x

30.12.13

ရက်စွဲများမှ ရက်စွဲတစ်ခု


ဒီကနေ့မနက် အိပ်ယာကနေ အစောကြီးနိုးနေတယ် စောဆို မနက်၎နာရီထဲက နိုးနေခဲ့တာ ထုံးစံအတိုင်း ခေါင်းအုံးနဘေးမှာ ထားတဲ့ ဖုန်းလေးကိုယူ ဖေ့ဘုတ် ဖွင့်ကြည့်ပြီး ဟို လိုက်ခ် ဒီ လိုက်ခ်နဲ့ ရေခြားမြေခြားရောက် နံပါတ်-၅မြောက် မောင်လေးကိုမြင်တော့ ချတ်တင်လုပ်ရင်း တစ်နာရီလောက် အချိန်ကုန်သွားတယ်

ဒီကနေ့… ဘလော့မှာ ပို့စ်တစ်ပုဒ်ရေးချင်နေတယ် ဘာခေါင်းစဉ်နဲ့ ဘာရေးရမယ်ဆိုတာ စဉ်းစားမရပေမယ့် စာရေးချင်နေခဲ့တယ် နာရီလက်တံတွေလဲ စည်းချက်မှန်မှန် မရပ်မနားသွားနေလေရဲ့ ၂၀၁၃ခုနှစ်လဲ ကုန်ဆုံးဘို့ တဖြည်းဖြည်းနီးကပ်လာပြီ နေပြည်တော်နဲ့ ရန်ကုန်ကို အိမ်ဦးနဲ့ကြမ်းပြင်ပမာ လူးလာခေါက်တုံ့ သွားလိုက်ပြန်လိုက်။ စိတ်တွေဘာလို့ မရွှင်လန်းပါလိမ့် ထိုင်းထိုင်းမှိုင်းမှိုင်း တွေတွေဝေေ၀ နေရတာမျိုးကို သဘောမကျတာကြောင့် မြို့ထဲတစ်ပတ် လျှောက်သွားပစ်လိုက်တယ် ကားတွေကြပ်တော့ အာရုံ မလွင့်တော့ဘူးလေ ကားတွေကိုပဲ သတိထားနေရတာမို့ အာရုံစုစည်းမှုလေး ရတယ်ဆိုပါတော့ အကျိုးရှိအောင် မြို့ထဲရောက်တဲ့အခါမှာ လုပ်စရာရှိတဲ့ အလုပ်လေးတွေ ရှာကြံလုပ်ဖြစ်တယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်တာမို့ စိတ်သက်သာရာရတယ်။ မြို့ထဲကပြန်ရောက်တော့ ထမင်းစားပြီး အွန်လိုင်းပေါ် ရောက်လာတဲ့အခါမှာ ကြည်နူးစရာ စုံတွဲဓာတ်ပုံလေး တစ်ပုံနဲ့အတူ ကွန်မန့်ပေါင်းများစွာကို ဖတ်ခွင့်ရလိုက်တဲ့အခိုက် စတေးတပ်လေးတစ်ခု မဖြစ်မနေ တင်ခြင်တဲ့စိတ် ပေါ်လာတာမို့ တင်ဖြစ်ခဲ့တယ်

၂၀၁၃ ဒီဇင်ဘာလ ၃၀ (တနင်္လာနေ့) သိကြားစေသက်သေညွှန်း....

ကျမဘ၀ရဲ့ ပျော်ရွှင်မှုပေါင်းစုံကို ဖန်တီးခဲ့တဲ့ အကြောင်းအရာများစွာထဲမှာ.... ဒီကနေ့မြင်တွေ့လိုက်ရတဲ့ တူမလေးဇာဇာနဲ့ တူတော်မောင်ကျော်ကျော်တို့ရဲ့ ကြည်နူးဖွယ်ရာ တူစုံတွဲဓာတ်ပုံလေး... မြင်လိုက်ရ တခဏအတွင်းမှာ အတိုင်းအတာမဲ့ ဖော်ပြရခက်တဲ့ ရင်တွင်းပီတိတွေ ကျမရင်ထဲ ရပ်တံ့မှုမရှိတော့ပဲ တစ်သွင်သွင် စီးဆင်းနေပါတော့တယ်....

So happy to see u two back together .....
Hoping to see u both together forever ....

ဂိုဂယ်မှကူးယူခြင်းပါ

၂၀၁၃ခုနှစ်ကုန်ဘို့ တစ်ရက်အလို ဒီဇင်ဘာလ ၃၀ရက်နေ့မှာ ကျမရဲ့ ၂၀၁၃ခုနှစ်အတွက် နောက်ဆုံးပို့စ်လေး တစ်ပုဒ်အဖြစ် ရေးဖြစ်လိုက်ပါတယ်။ တစ်ခါတုန်းက ဇယမင်္ဂလာ မှတ်စုပဒေသာကနေ ရေးသားမျှဝေခဲ့ဘူးတဲ့ ကဗျာလေးပါ-

ဝဋ်ကြွေးကြမ္မာ

ဝဋ်ကြွေးကြမ္မာ ဖန်လေရာသို့
သွားလာနေရ လူ့ဘ၀မှာ
ချစ်ရမုန်းရ ပြုံးငိုရနှင့်
ဖြစ်ကြပျက်ပြန် လောကဓံကို
လွန်ဆန်မရ နာခံရမို့
ဘ၀အစ ငိုခဲ့ရပြီ
ဘ၀အဆုံး ငိုနိဂုံးနှင့်
နေတုန်းခုခါ ငိုရပါလျှင်
ဘယ်မှာမုချ လူ့ဘ၀ကို
အရတော်မည် ရှိမည်နည်း။
ချစ်မုန်းမရည် ငိုရယ်မမြဲ
ထင်တိုင်းလွဲရာ လိုက်မှားရှာလို့
ပဋာမြေလူး ရူးခဲ့ဘူးပြီ
အရူးမသည် ထူးရမည်မို့
ဉာဏ်ရည်ထွန်းတောက် အသိပေါက်သော်
လွတ်မြောက်ငိုရည် နှလုံးတည်၍
ထေရ်ရီတစ်ပါး ဖြစ်လင့်ငြားသည်
စဉ်းစားနည်းယူဖို့ပင်တည်း။

စာဖတ်သူ ဆွေမျိုး မိတ်ဆွေသင်္ဂဟနဲ့ ဘလော့ဂါရောင်းရင်းအပေါင်း နှစ် လ ရက် ပြောင်းလဲမှုတိုင်းမှာ စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေလို့ မင်္ဂလာနှုတ်ခွန်းစကားလေး ချွေခဲ့ပါရစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz