x

20.8.13

အတိတ်ရဲ့ခြေရာ


လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်လောက်က ကျမရဲ့လက်အောက်မှာ အလုပ်အတူတူ လုပ်ခဲ့တဲ့ တပည့်လေး တစ်ယောက်ဆီက ဖုန်းဝင်လာတယ်။ 'အစ်မရေ ထွန်းဦးဆုံးသွားပြီ' တဲ့။ ကျမရဲ့ အတွေးတွေဟာ အတိတ်ဆီကိုဦးတည်နေသလို တဖြုတ်ဖြုတ်ကြွေသွားကြတဲ့ တပည့်လေးတွေရဲ့ မျက်နှာလေးတွေ တစ်ဦးချင်းဆီကို ပုံဖော်နေမိတယ်။ တစ်ဆက်တည်းမှာလဲ ကျမရဲ့ ဘလော့ပေါ်မှာတင်ထားတဲ့ သံဝေဂ စာကြောင်းလေးကို အမှတ်မထင်သတိရလိုက်တယ်။
တစ်နေကွယ် သေနယ်သို့ တစ်ခါကူး
မေ့လျော့ကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အခါများရင်ဖြင့်
သေရွာကွယ် တကယ်သွားပါလိမ့် တားမရဘူး။
ခန့်မှန်းလို့မရတဲ့ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ကျမတို့တစ်တွေအားလုံး အချစ် အမုန်းစတဲ့ ရစ်တွယ်နေသမျှ သံယောဇဉ်အားလုံးကို ဥပက္ခောပြုပြီး ထားခဲ့ရမှာက လွန်ဆန်လို့မရတဲ့ သဘာဝတရားပါ။ တိုတောင်းလွန်းလှတဲ့ လူ့ဘ၀ကြီးအတွင်းမှာ ဖြစ်တောင့်ဖြစ်ခဲ လူရယ်လို့ဖြစ်လာတဲ့ အချိန်တို အတောအတွင်းမှာ ထိန်းသိမ်းရ အခက်အခဲဆုံးသော ဒေါသ လောဘ မာန်မာနတရားများကို အသိနဲ့ယှဉ်ပြီး ခ၀ါချခြင်းသည်လည်း မင်္ဂလာပါတစ်ပါးပါပဲ။
အမှတ်(၁) စက်မှုဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ချည်မျှင်နှင့်အထည်စက်ရုံ(သမိုင်း) [ယခု တပ်မတော် ချည်မျှင်နှင့်အထည်စက်ရုံ(သမိုင်း)] ကနေ တပ်မတော် မိုးရေကာဖျင်စက်ရုံကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဘို့ ကျမအတွက် ရုံးမိန့်ထွက်ပြီးတဲ့နောက် ရက်ပိုင်းအတွင်း စက်ရုံသစ်ကို ရောက်ခဲ့သလို စက်ရုံမှူးရဲ့ တာဝန်ပေးချက်အရ ခါးပတ်ဌာနကို တာဝန်ယူအုပ်ချုပ်ရပါတယ်။ ခါးပတ်ဌာနအကြောင်း တစ်စေ့တစ်စောင်း လေ့လာလိုက်တဲ့အခါမှာ စက်ရုံမှာရှိတဲ့ အရာရှိများ ဥပက္ခောပြုထားတဲ့ ဌာနဖြစ်ပြီး စက်ပြင်အဖွဲ့မှာ စက်ပြင်ခေါင်းစဉ် မနိုင်လို့ လက်လွှတ်ထားရတဲ့ လူဆိုးလေးတွေ ရှိတာကြောင့် ထိန်းမနိုင်သိမ်းမနိုင်ဌာနရယ်လို့ သိခဲ့ရတယ်။ သေသေချာချာ စီစစ်လိုက်တော့ လူအင်အား ၃၀၀ကျော်မှာ ၁၀%လောက်သာ လူပေလူတေလေးတွေ ပါနေတာကို တွေ့ရပါတယ်။ စက်ရုံမှူးရဲ့ စကားနိဒါန်းမှာလဲ ကျမကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းနိုင်ဘို့ အကြိုစကားဦး သန်းခဲ့စဉ်ထဲက ကိုယ့်ကိုယ်ကို အသင့်အနေအထား ပြင်ထားခဲ့တယ်။ သားကြီး ၈-နှစ် သားငယ် ၄-နှစ်အသက်အရွယ် သားနှစ်ယောက်ထက် ခါးပတ်ဌာနက စက်ပြင် လူဆိုးတပည့်လေးတွေကို ပိုပြီးဂရုစိုက် အချိန်ပေးခဲ့ရတယ်။ စစ်သည်တော်တွေအတွက် ချပ်ဝတ်တန်ဆာပလာ အပြင် ဘွဲ့ထူးဂုဏ်တံဆိပ်တွေကို ကာလဒေသအလိုက် ထုတ်လုပ်ရတဲ့ ဌာနဖြစ်တာကြောင့်လဲ ကျမကိုယ်တိုင် စက်ရုံမှာပဲ ကိုယ်ပိုင်ချိန် များများပေးထားခဲ့ရတယ်။ အရာရှိအင်အား နည်းပြီး ညဂျူတီအလှည့်ကျ တာဝန်ယူရတာကြောင့်လည်း ၁၀ရက်တစ်ခါလောက် စက်ရုံမှာ ညအိပ်ရပြန်တယ်။ သားတွေကို မိခင်ရဲ့ စောင့်ရှောက်မှုထက် ပိုပြီးဂရုတစိုက် နွေးထွေးမှုပေးပြီး စောင့်ရှောက်တဲ့ ခင်ပွန်းနဲ့ ယောင်းမလေးတွေကိုလဲ ကျေးဇူးတင်မိတာ အခါခါ။ လုပ်ငန်း သဘောသဘာဝ တူညီတာကြောင့်လဲ ခင်ပွန်းသည်က ကျမအပေါ် အပြည့်အ၀ နားလည်မှုပေးထားပါတယ်။


ခါးပတ်ဌာနကို ပထမဆုံးစ၀င်တဲ့နေ့မှာပဲ ဌာနရှိ ၀န်ထမ်းအားလုံးကို နားချိန်မှာ စုခိုင်းစေပြီး ကျမကိုယ်ကျမ မိတ်ဆက်ရင်း ၁၅ မိနစ်ခန့် နှုတ်ဆက်စကားချွေခဲ့တယ်။ စကားပြောရာမှာလဲ ဌာနမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲများကို ဖြေရှင်းဘို့ကိုသာ ဦးစားပေးတဲ့ စကားလုံးများကို ရွေးချယ်သုံးနှုံးခဲ့ပြီး မိမိဖြစ်ချင်တဲ့ ဆန္ဒ လိုလားချက်တို့ကို အရိတ်အမြွက်လောက်သာ ဟခဲ့ပါတယ်။ စကားပြောလို့ အပြီးမှာတော့ လုပ်ငန်းခွင်ရဲ့ ညာဘက်ထောင့်မှာရှိတဲ့ ကျမထိုင်ရမဲ့ ၁၅ပေ ပတ်လည် ရုံးခမ်းလေးထဲကို ခြေဦးလှည့်ခဲ့တယ်။ ခါးပတ်ဌာန လက်အောက်မှာရှိတဲ့ ချည်ငင်ဌာနစိတ်မှ အစပြုပြီး ကုန်ချောဌာနစိတ်အထိ လုပ်ငန်းအဆင့်ဆင့်ကို စာရင်းအင်းလုပ်သူ ရုံးအဖွဲ့ ၄ဦးရဲ့ အကူအညီကို ရယူပြီး ဌာနအတွက် ထုတ်လုပ်ရန် ရည်မှန်းချက် အမှန်တကယ်ထုတ်ကုန်ကအစ အလေအလွင့်အဆုံး အသေးစိတ် လေ့လာ မှတ်သားခဲ့တယ်။ ခါးပတ်ဌာနဟာ ကြည်း ရေ လေ စစ်သည်တော်များအတွက် ချပ်ဝတ်တန်ဆာပလာ ထုတ်လုပ်တဲ့ ဌာနကြီးဖြစ်တဲ့အပြင် အဖွဲ့အစည်း အသီးသီးအတွက် ဘွဲ့ထူးဆောင် ဂုဏ်ထူးဆောင် တံဆိပ်အမျိုးမျိုးကို ထုတ်လုပ်ရတဲ့ ဌာနလဲဖြစ်တာကြောင့် အရေအတွက်သာမက အရည်အသွေးကိုပါ ရည်မှန်းချက်အတိုင်း ပြည့်မီဘို့ အားထည့်ရတဲ့ ဌာနကြီးတစ်ခု ဆိုရင်လည်း မမှားပါဘူး။ ကျမအနေနဲ့ စာရင်းဇယားပိုင်းအပြင် ထုတ်ကုန်များ ထုတ်လုပ်နေတဲ့ ချည်ငင်ဌာန ချည်ပေါင်းဌာန ချည်ရစ်ဌာန ခါးပတ်ကြီးထုတ်စက် သိုင်းကြိုးများထုတ်စက် ကျောပိုးအိတ် ရေဗူးအိတ်များ ချုပ်စက်နဲ့ ကြယ်သီးဖေါက်စက် ရိုက်စက် ကုန်ချောထုတ်ပိုး အဆင့်အထိ (Web equipments process) လုပ်ငန်းအဆင့်ဆင့်ရဲ့ စက်ပိုင်းဆိုင်ရာအားလုံးကို စိတ်ဝင်တစား လေ့လာပြီးချိန်မှာတော့ ဆိုးသွမ်းတယ်လို့ နာမည်ကြီးနေတဲ့ တပည့်ကျော်အချို့ကို ချဉ်းကပ်နိုင်မဲ့ နည်းလမ်းတွေကို ရှာဖွေခဲ့ပါတယ်။ နေ့စဉ် မနက် နေ့လည် ညနေပိုင်း စက်ထဲကို လှည့်လည် စစ်ဆေးတိုင်း သူတို့အဖွဲ့နဲ့ စကားမရှိ စကားရှာပြီး ဟိုဟိုသည်သည် ပြောရင်း တစ်ဦးချင်းရဲ့ အားသာချက် အားနည်းချက်ကို လေ့လာခဲ့သလို တစ်ခါတစ်ရံ ရယ်စရာမောစရာတွေကို ကြားညှပ်ပြောဆိုရင်း အချိန်ကြာလာတာနဲ့အမျှ သူတို့ အဖွဲ့နဲ့ စတင်ရင်းနှီးမှုကို ရလာတယ်။ ညနေပိုင်း အချိန်ပိုလေးတွေမှာ  တပည့်ကျော်တွေနဲ့အတူ စက်ရုံနားမှာရှိတဲ့ လဘက်ရည်ဆိုင်ထိ လိုက်သောက်ရင်း အလာပသလာပ ပြောတာမျိုးအထိ ကျမအပေါ် ခင်မင်လာကြတယ်။ စက်ရုံမှာရှိတဲ့ အချို့အရာရှိများက ကျမကို လမ်းသရဲ အရာရှိလို့တောင် နောက်ပြောင် ခေါ်ဆိုတဲ့အထိပါ။

ကံကောင်းတယ်လို့ ဆိုရလေမလား။ မထင်မှတ်ပဲ ကျမတာဝန်ယူထားတဲ့ ခါးပတ်ဌာနကို ဂျပန်နည်းပညာရှင်ရဲ့ အကူအညီကို ရယူပြီး ( Web equipments , new one line process ) အဖြစ် နောက်ထပ် လိုင်းသစ်တစ်ခု တိုးချဲ့စေဘို့ အခြေအနေက ဖန်လာပါတယ်။ တစ်နည်းအားဖြင့် ခါးပတ်ဌာန (၂) ဖြစ်ပေါ်လာခဲ့ခြင်းပါ။ ကျမလည်း ရရှိတဲ့ အခွင့်အရေးကို လက်လွတ်မခံပဲ ခါးပတ်ဌာနဟောင်းမှာ နာမည်ကြီးနေတဲ့ စက်ပြင် တပည့်ကျော် အကျော်အမော်တွေကို ရွေးထုတ်ပြီး လိုင်းသစ်တိုးချဲ့တဲ့အပိုင်းကို စက်သစ်များ တပ်ဆင်မှုမှာ ကျမနဲ့အတူ လုပ်ငန်းများ လုပ်ကိုင်ဘို့ထည့်သွင်း တာဝန်ပေးခဲ့တယ်။ စက်သစ်တွေ တပ်ဆင်ရတဲ့ ၆-လတာ ကာလ တစ်လျှောက်လုံးဟာ ကျမတို့အတွက် အားလပ်ချိန် မရှိသလောက်ဖြစ်သလို အပင်ပန်းဆုံး အချိန်ကာလများလဲ ဖြစ်ခဲ့ပါတယ်။ ညနေတိုင်း သူတို့အတွက် မုန့်တစ်မျိုးမျိုးဖြစ်စေ ပေါင်မုန့်ဖြစ်စေ စားစရာ တစ်ခုခုကို ကျွေးပြီး အအေးများ ဖျော်တိုက်ရင်း ပင်ပန်းနွမ်းနယ်မှုများကို အားသစ်လောင်းစေခဲ့တယ်။ အချိန်ကြာလာတာနဲ့ အမျှ တစ်ဦးချင်းရဲ့ ကိုယ်ပိုင် အရည်အချင်းလေးတွေကို မြင်တွေ့ရသလို မိသားစု အိမ်တွင်းပြဿနာများ ခေါင်းစဉ်မတူတဲ့ အခက်အခဲ ပေါင်းစုံကိုလဲ တစတစ သိလာရတဲ့နောက်ပိုင်း ကျမကိုယ်တိုင်လဲ သူတို့လေးတွေ အပေါ်ကို ခင်မင်သံယောဇဉ်ဖြစ်ခဲ့တယ်။ အခြားဌာနများပင် အံ့သြလောက်အောင် သူတို့လေးတွေရဲ့ စိတ်ထားတွေဟာ မထင်မှတ်လောက်အောင် တစ်နေ့တစ်ခြား နူးညံ့ပြောင်းလဲလာတာကို တွေ့ရတယ်။ အဖွဲ့လိုက် ဆိုးတဲ့သတင်းဟာလဲ မကြာခင်မှာ လုံးဝ ပျောက်ကွယ်သွားတာနဲ့ အညီ စည်းစည်းလုံးလုံး ရှိပြီး ပျော်စရာကောင်းတဲ့ ခါးပါတ်ဌာန(၁+၂) မိသားစုအသွင်ကို ဖေါ်ဆောင်ခဲ့ပါတယ်။ ကျမ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၆-နှစ်တာကာလဟာ ကျမအတွက် မေ့မရနိုင်တဲ့ ပုံရိပ်လေးတွေ အဖြစ် ခြေရာကျန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ခါးပတ်ဌာနကို ဘယ်သူ တစ်ဦးတစ်ယောက်ကမျှ လူဆိုးဌာနလို့ သတ်မှတ်ခြင်း သမုတ်ခြင်း မပြုတော့တာကြောင့် ကြည်နူးမှုများနဲ့အတူ ကျမ ခေါင်းမော့နိုင်ခဲ့ပါတယ်။ ကြုံတွေ့ခဲ့ရတဲ့ ဒီအကြောင်းအရာလေးတွေကို ပြန်လည်တွေးပြီး သုံးသပ်ရရင်ဖြင့် ကျောသားရင်သား မခွဲခြားတဲ့ စစ်မှန်တဲ့ မေတ္တာဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတယ်လို့ ကျမယူဆမိတယ်။ ဗုဒ္ဓအခါတော် ရက်တွေမှာလဲ စည်းလုံးလှတဲ့ ခါးပတ်ဌာနကြီးဟာ သိုက်သိုက်ဝန်းဝန်း အလှူလေးတွေ ထည့်ဝင်ပြီး အလှူဒါနလေးတွေ လုပ်တတ်သလို ဌာန၀န်ထမ်းတွေ စုပေါင်းပြီး စက်ရုံအရာရှိများကို ကန်တော့တဲ့ အလေ့ကျင့်ကောင်းလေး လုပ်လာတာကို မြင်ရပါတယ်။ မှတ်မှတ်ရရ တရုတ်ပြည်ကနေ ဗုဒ္ဓစွယ်တော် ကြွလာစဉ်မှာ ကျမတို့စက်ရုံ အလှည့်ကျ ၀တ်ရွတ်ရမယ့်နေ့မှာ သူတို့တစ်တွေရဲ့ အကူအညီ အများကြီးကို ကျမတို့ ၀တ်အသင်းက ရယူခဲ့ရသလို စက်ရုံခွဲ အနေနဲ့ မိတ္ထီလာကို တာဝန်ပေးရတဲ့ အချိန်အခါမှာလဲ သူတို့တွေကိုပဲ ကျမအားကိုးခဲ့ရတယ်။

 သင်္ကြန်အကြို ရုံးအဖွဲ့များနဲ့ အမှတ်တရ
တစ်ချိန်က လူဆိုးလေးများ ဌာနအတွက် ကြာဇံချက် ချက်နေကြပုံ အေးချို(အလယ်) အမှတ်ရ
(ဓာတ်ပုံတွေက အတော်လေးဝါးနေပြီမို့ ဒီတစ်ပုံပဲတင်ဖြစ်ပါတယ်)
ကျမသာ သူတို့လေးတွေကို အရေးတယူ ဆက်ဆံခြင်း မပြုခဲ့ဘူးဆိုရင် ဘိုနေမြဲ ကျားနေမြဲ ဆက်လက် ဆိုးသွမ်းနေဆဲ ဖြစ်မယ်လို့ ထင်မိတယ်။ ကျမသာ သူတို့လေးတွေနဲ့ ရင်းရင်းနှီးနှီး မနေခဲ့ဘူးဆိုရင် သူတို့တွေ မဟုတ်မမှန် လုပ်ဘို့ကြံရွယ်တိုင်း ကျမမျက်နှာကို ထောက်မယ် မထင်ပါ။ အကယ်၍သာ ကျမသာ သူတို့အပေါ် အပြစ်ချည်းပဲ အမြဲမြင်နေမယ်ဆိုရင် သူတို့လေးတွေ ကျမကို အရွဲ့တိုက်ပြီးရင်း တိုက်ရင်း အခုလို ပြောင်းလဲလာတဲ့ အခြေအနေမျိုး ရှိလာမယ်မထင်ပါ။ အကျိုးဆက်ဖြစ်မဲ့ နောင်တမလွန်ကို ကူးသွားတဲ့တိုင် စိတ်ထားဖြူဖြူသန့်သန့်နဲ့ မျက်စိမှိတ်နိုင်ကြပါ့မလား။ ကျမရဲ့ တစ်ချိန်က တပည့်လေးတွေ အေးချမ်းစွာနဲ့ ကောင်းရာဘုံဘ၀ အသီးသီးမှာ ရောက်နေကြတယ်လို့ ကျမယုံကြည်မိပါတယ်။
(ကွယ်လွန်သွားသူများ - မောင်အေးချို မောင်ကျော်စိုးဝင်း မောင်အောင်သက်ဦး မောင်ထွန်းဦးတို့ ကောင်းရာဘုံဘ၀ရောက်ပါစေ)


ကျမရဲ့ ပုံတူ မောင်အေးချိုရဲ့ ပန်းချီလက်ဆောင်အမှတ်တရ

တန်ဆာအစစ်

လက်၏ တန်ဆာသည် ပေးကမ်းစွန့်ကြဲခြင်း
နား၏ တန်ဆာသည် တရားဓမ္မကြားနာခြင်း
ကိုယ်၏တန်ဆာသည် မေတ္တာကရုဏာဖြင့် သူတပါးအကျိုး ဆောင်ရွက်ခြင်းသာ
(သပြေကန်)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz