x

5.12.13

ဇဝေဇ၀ါ


♪♪♫♪ ♫ ♪ ♫ ♪♫ သိသလိုမသိသလိုပါပဲ ပန်ဆင်သူမရှိလဲ အချိန်တန်ရင် ပန်းကတော့ ပွင့်နေမှာပဲ..… အပိုတွေကို မဆိုတတ်ဘူး သာမာန်လူတစ်ယောက်မို့လေ …တကယ်ပါမေရယ် ကိုယ်ကတော့ ချစ်တာတစ်ခုထဲသိတယ် ♪♪♫♪….. စိုင်းထီးဆိုင်ရဲ့ သီချင်းလေး ရေဒီယိုလေလှိုင်းထဲကနေတဆင့် ကျမရဲ့ နားထဲကို ပျံဝဲလို့လာနေချိန် ကျမရဲ့ ခေါင်းထဲမှာ ပို့စ်တစ်ပုဒ်အတွက် အတွေးလေးတစ်ခု ကပ်ညိလာခဲ့တယ်။ တစ်ချို့ ကိစ္စကြီးငယ်တို့ကို ကျမတို့တစ်တွေ တိတိကျကျသိတာမျိုး ရှိသလို တစ်ခါတစ်ရံ မတင်မကျ ဇဝေဇ၀ါ သိတာမျိုးလဲ ရှိစမြဲပါ။ နေရာတိုင်းမှာ အင်မတန် တိကျလှပါတဲ့ဆိုတဲ့ သူတွေအနေနဲ့လဲ ပြီးပြည်စုံအောင် မှန်ဘို့မလွယ်ကူဘူးလို့ ထင်မိတယ်။ အကြောင်းအရာလေး တစ်ခုကို မတင်မကျဖြစ်နေတဲ့ အွန်လိုင်းက စာဖတ်မိတ်ဆွေလေးတစ်ဦးနဲ့ ဆွေးနွေးရာကနေ အခုလို ပို့စ်လေးတစ်ပုဒ် ဖြစ်လာတယ်ဆိုရင်လဲ မမှားပါဘူး။
ရံဖန်ရံခါ အချိန်များများ အားတဲ့အခါမျိုးမှာ ကျမရဲ့ အဒေါ်တွေနဲ့အတူ တရားစခန်း ၀င်တတ်ပါတယ်။ အဒေါ်တွေက အများအားဖြင့် အောင်ဆန်း မိုးကုတ်ဝိပဿနာနဲ့ လောလောဆယ်မှာတော့ ရွှေမြင့်မိုရ် မိုးကုတ်ဝိပဿနာ တောင်ဥက္ကလာမှာ အ၀င်များပါတယ်။ တတ်နိုင်ရင်တော့ အဒေါ်တွေဝင်တိုင်း လိုက်ဝင်ချင်ပေမယ့် လောကီအရေး အရှုပ်အထွေး ကြိုးစတွေကို ဖြည်နေရတာနဲ့ အကြိမ်အတော်များများ ၀င်ခွင့်မကြုံဖြစ်နေပြန်တယ်။ ဘယ်လိုအခြေအနေဖြစ်ဖြစ် သံသရာအတွက် ရိက္ခာတော့ ကိုယ်တိုင် စုဆောင်းမှဖြစ်မှာမို့ ကြိုးစားရပေအုံးမယ်။ ကျမလဲ ဘာသာရေးနဲ့ပတ်သက်ပြီး အတွင်းနက်နက် သိတာမဟုတ်ပေမယ့် ကိုယ်လျှောက်နေတဲ့လမ်း တတ်နိုင်သမျှ မတိမ်းမစောင်း လှမ်းနိုင်အောင် ထိန်းသိမ်းပြီး လျှောက်လှမ်းနေမြဲပါ။ အွန်လိုင်းက စာဖတ်မိတ်ဆွေလေးနဲ့ ဆွေးနွေးခဲ့တဲ့အကြောင်းအရာက ပုထုဇဉ်လူသားတိုင်း တစ်ဘ၀စာအတွက် ပိုင်ဆိုင်တယ်လို့ မှတ်ယူထားကြတဲ့ ရုပ် နာမ် ခန္ဓာအကြောင်းပါ။ ဘာသာရေးအကြောင်း ဆွေးနွေးတာထင်ပြီး ဆက်မဖတ်ပဲ မနေကြနဲ့နော် ပါးပါးလေးပြောမှာပါး)

ရုပ် နာမ်ရယ်လို့ ပြောလိုက်တာနဲ့ အများစု သိပြီးသားဖြစ်ပေမယ့် အတွေးနက်သွားတဲ့ တစ်ချို့ကျတော့ ရုပ် နာမ်နှစ်ပါး ခန္ဓာငါးပါးကို ပေါင်းလိုက်ကြပြီး ၇ပါးလို့ အထင်လွဲသွားတတ်ကြတယ်။ အဲ့ဒီအကြောင်းအရာလေးကို တိုတိုနဲ့လိုရင်းလေး ရှင်းပြချင်တာပါ။ သံဃာတော်များနဲ့ ဘာသာရေးလိုက်စားကြသူများအနေနဲ့ ကျမရဲ့ ရှင်းလင်းချက်လေး လိုအပ်နေရင် ဒါမှမဟုတ် သွေဖီ ကွဲလွဲနေရင် အပြုသဘောနဲ့ ပြင်ဆင်ပြီး ဖြည့်စွက်ပေးကြပါလို့ ကြိုတင် စကားဦးသန်းထား ပါရစေနော်။ ရုပ် နာမ် နှစ်ပါး ခန္ဓာငါးပါးနဲ့ပတ်သက်ပြီး ကျမ လေ့လာဘူးသလောက် ပြောရရင်တော့ ရုပ်တရားနာမ်တရားများနဲ့ ဖွဲ့တည်ထားတဲ့ ခန္ဓာငါးပါး အရှုခံတရားများပင် ဖြစ်ပါတယ်။
၁။ ဖောက်ပြန်မှု သဘောတရားအစု = ရူပက္ခန္ဓာ (ရုပ်)
၂။ ကောင်း-မကောင်း ခံစားမှု သဘောတရားအစု = ဝေဒနာက္ခန္ဓာ (ဝေဒနာစေတသိက်)
၃။ မှတ်သားမှု သဘောတရားအစု = သညာက္ခန္ဓာ (သညာစေတသိက်)
၎။ ပြုပြင်မှု သဘောတရားအစု = စေတသိက်
၅။ သိမှု သဘောတရားအစု = ၀ိညာဏက္ခန္ဓာ (စိတ်)
"ဖောက်ပြန် - ခံစား - မှတ်သား - ပြုပြင် - သိဝိညာဉ် ငါးအင်ခန္ဓာမှတ်"
နာမ်နှင့်ရုပ်
လှူချင်တာက နာမ်၊ လှူတဲ့ဟန်ကရုပ်
သူမဟုတ် ငါမဟုတ်၊ လှူရာမှာ နာမ်နဲ့ရုပ်
နာမ်ရုပ် နှစ်သင်း အမြင်ရှင်း၊ လှူရင်း အလုပ်လုပ်၊
လှူရင်း ဒိဌိဖြုတ် (သမထ)
အလှူပေး အလှူခံ ရုပ်နှင့်နာမ် ဧကန် အနိစ္စ။
အလှူပေး အလှူခံ ရုပ်နှင့်နာမ် ဧကန် ဒုက္ခ။
အလှူပေး အလှူခံ ရုပ်နှင့်နာမ် ဧကန် အနတ္တ။
(၀ိပဿနာခြံရံခြင်း)
ရုပ် နာမ် ခန္ဓာ
ဤကိုယ်ကာယ တလံမျှ၌
နှစ်ဝနာမ်ရုပ် ဖြစ်၍ချုပ်၏။
နာမ်ရုပ်နှစ်ပါး အလွတ်ထား၍
ဤကားလိပ်ပြာ ဤကားငါတည်း
ဤမှာဇီဝ ဤအတ္တဟု
ညွှန်ပြဖွယ်ရာ မရှိပါသည်
ခန္ဓာနာမ်ရုပ်မျှသာတည်း။
တစ်ဘ၀မှာ လူသားတိုင်း မမျှော်လင့်တဲ့ တစ်နေ့ သေကြရမှာ ဧကန်မလွဲပါ။ မသေခင် အချိန်တိုအတွင်း တိတိကျကျ သိသင့်တဲ့ အကြောင်းအရာ အများကြီးထဲကနေ နည်းနည်းပါးပါးဖြစ်စေ ဇဝေဇ၀ါ မဟုတ်ပဲ တိတိကျကျ  သိစေချင်တာ ကျမရဲ့စေတနာပါ။
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။
မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz