x

19.2.14

ဆုံဆည်းရာမြေ


လွန်ခဲ့တဲ့တစ်ပတ်လောက်က ဘလော့ကို လွမ်းတာနဲ့ ဘလော့ရွာကြီးထဲမှာ တစ်အိမ်ဝင် တစ်အိမ်ထွက် လည်ဖတ်ရင်း ကိုကိုမောင်(ပန်းရနံ့) တစ်နည်းအားဖြင့်တော့ ဘလော့ဂါတို့ ရင်ထဲမှာ ထင်ထင်ရှားရှား ကွက်ကွက်ကွင်းကွင်းသိတဲ့ တဂျီးမင်းရဲ့ ဘလော့ကို ဖြတ်သွားရင်း အမှတ်တမဲ့ ဖတ်ခဲ့မိတဲ့ ကဗျာလေးကြောင့် ကျမရဲ့ ငယ်စဉ်ဘ၀ ကျောင်းတက်စအရွယ် အဖြစ်အပျက်လေးတွေ အတွေးထဲမှာ တစ်ဝဲလည်လည် ပြန်ရောက်လာခဲ့တယ်။ ဒါနဲ့ပဲ ပို့စ်တစ်ပုဒ် အဖြစ်ရေးခွင့် ကြုံရပြန်ပေါ့။ အဲ့ဒီအချိန်က ကျမရဲ့ ဖခင်ဖြစ်သူ မန္တလေး နန်းတွင်းမှာ တာဝန်ကျစဉ်ကာလ ဆိုပါတော့။ ကျမ ကျောင်းစတက်ရမဲ့ အချိန်က မန္တလေးမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းအများကြီးထဲက အမျိုးသမီး ကွန်ဗန့်ကျောင်းနှစ်ကြောင်းဟာ အပြိုင်အဆိုင် နာမည်ရှိခဲ့ပြီး အမျိုးသမီး ခါးပတ်နီကျောင်းနဲ့ အမျိုးသမီး ခါးပတ်ဖြူကျောင်းဆိုပြီး မျက်နှာချင်းဆိုင် တည်ရှိခဲ့တယ်။ ကျမကိုတော့ မိဘတွေက ခါးပတ်ဖြူကျောင်းမှာ စတင်တက်ခွင့်ပေးပြီး အစ်ကိုဖြစ်သူကိုတော့ ယောက်ျားလေးစိန်ပီတာကျောင်းမှာ တက်ခွင့်ရခဲ့တယ်။ အိမ်မှာ စားလိုက် အိပ်လိုက် ကစားလိုက်ကို နှစ်သက်သဘောကျပြီး ကျောင်းတက်ပျင်းတဲ့ ကျမအဖို့တော့ အဖွား အဖေ အမေ အဒေါ်တွေ နည်းအမျိုးမျိုးနဲ့ ဘယ်လိုချော့ချော့ ကျောင်းတက်ဘို့ ခါးခါးသီးသီးငြင်းဆန်မြဲမို့ ကျမရဲ့ပျော့ကွက်ကို သိကြတဲ့ အားလျော်စွာ နောက်ဆုံးကျည်ဆံဖြစ်တဲ့ မုန့်ဘိုးနဲ့မျှားပြီး ကျောင်းတက်စေခဲ့တယ်။ ကျမရဲ့ ငယ်နာမည် 'လုလု' ပါ။ အဒေါ်တွေက 'လုလု ဘာဖြစ်လို့ ကျောင်းတက်' လို့မေးတိုင်း ကျမက 'မုန့်ဘိုးရလို့တက်' ဆိုပြီး ဖြေလေ့ရှိတယ်။ စကားကြုံတိုင်း ဒီနေ့ဒီရက်အထိ အဒေါ်လတ်က ပြောနေစမြဲ။


မနက် ဖခင်ရဲ့ ရုံးကားနဲ့ ကျောင်းကိုလိုက်ပို့တယ်။ ပထမဦးဆုံး တက်ရတဲ့နေ့မို့ ကားလမ်းတစ်လျှောက် ဘယ်ချိုး ညာချိုး တည့်တည့်သွား အစရှိတဲ့ လမ်းတွေကို ကျမအသေအချာ လိုက်ပြီးမှတ်သားထားခဲ့တယ်။ ကျမရဲ့ ဥာဏ်ရည်က သာမန်ထက် နိမ့်ပြီး လူကလည်း ခပ်အူအူမို့ ကျမကို အိမ်က အသက် ၆-နှစ်ပြည့်မှ ကျောင်းစထားခဲ့တယ်။ ဘယ်လောက် မှတ်ဥာဏ်နည်းပါစေ ကျောင်းကိုသွားတဲ့ လမ်းတစ်လျှောက်ကိုတော့ မရ အရ အလွတ်ကျက်ပြီး မှတ်ခဲ့တယ် အကြောင်းရှိတာကိုး။ ကျောင်းရောက်လို့ ကျမကျောင်းဂိတ်ကြီးကနေ အတွင်းကို ၀င်သွားပြီဆိုတာနဲ့ ကျမကိုလိုက်ပို့တဲ့ ဖခင်ရဲ့ ကားလေးလဲ ချက်ခြင်းဆိုသလို ပြန်လှည့်ထွက်သွားတယ်။ ကျမ ကျောင်းတက်လို့ ပေးလိုက်တဲ့ မုန့်ဖိုး ၁၀ပြားကို မုန့်တန်းကို အရင်ရှာပြီး မုန့်ဝယ်စားလိုက်သေးတယ်။ မုန့်စားလို့ ပြီးသွားတဲ့အခါ ဟိုလိုလို သည်လိုလိုနဲ့ ကျောင်းဂိတ်ကြီးဆီကို ပြန်လှည့်လာပြီး အိမ်ကိုဦးတည်ပြီး ကျောင်းလစ်ပါတော့တယ်။ အဲ့ဒီအချိန်အခါက မန္တလေးမြို့မှာ အရူးတွေပေါတယ်လို့ အဖွား အဒေါ်တွေကပြောပေမယ့် ကြောက်ရမှန်းမသိခဲ့တဲ့ ကျမပါ။ ကလေးရဲ့ သဘာဝ အထိန်းအကွပ်မပါတော့ အိမ်ပြန်လာရာ လမ်းတစ်လျှောက်လဲ အန္တရာယ်ကိုအလျဉ်းမသိ စိတ်သွားတိုင်း ကိုယ်ပါဆိုသလို အိမ်ရောက်ဘို့သာ စိတ်ကလောနေတာကြောင့် မပြေးရုံတမယ်သာ။ နန်းတော်အနောက်ဖက် ဂိတ်ကြီးက၀င်ပြီး အိမ်ကို တန်းတန်းမတ်မတ်ပြန်ခဲ့တယ်။ အချိန်တွက်ကြည့်ရင် ကျောင်းကနေ အိမ်အထိ အနည်းဆုံး ၁နာရီမက လျှောက်ရမှာအသေအချာပါ။ ငယ်ငယ်ထဲက အဲ့လိုဇွဲကြီးတဲ့ ကျမ :P။ ခြံထဲဝင်လာတဲ့ ကျမကို ဖွားဖွားက တအံ့တသြကြည့်ရင်း အိမ်ရှိလူကုန်ကို အော်ဟစ်ခေါ်ပါတော့တယ်။ ညနေ ဖခင်ပြန်လာတော့ ကျမကျောင်းလစ်တဲ့အပေါ် အခြေခံပြီး ရှေ့ရေးအတွက် ဆွေးနွေးတိုင်ပင်ကြရတဲ့ လူကြီး စကားဝိုင်း တစ်ဝိုင်းဖြစ်ခဲ့တယ်။ ကျမကို ဆူပူကြိမ်းမောင်း ရိုက်နှက်ခြင်း အလျဉ်းမရှိပဲ တစ်ယောက်တစ်မျိုး ဖြစ်နိုင်ဖွယ်ရှိတာတွေကို စီကာပတ်ကုံး ခြောက်လှန့် ပြောဆိုကြတယ်။ ကျောင်းပြေးတဲ့ တစ်ခေါက်ဟာ ကျမအတွက် အမှတ်တရလေးပေါ့။

ပြန်တွေးမိရင် လက်တွေ့ဖြစ်ရပ်မို့သာ လက်ခံနေမိတဲ့တိုင် ကိုယ့်ကိုယ်ကိုလဲ အံ့သြမိပါရဲ့။ ကလေးဘ၀ဆိုတာ ကြောက်ရမှန်း မသိ။ အန္တရာယ်ကို မမြင်။ အကောင်းအဆိုး အကြောင်းအကျိုး နားမလည်။ အဲ့ဒီလိုအမှားမျိုးကို ကျူးလွန်တဲ့အတွက် လူကြီး မိဘတွေအနေနဲ့ အကျိုးသင့် အကြောင်းသင့် ရှင်းပြ ခွင့်လွှတ်ပေးခဲ့တာကို ကျေးဇူးတင်မိတယ်။ ကိုယ်တိုင် မိဘနေရာ ရောက်လာတဲ့အခါမှာ ကလေးတွေ မှားနိုင်တဲ့ အကြောင်းအရာလေးတွေကို ကြိုထင် ချင့်ချိန် တွေးဆပြီး အမှားမလုပ်ခင်က ဟန့်တားမှုလေးတွေ ပြုလုပ်သင့်တာကို နားလည် သဘောပေါက်မိတယ်။ တားထားရက်နဲ့ ဇွတ်တိုး လုပ်တဲ့အခါမှာတော့ သူတို့ရဲ့အမှားကို ထောက်ပြပြီး အသက်အရွယ်နဲ့ လိုက်ဖက်ညီတဲ့ ပြစ်ဒဏ်မျိုးလေးတွေကို ပေးသင့်လို့ ထင်ပါတယ်။ အပြစ်လုပ်မှန်း သိရက်နဲ့ ချစ်လို့ သနားလို့ ဆိုတဲ့ ဆင်ခြေတွေနဲ့ အလိုလိုက် အကြိုက်ဆောင်နေရင်တော့ အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ ထိန်းသိမ်း ကွပ်ကဲဘို့ ခက်သွားမှာအမှန်။

ဒီတစ်ပတ်လည်း ဘလော့ကို လွမ်းလာတာနဲ့ ဘလော့ရွာကြီးထဲ ထပ်ရောက်လို့ လာပြန်တယ်။ ဒီတစ်ခေါက်လည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ တဂျီးမင်းရဲ့ "ဘကုန်းရွာမှ ဖဦးထုပ် ချစ်သူများ" ပို့စ်ကို ဖတ်ဘို့ ကြုံသွားပြန်တယ်။ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် မဟုတ်တော့ပဲ ရေငတ်တုန်း ရေတွင်းထဲကျတာမို့ ဒီတစ်ခါတော့ ကောင်းကင်ပြင်ကြီး ဘယ်လောက်ကျယ်ကျယ် ရေတွင်းလေးထဲမှာပဲ ပျော်တော့မယ်လို့ စိတ်ကို ဒုံးဒုံးချလိုက်တယ်။ တနည်းပြောရရင်တော့ ဘလော့ဂါတို့ ဆုံဆည်းရာမြေမှာပဲ အရိုးထုတ်တော့မယ်ပေါ့။ စိတ်ကူး စိတ်သန်းနဲ့အတူ ပျော်ရွှင်မှု စိတ်ဆင်းရဲမှု ပူလောင်မှုတွေ ရောပြွမ်းနေတဲ့ ဒေါသ လောဘ မောဟတို့ရဲ့ အငွေ့အသက်တွေ ဖုံးလွှမ်းနေတဲ့ ဖဦးထုပ်မြို့ကြီးကနေ မခွဲနိုင်မခွာရက်ပဲ စွဲကပ်နေတဲ့ ဘကုန်းက ကျမချစ်သော မိတ်ဆွေရောင်းရင်း အပေါင်းအသင်းများကိုလဲ အရင်လို လုံခြုံမှုပေးတဲ့ ဘကုန်းရွာလေးမှာ တစ်အိမ်တက် တစ်အိမ်ဆင်း သာရေး နာရေး ပညာရေး သာသနာရေး ကိစ္စရပ်တွေကို ပျော်ပျော်ရွှင်ရွှင် ရင်းနှီးဖေါ်ရွေစွာနဲ့ တိုင်ပင်ညှိနှိုင်း ဆွေးနွေးကြစေလိုတယ် ဒီတော့ အားနာပါးနာ မသိမသာ အတင်းကာရော ဖဦးထုပ်မြို့ကိုအရောက်သွားပြီး စိမ်းလန်းစိုပြေ ဆုံဆည်းရာမြေကို ပြန်လာခဲ့ကြပါတော့လို့ တိုက်တွန်းမိခဲ့တယ်။


တစ်ခါက ဖတ်ဘူးခဲ့တဲ့ 'သတိထား' ဆိုတဲ့ ပညာပေး စာစုလေး

မကွေ့မထောင့် လမ်းဖြောင့်တရား
ရှိရဲ့သားနဲ့ သူများရူးတိုင်း နင်မရူးနဲ့
ထူးသည့်အခါ ၀ိပဿနာကို ခါခါပွားမှ
ရောက်မည် သံသရာ အစဉ်ပါမည်
နင်သာသတိထား။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz