x

19.1.14

လိုလျှင်ကြံဆ နည်းလမ်းရ


သားငယ်ဆီမရောက်တာလဲ တစ်နှစ်ကြာခဲ့ပြီ ရက်ရှည်သက်တမ်း တိုးဘို့ကလဲရှိဆိုတဲ့ အကြောင်းပြချက်လေးတွေနဲ့ စင်္ကာပူကျွန်းကို တစ်ခေါက်ရောက်ခဲ့ပြန်ပေါ့။ တကယ်တော့ ကိုယ်ကသာ သားငယ်ဆီ မရောက်တာပါ သူကတော့ သုံးရက်လောက်အချိန်မရလိုက်နဲ့ ရတာနဲ့ မြန်မာပြည်ကို ခိုင်လုံတဲ့အကြောင်းပြချက်လေးတွေ အမျိုးမျိုးနဲ့ အပြေးအလွှား ရောက်လာတတ်စမြဲ။ လွန်ခဲ့တဲ့ ဇန္န၀ါရီလ ၇ရက်နေ့က ဒီကျွန်းလေးကို ရောက်လာတယ် ဆိုရင်ပဲ လောကမှာ ကျမအလုပ်အရှုပ်ဆုံး ပုဂ္ဂိုလ်စာရင်းဝင်ဖြစ်သွားသလိုလို ကိုယ်မရှိရင်ပဲ မဖြစ်တဲ့ပုံစံမျိုးနဲ့ သားငယ်ရဲ့အခန်းကို သန့်ရှင်းရေးလုပ်တာကအစ လိုအပ်တာတွေဝယ်ခြမ်းဖြည့်ဆည်းရတဲ့အလုပ် အထိဆိုပါတော့။ တစ်နှစ်လုံးလုံး သူ့ဘာသာ နေလာတာလဲ အဆင်ပြေနေတာပါပဲ။ အမေတွေက သားသမီးတွေ အရွယ်ရောက်လာလဲ သူတို့မျက်စေ့ထဲမှာတော့ အတောင်မစုံသေးတဲ့ ငှက်လေးတွေလို မြင်တတ်ကြတယ် နည်းနည်းလဲ ပိုကြတာ အမေတိုင်းထင်ပါရဲ့။

ရန်ကုန်ကနေ စင်္ကာပူနိုင်ငံကို မလာခင်တုန်းကတော့ စင်္ကာပူရောက်နေတဲ့ နှစ်ပတ်မှာ အနည်းဆုံး ပို့စ်နှစ်ပုဒ်လောက်ရေးပြီး တင်ဖြစ်အောင်တင်မယ်လို့ စိတ်ကူးစိတ်သန်းလေး ရှိခဲ့ပေမယ့် လက်တွေ့ဘ၀မှာ ဖြစ်မလာခဲ့ဘူး။ အချိန်တွေသာ တရွေ့ရွေ့ကုန်လို့ ပြည်တော်ပြန်ရမဲ့ ရက်ကလဲ နီးကပ်လာပြီမို့ ဒီကနေ့တော့ ဘယ်မှမထွက်ဘို့ စိတ်ကို ဒုံးဒုံးချရင်း အိမ်မှာပဲ တောက်တက်လို ကပ်နေပြီး ဒီပို့စ်ကို ရေးတင်နိုင်ဘို့ ကျောက်ချနေမိတော့တယ်။ ဖေ့ဘုတ်စာမျက်နှာမှာ တင်သင့်တာတွေတင်၊ ဖတ်သင့်တာတွေဖတ်ရင်း အတွေးလေးဝင်လာရင် ၀င်လာသလို ပို့စ်လေးဆက်ရေးရင်းနဲ့ အချိန်တွေကို ဖြိုပစ်ခဲ့တယ်။ ဒီကြားထဲမှာ Candy Crush ဂိမ်းကို ကစားလိုက်သေးတယ် ကူညီတဲ့သူတွေလဲ အစွမ်းကုန်ကူညီရက်နဲ့ အသက်ဆက်လို့ မရမှ နောက်တစ်သက် ရတဲ့အထိ ဂိမ်းကိုခဏနားထားရင်း ပို့စ်ဘက်တစ်ခါပြန်လှည့်ပြီး ရေးပြန်တယ်။ ဖေ့ဘုတ်မှာတင်တဲ့ စတေးတပ်နဲ့ ဆက်နွယ်ပြီး မသက်ကို ပေးဘို့ပါလာတဲ့ ဇန္န၀ါရီလထုတ် ဂိမ်မာမဂ္ဂဇင်းစာအုပ်ရဲ့ စာမျက်နှာတွေကို ဟိုလှန်သည်လှန် ပြန်လှန်ရင်း မသက်ရဲ့ ဆောင်းပါးလေးဆီ ရောက်သွားတဲ့အခါ ဒုတိယအကြိမ်မြောက် ပြန်ဖတ်မိတယ်။ ပညာပေး ဆောင်းပါးလေးတစ်ပုဒ် ဖြစ်သလို ဖတ်သူတို့ စိတ်ဝင်စားအောင် ဂိမ်းနဲ့ ဆက်နွယ်ပြီး ရေးသားထားတာမို့ စိတ်ဝင်စားစရာပါ။

Candy Crush ဂိမ်းနဲ့ပတ်သက်ပြီး အတွေးစလေးတွေကို ဆွဲဆန့်မိတယ်။ အဲ့ဒီဂိမ်းလေးဟာ လူ့သဘောသဘာဝနဲ့ ဆက်စပ်တွေးတောရင် ထင်တာထက် ပိုမိုကျယ်ပြန့် နက်ရှိုင်းတယ်လို့ ထင်မိတယ်။ အဲ့ဒီဂိမ်းကို ကစားရင် စိတ်ရှည်ရသလို ဇွဲရှိရတယ် တစ်ယောက်နဲ့ တစ်ယောက် မသိကျေးကျွန်ပြုလို့ မရတဲ့ ဂိမ်းလေးဖြစ်သလို ကိုယ်မျှော်မှန်းထားတဲ့ အရာတွေဖြစ်မလာပဲ မထင်မှတ်တဲ့ အခက်အခဲများစွာ အချိန်မရွေး ကြုံတွေ့ လာတတ်ပြန်တယ်။ ၀န်းကျင် မိတ်ဆွေအသိုင်းအ၀ိုင်းရဲ့ ကူညီပံ့ပိုးမှုမရှိရင် အချိန်တိုအတွင်းမှာ တစ်ဆင့်ခြင်း အဆင့်တက်နိုင်ဘို့ အခွင့်အရေးနည်းမှာ အသေအချာပါ။ အသက်ဆက်နိုင်ဘို့ရာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ကစားရတဲ့ ဂိမ်းလေးတစ်ခုဆိုရင် မမှားပါဘူး။ ကျမကတော့ မကြာသေးတဲ့ အချိန်ကာလကမှ စတင် ကစားဖြစ်တာရယ်ကြောင့် အဆင့်ပေါင်းများစွာ ကျော်ဖြတ်နိုင်သူတွေရဲ့ အခက်အခဲ အတွေ့အကြုံတွေကို ပိုလို့သာ စိတ်ဝင်စားနေမိပါတယ်။ ကစားရင်းနဲ့ ဂိမ်းရဲ့ပင်ကိုယ် သဘောသဘာဝကို နားလည်လာတာနဲ့အမျှ ဖြတ်ထိုးဉာဏ်လဲ အသုံးပြုလာတတ်တယ်။ ဂိမ်းကစားတာဟာ လူ့အသက်နဲ့ သက်ဆိုင်မှု မရှိဘူးလို့ ထင်မြင်ယူဆမိတယ် ကိုယ်စိတ်ဝင်စားတဲ့ ဂိမ်းတွေအပေါ်မှာ မူတည်းပြီး ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ပင်ကိုယ်စွမ်းရည်ကို ထုတ်ပြီး မိမိဦးနှောက်ကို လက်ရှိထက် အရည်အသွေး ထက်မြက်အောင် သွေးနေခြင်းတစ်မျိုးပါ။ သားတို့ ကစားနေတဲ့ Dota , Counter ကစားနည်းတွေလဲ အပေါင်းအသင်းနဲ့ ဖွဲ့စည်းကစားရပြီး လက်ရည်ညီ အမြင်တူမှ အောင်မြင်မှုရတဲ့ ကစားနည်းတွေပါ။

ကျမတို့တစ်တွေ လက်ရှိ ဘ၀မှာ လျှောက်လှမ်းခဲ့တဲ့ နောက်ကြောင်းကို တစ်ချက်လောက် ပြန်ငဲ့ကြည့်လိုက်ပါ။ တစ်ဦးတစ်ယောက်ထဲ ရပ်တည်လို့မရခဲ့သလို လူ့ အသိုင်းအ၀ိုင်းကြားမှာ လူတစ်လုံး သူတစ်လုံးဖြစ်အောင် ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ်စွမ်းရှိသလောက် ဉာဏ်စွမ်းရှိသလောက် အင်တိုက်အားတိုက် အပင်ပမ်းခံ ကြိုးစားရင်းဖြတ်သန်းခဲ့ရတယ်။ အတွေ့အကြုံတွေအပေါ်မူတည်းပြီး ရှေ့ဆက်ရမည့် ခရီးလမ်းကို ဒီထက်ပိုကောင်းတဲ့ နည်းလမ်းကို ပြောင်းလဲအသုံးပြုဘို့လဲ ချင့်ချိန်တွေးတော ကြံဆကြပြန်တယ်။ လမ်းဟောင်းထဲက တန်ဘိုးရှိတာလေးတွေ ဆက်လက် သယ်ဆောင်ရင်း လမ်းသစ်ကို ကောင်းသည်ထက် ကောင်းအောင် ဆက်ဖောက်ပြီး ခရီးဆက်ကြရတာ သဘာဝပါ။ အခက်အခဲတွေ ကြုံလာတဲ့အခါ တစ်ယောက်တည်း အထီးကျန်တယ်လို့ ယူဆမိသူတိုင်း ကိုယ့်ဝန်းကျင်ကို တစ်ချက်လောက် အကဲခတ် လေ့လာကြည့်လိုက်ရင် မကြည့်လို့ မမြင်တဲ့ အနီးမှာ ချစ်ခင်စရာကောင်းတဲ့ အပေါင်းအသင်း အသိုင်းအ၀ိုင်းလေးတွေကို မြင်လာပါလိမ့်မယ်။ သူတို့တစ်တွေနဲ့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ လုပ်သင့်လဲ လုပ်ရမှာပါ။ နောက်တစ်ချက်က မိမိဘ၀ရှင်သန်ရေးအတွက် မျှော်လင့်ထားတာတွေ ရည်ရွယ်ထားတာတွေ တစ်ခါတရံ မမျှော်လင့်ပဲ သဲထဲရေသွန် ပြိုလဲပျက်စီးသွားတတ်သလို မထင်မှတ်ပဲ အဆင်ပြေချောမွေ့သွားတတ်ပြန်တယ်။ အတိတ်ကံကို ရာနှုန်းပြည့် ပုံအပ်လို့ မရပေမယ့် အထိုက်အလျောက်တော့ အတိတ်ကံနဲ့ ဆက်စပ်နေတယ်ဆိုတာ ခေါင်းခါဇွတ်ငြင်းလို့မရပြန်။ ဘယ်လိုပဲဖြစ်နေပါစေ လူသားတိုင်း ကြုံတွေ့ရသမျှ အခက်အခဲများကို အစွမ်းကုန်ဟန့်တား တိုက်ဖျက် ကျော်လွှားရင်း အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာလေးတွေဟာ အနာဂါတ်မှာ ရယ်မောစရာအဖြစ်ပြောင်းလဲသွားမှာပါ။ ရှည်နေတဲ့ အတွေးဆလေးကို ဖြတ်တောက်ရင်း ရက်ပေါင်းများစွာ အနားယူနေတဲ့ “အန်တီတင့်ရဲ့ အမှတ်တရလေးများ” ဘလော့ကို နိုးထစေလိုက်ပါတယ်။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz