x

16.11.13

မှတ်မှတ်ရရ တဂ်ပို့စ်များ


မသက်ဝေရဲ့ ဖိနပ်လေးတစ်ရံ၊ နောက်တစ်ပုဒ်က အိတ်မှောက်ဖါသွန် နှစ်ဆယ့်ခွန်၊ တစ်ခါ မောင်ရန်အောင်ရဲ့ ဘလော့ဒေးအမှတ်တရ အစရှိတဲ့ တဂ်ပို့စ်လေးတွေကို ရေးဘို့ ဆက်တိုက်ပျက်ကွက်ခဲ့တယ်။ ဒီထက်မကပိုလို့ ဆိုးတာကတော့ ဖုန်းလေးသုံးပြီး ဘလော့ကိုအလည်သွားလို့ မရတဲ့နေရာကို ရောက်ခဲ့တာမို့ လစ်ဟင်းမှုတွေ အများကြီးရှိနေခဲ့ပြန်တယ်။ ဘယ်လိုရှင်းပြရင် ကောင်းမလဲလို့ အကြောင်းပြချက်တွေသာ ချပြီး ရေးပြရမယ်ဆိုရင်လည်း ပို့စ်တစ်ပုဒ် ရှိသွားနိုင်ပါတယ် ရန်ကုန်ကို မကြာခဏ ပြန်ရောက်တဲ့ ၃-၄-၅ ရက်မှာလဲ အလုပ်ကြွေးတွေ ဆပ်ရင်းသာ အချိန်တွေ ကုန်လွန်စမြဲ။ အချိန်တွေ ကြာမြင့်သွားတဲ့အတွက် တဂ်ပို့လေးတွေ အစချီပြီး ပြန်ရေးမယ် ကြံပေမယ့်လဲ ဘယ်ကစလို့ ရေးရမယ် လမ်းစကရှာမတွေ့ပြန်။

စကားမစပ် မသက်ရဲ့ တဂ်ပို့စ်လေးနှစ်ပုဒ်က ဖိနပ်နဲ့ ဆလင်းဘက်ဆိုလို့ ဈေးဝယ်ထွက်တိုင်း ကျမ အင်္ကျီစ လုံချည်စကို ၀ယ်လေ့မရှိပေမယ့် ဖိနပ်နဲ့ ဆလင်းဘက်ကိုတော့ စိတ်ကြိုက်ရှာဝယ်လေ့ရှိခဲ့တယ်။ ဖိနပ်လေး တစ်ရံနဲ့ ပတ်သက်ပြီး ကိုယ်တွေ့အဖြစ်မှန်လေးတစ်ခု လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျမရဲ့ခင်ပွန်း နယ်ကနေ အလုပ်ကိစ္စနဲ့ ရန်ကုန်ကို ရောက်လာတော့ ကျမအတွက် နီညိုရောင် ကတ္တီပါဖိနပ်ပါးလေး တစ်ရံ ၀ယ်လာပေးတယ်။ ကျမက အရပ်သာမြင့်တယ် ဖိနပ်ဝယ်စီးတိုင်း လက္မ၀က်လောက်ရှိတဲ့ ဒေါက်မြင့်လေးပါမှ သဘောကျ ၀ယ်စီးလေ့ရှိသူပါ။ မိန်းမအတွက် တကူးတက ၀ယ်လာပေးတဲ့ ကတ္တီပါ ဖိနပ်လေးကိုတော့ ကျမ နှစ်သက်စွာနဲ့ မြတ်မြတ်နိုးနိုး စီးဖြစ်ခဲ့တယ်။ ခင်ပွန်းဖြစ်သူ ရန်ကုန်ကို ရောက်လာတိုင်း လင်မယားနှစ်ယောက် ရွှေတိဂုံဘုရားကို အမြဲလိုလို သွားရောက်ဖူးနေကျ။ အဲ့ဒီတစ်ခေါက်တော့ မြို့လယ်ခေါင်မှာရှိတဲ့ ဆူးလေဘုရားကို သွားရောက်ဖူးမြှော်ဘို့ ရွေးချယ်ခဲ့ကြတယ်။ ကတ္တီပါဖိနပ်လေး ချစီးတဲ့ သုံးရက်မြောက်မှာ။ ဆူးလေဘုရားရောက်တော့ မြောက်ဘက်မုဒ်ဦးကနေ ဘုရားကပ်လှူဘို့ ပန်းစုံနဲ့သပြေကိုဝယ်နေစဉ်မှာ ဆိုင်ရှင်က ဖိနပ်လေးတွေ ထားခဲ့လို့ရတယ်နော် ခုန်အောက်မှာထားလိုက်ဆိုလို့ နှစ်ယောက်သား ကတ္တီပါ ဖိနပ်လေးတွေ ကိုယ်စီချွတ်ပြီး ဆိုင်ရှင်ညွှန်ပြတဲ့ ကုလားထိုင်အောက်မှာထားခဲ့ကြတယ်။ တစ်နာရီခန့်လောက် အကြာ ဘုရားဖူးပြီး အပြန်မှာ ကျမတို့နှစ်ယောက်စလုံးရဲ့ ဖိနပ်တွေ မရှိတော့ဘူး။ ဆိုင်ရှင်ကိုမေးတော့လဲ အမှတ်တမဲ့မို့ ဘယ်သူယူသွားတယ်ဆိုတာ မသိလိုက်ဘူးတဲ့။ ဒီတော့ လင်မယားနှစ်ယောက် ဖိနပ်မပါပဲ ကားလမ်းကူးပြီး ဘုရားနဲ့ အနီးစပ်ဆုံးမှာ ရှိတဲ့ဖိနပ်ဆိုင်မှာ အဆင်ပြေသလို ၀ယ်စီးပြီး အိမ်ပြန်ခဲ့ကြတယ်။ ကျမရဲ့ ဖြတ်သန်းခဲ့တဲ့ ကာလတစ်လျှောက်မှာ ပျောက်ဆုံးသွားတဲ့ ပစ္စည်းတွေကို ကိုယ်နဲ့ မထိုက်လို့ ပျောက်တာလို့ပဲ ယူဆစမြဲပါ။ ထူးထူးခြားခြား အဲ့ဒီနေ့ကတော့ ခင်ပွန်းဖြစ်သူ ၀ယ်ပေးတဲ့ ဖိနပ်လေးမို့ ထင်ပါရဲ့ စိတ်မကောင်းဖြစ်ခဲ့မိတယ်။ နောက်ဆုံးတော့လဲ မထိုက်လို့ထွက်သွားတယ်လို့ပဲ စိတ်ဖြေလိုက်ပါတယ်။ ရှားရှားပါးပါး ဖူးရခဲပေခြင်း မြို့လည်ခေါင်က ဆူးလေဘုရားမှာ ပျောက်ခဲ့တဲ့ ဖိနပ်လေးတစ်ရံကို မမေ့နိုင်တဲ့ အမှတ်တရလေးမို့ တဂ်ပို့စ်လေးအဖြစ် ရေးလိုက်ခြင်းဖြစ်ပါတယ်။ 

 ကတ္တီပါဖိနပ်လေးပျောက်သွားလို့ ပြစရာမရှိတော့ပါ :)

မသက်ဝေရဲ့ အိတ်မှောက်ဖာသွန် နှစ်ဆယ့်ခွန် တဂ်ပို့စ်လေးကိုလဲ အရှိန်လေးရလာပြီမို့ တခါတည်း ရေးတင်ချင်ပါသေးတယ်။ သြဂုတ်လ နှစ်ဆယ့်ခွန်အစား နိုဝင်ဘာလ တစ်ဆယ့်ခြောက်မှာ အိတ်သွန်ဖာမှောက် တင်လိုက်ပြီနော်… :P ကျမအသုံးပြုခဲ့သမျှ ဆလင်းဘက် အိတ်တိုင်းလိုလို ဆိုဒ်ကြီးကြီးသုံးတာကို နှစ်သက် သဘောကျတဲ့အတွက် ပစ္စည်းအတော်များများ ထည့်လေ့ရှိခဲ့တယ်။  ကျမငယ်ငယ်ထဲက ဘာဝယ်ဝယ် စာရင်းမှတ်တဲ့အကျင့်ရှိသလို ၀ယ်ပြီးပြီးချင်း ရတဲ့ဘောက်ချာ စာရွက်တွေကို ဆလင်းဘက်ထဲထည့်ကာ တစ်ပတ်တစ်ခါ စာရင်းရှင်းတမ်း လုပ်လေ့ရှိခဲ့တယ်။ စာရင်းကတော့ အမြဲပြည့်စုံနေလေ့ ရှိခဲ့ပေမယ့် လက်ထဲမှာ လက်ကျန်ငွေက မရှိသလောက် အမြဲဘိုင်ပြတ်တတ်ပါ့တယ် :P ။ အိမ်ထောင်ပြုပြီးတဲ့အခါမှာ ခင်ပွန်းဖြစ်သူက ကိုယ့်ထက် အဆပေါင်းများစွာ စည်းစံနစ်ကြီးသူမို့ အရင်လို စာရင်းကို တစ်ပတ်တစ်ခါ စုထားလို့ မရတော့ပါ။ နေ့စဉ် ၀ယ်ခြမ်းတဲ့ ဈေးဘိုးကအစ စာရင်းမှတ်တမ်း ရေးရသလို အခါအားလျှော်စွာ အစစ်ဆေး ခံရပါတယ်။ စီးတဲ့ရေ ဆည်တဲ့ကန်သင်းဖြစ်အောင် ကျမကိုကူညီတယ်လို့ပဲ ယူဆခဲ့တယ်လေ။ အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်းမှာ ကျမရဲ့ ဆလင်းဘက်ကို သွန်မှောက်လိုက်ရင် မြင်ရမဲ့ ပစ္စည်းတွေကတော့ ပုံမှာပြထားတဲ့အတိုင်း အတော်လေး စုံစုံလင်လင် ထည့်ဖြစ်လာတယ်။ သွားရင်းလာရင်း လိုတတ်တာလေးတွေ လွယ်လွယ်ကူကူ ရစေဘို့ ရည်ရွယ်ပြီး တစ်စတစ်စ စုံလာခြင်းပါ။ ပိုက်ဆံအိတ်အသေး တစ်လုံး၊ ဘုရားပုံတော် ကရင်ပတ်ဖ် နှုတ်ခမ်းနီဗူး (ဆောင်းတွင်းနှုတ်ခမ်းခြောက်လို့ ဆိုးဖို့ပါ) သော့တွဲ မီးခြစ် မယ်မိုရီစတစ် ဘောပဲန် နီ နက် နှစ်ချောင်း၊ ပေကြိုး ကပ်ကျေး လက်သည်းညှပ် ခေါင်းကိုက်ပျောက်ဆေး ရှူဆေးဗူး အပူလိမ်းဆေး တစ်သျှူးထုပ် ဖုန်းဘက်ထရီအပို အကြွေစေ့ (ဖုန်း top up လုပ်ရင် ခဲခြစ်ဖို့ ) ရွှေမိုးငွေမိုးကြဲတုန်းက ကောက်ထားတဲ့ ငွေစက္ကူ (ဟဲန်ဖုန်းနဲ့ ကင်မရာ အပြင်ရောက်နေလို့ ကျန်ခဲ့တယ် :P ) လူတစ်ယောက် စိတ်ကူးတစ်မျိုးပေါ့နော်။ မသက်ရေ အိတ်သွန်ပြီးသွားပါပြီ :)



မောင်ရန်အောင်ရဲ့ ဘလော့ဒေးအမှတ်တရကိုတော့ နောက်နှစ်ကျမှ ရေးတော့မယ်လို့ စိတ်ကူးမိခဲ့ပေမယ့် မနက်ဖြန်အတွက်တောင် မသေချာ မရေရာပဲ ပြောင်းလဲမြန်တဲ့ ဖြစ်ပျက်သဘာဝ တရားတွေကြောင့် တစ်လက်စထဲ ရေးဖြစ်သွားပြန်တယ်။ ဘလော့ဒေးအမှတ်တရလေးကို ရှုထောင့်အမျိုးမျိုးကနေ ခံစားချက် အဖုံဖုံနဲ့ ရေးသားထားတဲ့ ဘလော့ဂါများရဲ့ ပို့စ်များစွာကို ဖတ်ခဲ့ရပြီး ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ခဲ့မိတယ်။ ဘလော့ဂ်ဒေးလေးဟာ ဘလော့ဂါတွေအတွက် ခိုင်မာတဲ့ အုတ်မြစ်တစ်ချပ်ကို မ တည်ပေးလိုက်တယ်လို့ ယူဆမိတယ်။ နကိုယ်ထဲက ဘလော့ဂါတွေအပေါ် သံယောဇဉ်ရှိပြီး အနီးကပ် မြင်တွေ့ချင်တဲ့စိတ်ကြောင့် ကျမအတွက် အခွင့်အရေးပေါ်လာတိုင်း ဆုံအောင်ကြိုးစားပြီး မှတ်တမ်းလေးတွေ ထားခဲ့တယ်။ ဒီပို့စ်ကို ရေးနေတဲ့ကာလအထိ ကျမအပြင်မှာ ရင်းနှီးခင်မင်စွာ တွေ့မြင်ဘူးသွားပြီဖြစ်တဲ့ ဘလော့ဂါ ၁၁၃ယောက်ကို ၂၀၁၃ ခုနှစ် ဘလော့ဒေးမှာ အမှတ်တရ ဖော်ညွှန်းခြင်းဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ ကျမကို ရှောင်ပုန်းနေတဲ့ ဘလော့ဂါ တစ်ချို့ကိုလဲ စည်းရုံးပြီး ရအောင်တွေ့ဘို့ သံဓိဌာန်ချထားပါတယ် :D ။ ဘလော့ဂါများ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်ရင်းနှီးမှုရဲ့ အကြားမှာ ဘယ်လို ကြားခံတံတိုင်းမှ ကာစီးလို့မရသလို ကျမတွေ့ဆုံခဲ့ရတဲ့ ဘလော့ဂါများ အချင်းချင်း ဟန်ဆောင်မှုကင်းတဲ့ ရိုးသားပွင့်လမ်းခြင်းများနဲ့သာ ရင်းနှီး ချစ်ခင်နေကြသူများ အဖြစ်တွေ့မြင်ခဲ့ပါတယ်။ အခုတော့ တဂ်ပို့စ်လေးတွေနဲ့ အိပ်မောကျနေတဲ့ 'အန်တီတင့်၏ အမှတ်တရလေးများ' ဘလော့လေးကို ပြန်လည်နိုးထစေခဲ့ပါပြီ။ တဂ်ပို့စ်ရေးဘို့ တိုက်တွန်းသူများကို ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပါရစေ။ ဘလော့ဂါမှတ်တမ်းလေးတွေက-

ဘလော့ဂါတွေထဲမှာ အရင်ဆုံးမြင်ဘူးတာ ညီမရွှေစင်ပါ

သဒ္ဓါက အစောပိုင်းမှာ ဆုံဖြစ်ပေမယ့်  နံပါတ်ပေးတာ နောက်ကျသွားတယ် :P


ဒီလို ဒီလို အမှတ်တရလေးတွေလဲ ရေးခိုင်းခဲ့တယ် ဒါက အမြီးသဘောပါ :)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz