x

24.2.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၂


ကျမရဲ့ဖခင် ရှမ်းပြည်နယ် လွယ်လင်တပ်ကနေ မန္တလေးတိုင်း စစ်းဌာနချုပ်ကို ပြောင်းရွှေ့မိန့် ကျတယ်လို့ သိရတဲ့အချိန်ကစပြီး ကျမရဲ့ မေမေဟာ ကိုယ်လေးလက်ဝန်ရှိနေတာကို အထူးတလည် ဂရုမပြုနိုင်တော့။ တစ်နေ့တစ်နေ့ တကုပ်ကုပ်နဲ့ ပစ္စည်းတွေကို ထုပ်ပိုးနေပါတော့တယ်။ အမိန့်ကျပြီး ရက်ပိုင်းအတွင်း ပြောင်းရမှာမို့ နောက်တစ်ချက်က ကိုယ်ဝန် အရင့်အမာဖြစ်နေတဲ့ မေမေ့ကို ကူညီလုပ်ကိုင်ပေးဘို့ရာ ဖေဖေက ရဲမေနှစ်ယောက်ရဲ့ အကူအညီကိုယူစေခဲ့တယ်။ ဒီအတွက်လဲ မေမေတစ်ယောက် သက်တောင့်သက်သာနဲ့ ထုပ်ပိုးတဲ့ အလုပ်ကို ပေါ့ပေါ့ပါးပါး လုပ်ခွင့်ရခဲ့ပါတယ်။ (စစ်တပ်မှာ စစ်သည်များရဲ့ ဇနီးများကို ရဲမေလို့ ခေါ်ဆို သုံးနှုန်းခြင်း ဖြစ်ပါတယ်) တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးရင်း ကျမတို့မိသားစုလဲ မန္တလေးမြို့ကြီးကို ရောက်လာပါတယ်။ နန်းတွင်း ခြံနံပါတ်-၂ထဲကို ကျမတို့ စီးနင်းလိုက်ပါလာတဲ့ စစ်ကားကြီး ၀င်လိုက်ပြီဆိုတာနဲ့ ကျမတို့မောင်နှမ နှစ်ယောက် ကျယ်ဝန်းလှတဲ့ ခြံကြီးကို တငေးတမော ကြည့်နေမိတယ်။ အရင်နေခဲ့တဲ့ လွယ်လင်အိမ်လေးနဲ့ ယှဉ်လိုက်ရင် အဆပေါင်းများစွာ ကျယ်ဝန်းတဲ့ အိမ်ကြီးတစ်လုံးမို့ ကျမလွမ်းနေလိမ့်မယ်လို့ ထင်ခဲ့တဲ့ စမ်းချောင်းလေးကို သတိမရတော့သလို ညနေတိုင်း ခရာသံကြားရင် မောင်နှမနှစ်ယောက် အပြေးအလွှားသွားပြီး ယူရတဲ့ ငှက်ပျောသီးကိုလဲ ကျမမေ့သွားခဲ့ပါပြီ။ ကြီးမားတဲ့ နှစ်ထပ်အိမ်ကြီးရဲ့ ကားဆင်ဝင်အောက်မှာ ကားရပ်လိုက်ပြီဆိုတာနဲ့ ကျမတို့ မောင်နှမနှစ်ယောက် ကားပေါ်က အသည်းအသန် ခုန်ဆင်းပြီး အိမ်ကြီးကို စိတ်ဝင်တစား အခန်းစေ့ ပတ်ကြည့်ကြပါတယ်။ ဆင်ဝင်အောက် အိမ်ကြီးရဲ့ပင်မ တံခါးကနေ ၀င်လိုက်တာနဲ့ အပေါ်ထပ်ကို တက်တဲ့ လှေခါးနှစ်ခုကို ဘယ်ဘက်နဲ့ ညာဘက်မှာ တွေ့ရပါတယ်။ ကျမရဲ့ အစ်ကိုကြီးက ညာဘက်လှေခါးကနေ အပေါ်ထပ်ကို ပြေးတက်ချိန်မှာ ကျမက ဘယ်ဘက်လှေခါးကနေ အပေါ်ထပ်ကို ပြေးတက်ပါတယ်။ အပေါ်ထပ်ရောက်တော့ လူသွားစင်္ကြံ လမ်းလေးအလယ်မှာ နှစ်ယောက် ပြန်ဆုံကြတယ်။ စင်္ကြံလေးကနေ ပေ၃၀ ပတ်လည်လောက် ကျယ်ဝန်းတဲ့ အိပ်ခန်းကျယ်ကြီး နှစ်ခုကမြင်ရပြီး အိပ်ခန်းကျယ်ကြီးတွေရဲ့ တစ်ဖက်တစ်ချက်မှာ အကျယ်၁၀ပေလောက်ရှိတဲ့ တွဲဖက်အခန်းလေးတွေ ရှိကြတယ်။ အဲ့ဒီ အခန်းလေးတွေကမှ တဆင့် အပေါ်ထပ်သုံး ရေချိုးခန်း ရေအိမ်သာတို့ကို ၀င်လို့ရတာမို့ အပေါ်ထပ်မှာ စုစုပေါင်း ရေချိုးခန်း ရေအိမ်သာ နှစ်ခုစီရှိပြီး ရေချိုးခန်းအသီးသီးရဲ့ အပြင်ဘက်ကို ထွက်လိုက်တာနဲ့ အောက်ထပ်ကို ဆင်းတဲ့ နောက်ဖေးလှေခါး တစ်ဖက်တစ်ချက်စီ ရှိကြပြန်တယ်။ ဒါကြောင့် အိမ်ရဲ့ အပေါ်ထပ်ကို အတက်အဆင်း လုပ်နိုင်တဲ့ လှေခါး စုစုပေါင်း လေးခုရှိတာကို တွေ့ရပါတယ်။ အပေါ်ထပ်မှာ စင်္ကြံအလယ်ရဲ့ အရှေ့ဘက်ကအခန်း တစ်နည်းအားဖြင့် ကားဆင်ဝင်ရဲ့ အပေါ်ထပ်ကိုလဲ စာကြည့်ခန်းအဖြစ် အခန်းတစ်ခန်း ဖွဲ့ထားတာကို တွေ့မြင်ရပါတယ်။ ပြောင်းလာခဲ့တဲ့ ကျမတို့ မိသားစုလေးရဲ့ ဘ၀ဟာ အရင်ထက်ပိုပြီး ပျော်စရာကောင်းလာပါတယ်။

မောင်နှမနှစ်ယောက် အပေါ်ထပ်အနှံ့ စပ်စုပြီးတဲ့အခါ အောက်ထပ်ကို ဆင်းကြပြန်တယ်။ ဧည့်ခန်းနဲ့ ထမင်းစားခန်း အခန်းကျယ်ကြီး နှစ်ခုရှိပြီး ဧည့်ခန်းမှာ တွဲဘက်အခန်းတစ်ခန်းအပြင် ရေချိုးခန်း ရေအိမ်သာရှိပြီး ထမင်းစားခန်းကနေ ဆက်ရက် အခန်းသေးတစ်ခုနဲ့ စတိုခန်းတစ်ခန်းရှိတယ်။ အဲ့ဒီအခန်းသေးကနေ အနောက်ဘက် ခပ်လှမ်းလှမ်းမှာရှိတဲ့ မီးဖိုချောင်ကို သွားတဲ့ စင်္ကြံလူသွားလမ်းလေးဟာ ခြေအလှမ်း ၂၀လောက်ရှိမယ်ထင်ပါတယ်။ စင်္ကြံလမ်းလေးတစ်လျှောက်ကို သွပ်မိုးနဲ့မိုးထားပြီး တစ်ဖက်တစ်ချက်မှာ မန်ကျည်းပင်ကြီး တစ်ပင်စီရှိတာကို မြင်ရပါတယ်။ ခြံကြီးထဲမှာ မန်ကျည်းပင် စုစုပေါင်း ဆယ်ပင်ထက်မနည်းရှိပြန်တယ်။ ခြံကြီးရဲ့ ဘေးဘက်တစ်ခြမ်းမှာ ကားဒရိုင်ဘာ မိသားစုနဲ့ ထမင်းဟင်းချက် အကူမိသားစုနေထိုင်ဘို့ တန်းလျားရှည်လေးတစ်ခုရှိပါတယ်။ ခြံကြီးရဲ့ အရှေ့ဘက် ခြံထောင့်မှာလဲ သံချပ်ကားပျက်ကြီး တစ်စင်းကိုမြင်ရတယ်။ ခြံထဲက ခြံအပြင်ဘက်ကိုထွက်နိုင်ဘို့ကို အိမ်ရှေ့ ဂိတ်ကြီးတစ်ပေါက်နဲ့ အိမ်နောက်ဘေး မလွယ်တံခါး ဂိတ်သေးလေးတစ်ခု စုစုပေါင်း နှစ်ခုရှိပါတယ်။ အိမ်ရဲ့ အပြင်ဘက် ညာချမ်းမှာတော့ ပန်းခြံလေးတစ်ခုရှိပြီး နှင်းဆီပင်အပါအ၀င် ပန်းမာလာ အနည်းအကျဉ်းကို စိုက်ထားတာ မြင်ရပါတယ်။ အနည်းဆုံး ပေတစ်ရာ ပတ်လည်ကျော်ရှိတဲ့ ခြံကြီးနဲ့ ကြီးမားတဲ့ အိမ်ကြီးကို ကြည့်ပြီး ကျမတို့ မောင်နှမနှစ်ယောက် ပျော်ရွှင်မြူးတူးနေကြပါတယ်။ အိမ်ရှေ့ကားလမ်းကို ဖြတ်ကျော်လိုက်ရင် နန်းမြို့ရိုးပေါ်ကို တက်သွားနိုင်တဲ့ တောင်စောင်းလေးရှိပါတယ်။ တောင်စောင်းလေး တစ်လျှောက်မှာ ကုက္ကိုလ်ပင်ကြီးတွေ ကြိုကြား ပေါက်နေတာကို တွေ့ရပြီး ကျမတို့အတွက် ကစားစရာနေရာ အထူးတလည် ရှာစရာမလိုတော့တာကို မောင်နှမနှစ်ယောက် ပြောကြရင်း ကျေနပ်နေမိကြတယ်။ ကျမတို့ရောက်ပြီး နာရီပိုင်းအကြာလောက်မှာ ဖေဖေရဲ့ အမေ ညီ ညီမတွေ ရောက်လာကြတယ်။ ကျမတို့ ပိုပျော်သွားတယ်။ ကလေးတွေရဲ့ သဘာဝ အိမ်မှာ လူများများရှိရင် ပျော်ကြတယ်လေ။ နောင်ဆိုရင် ကျမတို့မိသားစုလေး ဒီအိမ်ကြီးမှာ ဖွားဖွား အဒေါ်တွေ ဦးလေးတွေနဲ့အတူ စည်စည်ကားကား နေထိုင်ကြရတော့မှာ မဟုတ်ပါလား။ အားလုံးထဲမှာ အပျော်ဆုံးကတော့ ကျမရဲ့မေမေပဲ ဖြစ်မှာအသေအချာ။ မကြာခင် ရက်ပိုင်းအတွင်း မီးဖွားတော့မှာမို့ အဖေါ်လိုအပ်နေချိန်မှာ အခုလို မမျှော်လင့်ပဲ ဖေဖေ့ရဲ့ မေမေ၊ ညီ၊ ညီအစ်မတတွေနဲ့ သိုက်သိုက်ဝန်းဝန်း နေရတော့မှာကို တွေးပြီး ပျော်နေတယ်ထပ်ပါရဲ့ မေမေ့မျက်နှာပေါ်မှာ ကြည်လင်နေတဲ့ အပြုံးတွေယှက်သန်းလို့။ မေမေက ယောက္ခမ၊ မတ်လေးတွေနဲ့ ယောင်းမတွေအပေါ်ကို ဆွေမျိုးရင်းခြာ တစ်ယောက်လို ချစ်ခင်သလို အားလုံးကလဲ မေမေ့အပေါ် တစ်အူတုံဆင်း အရင်းသဖွယ် ချစ်ခင် ကြင်နာ ဂရုစိုက်ကြတယ်။ အိမ်ရှိလူကုန် ရေတွက်ကြည့်လိုက်တော့ မိသားစုကြီးတင် ဆယ်ရောက်လောက်ရှိပြီး တန်းလျားမှာ နေတဲ့မိသားစုပါ ပေါင်းလိုက်ရင် ၁၆ယောက်ထက် မနည်း ရှိခဲ့တယ် ထင်ပါတယ်။ အဲ့ဒီအချိန်အခါလေးကို ပြန်တွေးမိတိုင်း အခုထိ ရင်ထဲမှာကြည်နူးပျော်ရွှင် နွေးထွေးနေဆဲပါ။ မန္တလေးကို ပြောင်းရွှေ့လာပြီး နေရာကိုယ်စီ အတည်တကျငြိမ်သွားတဲ့အခါမှာ မေမေက မောင်အငယ်ဆုံးလေး တူတူးကို မွေးဖွား သန့်စင်ခဲ့ပါတယ်။ အိမ်ကြီးမှာလည်း ကလေးငိုသံလေးပါတိုးလို့ ပိုမိုစည်ကားလာသလို အဖွား အဒေါ် ဦးလေး အစ်ကို အစ်မတွေရဲ့ အချစ်ကို ခံရတဲ့ တူတူးတစ်ယောက် လူ့လောက အလယ်ကို ရောက်ရှိလာပါတော့တယ်။ ပြန်လည်မရောက်နိုင် မရရှိနိုင်တော့တဲ့ အတိတ်ကို တမ်းတရင်း ဓာတ်ပုံရိုက် ၀ါသနာထုံတဲ့ ကျမရဲ့ မွေးမိခင်နဲ့ မွေးဖခင်တို့ရဲ့  အရောင်လွင့်နေပြီဖြစ်တဲ့ ဓာတ်ပုံဟောင်းလေးတွေကို မှတ်တမ်းအဖြစ် ဒီပို့စ်လေးမှာ ခြေရာချန်ခဲ့လိုက်ပါတယ်။




စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz