x

22.2.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ -၁


ကျမရဲ့ ငယ်စဉ်တောင်ကျေး ကလေးဘ၀နဲ့ပတ်သက်ပြီး အသက် ၅နှစ်ကအစပြုလို့ ထင်ထင်ရှားရှား မဟုတ်ပေမယ့် ခပ်ရေးရေးလေးတော့ မှတ်မိနေပါတယ်။ ကျမရဲ့ ဖေဖေက ရှမ်းပြည် လွယ်လင်မြို့ရဲ့ တပ်မှာ တာဝန်ကျစဉ် အချိန်အခါကပေါ့။ ညနေပိုင်း နေစောင်းပြီ ဆိုတာနဲ့ ကျမရဲ့ အကိုကြီးနဲ့ ကျမတို့ မောင်နှမနှစ်ယောက် စစ်သားကြီး မှုတ်မဲ့ ခရာသံကို နားစွင့်နေခဲ့ကြတယ်။ ခရာမှုတ်တဲ့နေရာနဲ့ ကျမတို့ အိမ်ကနေ ပြေးသွားရင် ၅မိနစ်လောက်တော့ ရှိမယ် ထင်ပါရဲ့။ ကျမတို့ မောင်နှမနှစ်ယောက်ရဲ့ နေ့စဉ်နေ့တိုင်း ၀တ္တရား မပျက် ဆောင်ရွက်ခဲ့တဲ့ အလုပ်လေးတွေဆိုလဲ မမှားပါဘူး။ စောင့်နေဆဲမှာပဲ ခရာမှုတ်သံ ထွက်လာပြီဆိုရင် အကိုကြီးက ကျမလက်ကိုဆွဲပြီး နှုတ်ကလဲ-
 "လုလုရေ ခရာသံကြားပြီ … ပြေးကြစို့"
"အင်း ကိုကို" လို့ ကျမကပြန်ပြောရင်း
 ပျော်ရွှင်စွာနဲ့ မောင်နှမနှစ်ယောက် အော်ဟစ်ပြီး စွမ်းအားရှိသလောက် ခရာသံလာရာဆီကို ဦးတည်ကာ မမောနိုင် မပမ်းနိုင် ပြေးကြပါတော့တယ်။ စစ်တပ်တွေမှာ အဲ့ဒီအချိန်အခါက နေ့စဉ်ထုတ်ပေးတဲ့ ရိက္ခာအစိုကို သွားယူကြတာပါ။ ရိက္ခာထုတ်မှာပါတဲ့ အသားအရွက်တွေထက် ကျမတို့မောင်နှမနှစ်ယောက် ကြိုက်နှစ်သက်တာက ဖီးကြမ်းငှက်ပျောသီး။ အထုပ်လေးရပြီဆိုတာနဲ့ အထုပ်ထဲက ငှက်ပျောသီးကို မောင်နှမနှစ်ယောက် ထုတ်စားရင်း အိမ်ကို တစ်လှမ်းချင်း လျှောက်လိုက် စိတ်ကူးရရင် ရသလို ခုန်ပေါက်ပြေးလိုက်နဲ့ ပြန်လာကြတယ်။ ကျမရဲ့ မေမေကလည်း နေ့စဉ်နေ့တိုင်း ကျမတို့ပြန်လာမဲ့ လမ်းကို လှမ်းမျှော်ရင်း အိမ်တံခါးဝကနေ ဆီးကြိုမြဲပါ။ ကျမဖေဖေကိုတော့ ရုံးပိတ်ရက်ကလွဲပြီး ကျန်ရက်တွေမှာ အများအားဖြင့် အိပ်ခါနီးအချိန်လောက်မှပဲ အိမ်ပြန်လာတာ တွေ့ရတယ်။ မနက် ကျမတို့ နိုးချိန်ဆိုရင် ဖေဖေက ရုံးသွားပြီမို့ မမြင်ရပြန်။ မေမေက ဖေဖေ့ရဲ့ ပါရမီဖြည့်ဖက်ပီပီ တာဝန်ကျေတဲ့ ဇနီးကောင်းတစ်ယောက်ပေါ့။ ဖေဖေ့ကို နားပူနားဆာ လုပ်တာမျိုး တစ်ခါမှ မတွေ့ဘူးသလို စကားပြောရင်လဲ ရယ်စရာမောစရာလေးတွေနဲ့ တစ်ဖက်သား ကျေနပ်အောင် ပြောဆိုတတ်တဲ့ မေမေပါ။ ညနေပိုင်းအားရင် ဂစ်တာလေးခေါက်၊ မောင်နှမနှစ်ယောက်က အသံသေး အသံကြောင်နဲ့ အသံဟစ်။ ရုံးပိတ်ရက်တွေဆိုရင် ဖေဖေလဲပါတယ်။ သံပုန်းခေါက်ပြီး တူးတူးပုန်းတန်းလဲ ကစားဖြစ်တယ်။ 

ကွယ်လွန်သွားပြီဖြစ်တဲ့ မွေးကျေးဇူးရှင် မိဘနှစ်ပါး

တစ်ခါတစ်ရံတော့ ဖေဖေကို ရက်ပေါင်းများစွာ မတွေ့ရပြန်ဘူး။ မေမေပြောတော့ ရှေ့တန်း ထွက်သွားပြီတဲ့။ မေမေကခရိယာန် ဘာသာဝင်ဖြစ်ပြီး သူကိုးကွယ်တဲ့ ဘုရားသခင်ထံမှာ နေ့ည ၀တ်မပျက် ဖေဖေ့အတွက် ဆုတောင်းပေးနေတာကို ခပ်ရေးရေး သတိရနေပါသေးတယ်။ နောက်တစ်ခု ကျမအတွေးမှာ အမှတ်ရတာလေးက ကျမတို့အိမ်နဲ့ ခပ်လှမ်းလှမ်းမှာ စမ်းချောင်းလေးတစ်ခုရှိတယ်။ ညနေပိုင်း ခရာမမှုတ်မီ အချိန်မှာ မောင်နှမနှစ်ယောက် ရေဆင်းကူးကြတယ်။ စမ်းချောင်းလေးက တိမ်တိမ်လေးနဲ့ အန္တရာယ်မရှိတာမို့ မေမေက ပိတ်ပင်တာမျိုးမလုပ်ခဲ့ဘူး။ အဲ့ဒီအချိန်အခါတွေတုန်းက ကျမအနေနဲ့ ကျန်တာတွေ သတိမထားမိပေမယ့် မေမေ့ရဲ့ အပျော်ဆုံးနေ့တွေဟာ ဖေဖေရှေ့တန်းက ပြန်ရောက်တဲ့နေ့တွေလို့ ကောက်ချက် ချနိုင်ပါတယ်။ မေမေရဲ့ မျက်နှာလေး ပြုံးရွှင်နေပြီး ဖွယ်ဖွယ်ရာရာ ဟင်းအမယ်လေးတွေချက် ထမင်းစားပွဲလေး စိုပြေနေတဲ့ ရက်တွေဆိုရင် ဖေဖေရှေ့တန်းက ပြန်ရောက်လာတတ်တယ်လေ။ တစ်နေ့ညနေမှာ ဖေဖေက မေမေ့ကိုပြောတယ် "ကိုယ်တို့ မန္တလေးတိုင်းကို ပြောင်းဘို့ အမိန့်ကျလာပြီ" တဲ့။ ကျမ ဖြတ်ကနဲဆိုသလို အတွေးလေးဝင်လာတာကတော့ ညနေတိုင်း စားရတဲ့ ငှက်ပျောသီးလေး မစားရတော့ဘူး။ စမ်းချောင်းလေးထဲမှာ ရေမဆော့ရတော့ဘူး ဆိုတဲ့အတွေးလေးနဲ့အတူ စိတ်မကောင်းဖြစ်ခဲ့တယ်။ ကျမရဲ့ ဖြတ်သန်းခဲ့တဲ့ တစ်ဘ၀စာထဲက မှတ်တိုင်လေးတစ်တိုင် အဖြစ် ခြေရာ ချန်ခဲ့ခြင်းဖြစ်ပါတယ်။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz