ့မှာ ပဒေသာပင် မြို့တော်အတွင်းမှာ ရှိတဲ့ ချမ်းမြေ့ပဒေသာပင်ကျောင်းက ဆရာတော်နဲ့ သံဃာတော်များကို နေအိမ်သို့ အာရုဏ်ဆွမ်း ပင့်ဖိတ်ပြီး ၀ါဆိုသင်္ကန်း ကပ်လှူတဲ့ အလှူလေးကို အထမြောက်စေခဲ့ပါတယ်။ ပို့စ်ကိုရှည်ရှည်ရေးဘို့ အချိန်မရတာကြောင့် ဓာတ်ပုံလေးတွေနဲ့သာ စာဖတ်သူတို့ ကြည်နူးစွာ သာဓု ခေါ်ဆိုနိုင်စေဘို့ မျှဝေပေးလိုက်ပါတယ်နော်။ အလှူပေးအလှူခံ ရုပ်နဲ့နာမ် လှူနေတာက ရုပ်အစု မမြဲအနိစ္စ။ 


ဘုရား အနေကဇာတင်
မိသားစု ဦးလေး အဒေါ်တို့နဲ့အတူ တရားနာ
ဝါဆိုသင်္ကန်းလှူတန်းရခြင်း အကျိုးတရားနာ
ဝါဆိုသင်္ကန်းများကပ်လှူ
သားတို့က ဆေးလှူတန်း
မိသားစုမှ ဆွမ်းဆန်စိမ်းနဲ့ဆီ န၀ကမ္မ၀တ္ထုလှူ
လှူတန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှဝေ
အုန်းနို့ခေါက်ဆွဲ နို့ခေါက်ဆွဲ  အာရုံဆွမ်းကပ်

အချိုပွဲကပ်လှူ
ချစ်သောအဒေါ်များ
မိသားစု (သားငယ်ကအဝေးရောက်နေ)

ဝိပဿနာခြံရံပြီးလှူ
၁။ အလှူဒါန ပြုကုန်ကြ ဉာဏစဉ်ကွပ်ကဲ။
၂။ ဉာဏ်မကွပ်လျှင် တဏှာဝင် ရလျှင်ဒုက္ခပဲ။
၃။ ပဋိသန္ဓေ အိုနာသေ ထွေထွေ လွန်ဆင်းရဲ။
၎။ အလှူမတတ် မမြင့်မြတ် ရှုံးဖတ်တင်မည့်ပွဲ။
၅။ လှူဆဲချိန်ခါ ကိုယ့်ခန္ဓာ ဉာဏ်ဝါစူးစိုက်စွဲ။
၆။ ကိုက်ခဲယားယံ ကျင်နာပြန် ဒုက္ခံဖြစ်စ
၇။ ခန္ဓာပြကွက် ဒုက္ခစက် ဖြစ်ပျက် ရှု့ဉာဏ်တွဲ။
၈။ ဒုက္ခဉာဏ်မြင် လွတ်ကင်းချင် စိတ်စဉ်ပြောင်းကာလွှဲ။
၉။ ဒုက္ခလွှတ်ကြောင်း ဉာဏ်ချင့်လောင်း၊ လွန်ကောင်းမြတ်လှူပွဲ။
အဂုင်္တ္တရ အဌက မိန့်ဟရှင်တော်မြတ်။
ရှစ်ခုမြောက်လာ ဒါနသာ ကောင်းစွာပြုလုပ်အပ်။
သမထ ၀ိပဿနာ ခြံရံကာ လှူတာမြတ်ဆုံးမှတ်။
အလှူတတ်မှ သံသရ ဒုက္ခတိုမည်မှတ်။
(ဇယမင်္ဂလာ မှတ်စုပဒေသာကဏ္ဍ ကဗျာလေး)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။
မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz