x

25.2.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၃


ကျမတို့ မောင်နှမအတွက် မေမေက မောင်လေးတူတူးကို မွေးဖွားလာတော့ အိမ်မှာ လူဦးရေ တစ်ယောက်ထပ်တိုးပြီး ၁၁ယောက်ဖြစ်လာတယ်။ တစ်ယောက်တစ်လက် ချီပွေ့ခံရတဲ့အပြင် အချစ်ခံရတဲ့ တူတူး။ လောကအလယ်မှာ ကံအကောင်းဆုံး ကလေးတစ်ယောက်ဘ၀ကို ပိုင်ဆိုင်ခဲ့တယ်။ ဖွားဖွားကလဲ ချွေးမဖြစ်တဲ့ မေမေ့ကို သမီးရင်းပမာ အစားအသောက် အနေအထိုင်ကအစ သွန်သင်ပေးခဲ့သလို ဦးလေး အဒေါ်တွေကလဲ မေမေ့အပေါ် အရင်ထက်ပိုလို့ ဂရုတစိုက် စောင့်ရှောက်ပေးကြလေတော့ မေမေ့အဘို့ လောကနိဗ္ဗာန်လို့ပဲ ဆိုလေရမလား။ ကျမက ငယ်စဉ်ဘ၀ထဲက ဦးနှောက်နည်းနည်း ထိုင်းပါတယ်။ မှတ်ဥာဏ်နည်းတယ် ဆိုပါတော့။ သူများတကာ ပြောတဲ့စကားတွေကို အလွယ်တကူ နားလည်ဘို့ နှောင့်နှေးသလို တစ်ချို့စကားတွေကို အဓိပ္ပာယ်ကောက် လွဲခဲ့တာလဲ အကြိမ်ကြိမ်။ ဒါကြောင့်မို့လဲ ကျမကို အူတူတူ အတတ ကလေးတစ်ယောက်မို့ ဖေဖေနဲ့ မေမေက အစိုးရိမ် ပိုခဲ့တယ်။ အစ်ကိုကြီးကတော့ လိမ်မာပါးနပ်သူ ဖြစ်တာကြောင့် ဖေဖေရဲ့ မျှော်လင့်ချက် ရောင်ခြည်လေးလို့ ဆိုနိုင်ဖွယ် ရှိပါတယ်။ ကျမတို့ အခုဆိုရင် မောင်နှမသုံးယောက်ဖြစ်ပြီလို့ ပြောတော့ ဖေဖေက တစ်ခုခုပြောမလို့ ဟန်ပြင်ပြီးခါမှ စကားကို ဆက်မပြောပဲ နှုတ်ဆိတ်နေလိုက်တယ်။ ကျမနဲ့ အစ်ကိုကြီးလဲ ကစားချိန်ထဲကနေ အချိန်ဖဲ့ပြီး တူတူးနားမှာ နေကြတယ်။ မေမေက ဘာမှမပြောပေမယ့် ဖွားဖွားကတော့ "ဟဲ့ ပူလူး တီးတိုး သွားပြီး ခြေလက်ဆေးအုံး ပြီးမှ ကလေးနားကိုလာခဲ့" လို့ ပြောလေ့ရှိတယ်။ အစ်ကိုကြီးနာမည်က ဘာဖြစ်လို့ 'တီးတိုး' လို့မှည့်တာလဲလို့ ကျမက မေမေ့ကိုမေးတော့ အစ်ကိုကြီးကို မီးဖွားနေချိန်မှာ မာရှယ်တီးတိုး မြန်မာပြည်ကို အလည်လာတာနဲ့ ကြုံကြိုက်လို့ 'တီးတိုး' ဆိုတဲ့ နာမည်ကို ဖေဖေကပေးခဲ့တာလို့ မေမေကဖြေတယ်။

အိမ်ဘေး တန်းလျားမှာနေတဲ့ ဦးခင်မောင်+ အန်တီသန်းတို့ရဲ့ သားအောင်မြင့်၊ သမီး ညွန့်ညွန့်သိန်းတို့နဲ့ ကစားဖော်ဖြစ်ခဲ့သလို အနောက်ဘက်ခြံက ကျမတို့ မောင်နှမနှစ်ယောက်နဲ့ အသက်ရွယ်တူဖြစ်တဲ့ ဂေါ်ယာ ပေါက်ပေါက်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ကြောင့်လဲ သူငယ်ချင်းတွေ ပိုတိုးခဲ့တယ်။ ဘယ်လို ကစားနည်းကို ကစား ကစား ညွန့်ညွန့်သိန်းရဲ့ ဘယ်ဘက်လက်က တစ်ထောင်ဆစ်ကစပြီး ကွေးကွေးလေးဖြစ်ပြီး သိမ်နေတာကြောင့် လက်တစ်ဖက်ပဲ သန်တာမို့ သူ့ကို အားလုံးထက် ပိုပြီးအကြောပေးရတယ်။ ကျမနဲ့ ညွန့်ညွန့်သိန်းတို့က မိန်းကလေးတွေဖြစ်ပေမယ့် ယောက်ျားလေးတွေလို ၀တ်ဆင်ပြီး သူတို့တွေနဲ့ တန်းတူကစားကြတယ်။ စစ်တိုက်တန်း၊ ပေသီးကျင်းစိမ်၊ လေးခွပစ်၊ ဒိုးပစ်၊ ကြေးသားရိုက်၊ သူခိုးပလိပ်၊ သစ်ပင်တက် စတာတွေကို ကစားသလို အနေအထိုင်ကအစ ယောက်ျားလေးပုံစံဖြစ်နေတာမို့ ဖွားဖွားနဲ့ မျက်နှာချင်းဆိုင်လိုက်တိုင်း တပြစ်တောက်တောက် နားမခံနိုင်အောင် စက်သေနတ် ဒလစပ် ပစ်သလို။ ဖွားဖွားပြောဆိုနေတဲ့အခါ အိမ်ကသူတွေကတော့ ပြုံးစိစိနဲ့ပေါ့။ ဘယ်လောက်ပြောပြော ပြောတဲ့အချိန်သာ ကျမမှာ ခေါင်းလေး တညိမ့်ညိမ့်နဲ့ 'ဟုတ်ကဲ့' 'ဟုတ်ကဲ့' လို့ သံယောင် လိုက်ပြောပေမယ့် ကစားချိန်ရောက်လာလို့ တစ်ယောက်ယောက်ကနေ 'လုလုရေ' ဆိုတဲ့ ခေါ်သံကြားလိုက်တာနဲ့ အိမ်ပေါ်ကနေ အိမ်အောက်ထိ ဒုန်းစိုင်းပြေးဆင်းကာ မပြောင်းမလဲ ဆော့ကစားမြဲပါ။ တစ်ခါတစ်လေ ဖွားဖွားက ကျမတို့ မောင်နှမ နှစ်ယောက်ကို နောက်ကလိုက်ခဲ့ ဆိုပြီး ပန်းခြံထဲကို ဆင်းသွားတဲ့အခါ ဖွားဖွားကျေနပ်အောင် နောက်ကနေ နှစ်ယောက်သား လိုက်သွားပြီး ပန်းခြံထဲမှာ ဖွားဖွားနဲ့အတူ မြေတွေကို တူးဆွပြီး မြေဆွေးကျွေးတဲ့အလုပ်ကို လုပ်ရသလို ရေလောင်းပေါင်းသင်လည်း ကူလုပ်ကြရပါတယ်။

နည်းနည်းပါးပါး တူးဆွ ပေါင်းသင် ရေလောင်း လုပ်ပြလိုက်တာနဲ့ ဖွားဖွားက ကျေနပ်သွားပြီး "ကဲပါ တီးတိုးနဲ့ ပူလူး သွားတော့ သွားတော့ ကစားချည်" လို့ မီးစိမ်းပြတာနဲ့ တုံ့ဆိုင်းခြင်း အလျဉ်းမရှိ နှစ်ယောက်သား တစ်ချိုးထဲ ထပြေးတတ်တဲ့ ကျမတို့ပါ။ တူတူးကို ထိန်းဘို့ 'မူတူးလူ' ဆိုတဲ့ အန်တီတစ်ယောက် ရန်ကုန်ကနေ ရောက်လာတဲ့ နောက်ပိုင်းမှာ မေမေ့အတွက် ကလေးနဲ့ပတ်သက်ပြီး အတော်လေး ၀န်ပေါ့သွားပါတယ်။ တူတူးကလဲ မူတူးလူမှ မူတူးလူပါ။ မူတူးလူဆိုလို့ ဖွားဖွားပြောနေကျ ရယ်စရာလေးတစ်ခု ထည့်ပြောချင်ပါသေးတယ်။ ဖွားဖွားမန္တလေးကို မလာခင် မင်္ဂလာဒုံမှာ နေစဉ်က သူ့အိမ်မှာ အလုပ်ကူလုပ်ပေးတဲ့ 'ဆာမိ'နဲ့ 'မူတူး' ဆိုတာရှိသတဲ့။ နောက်ပြီး ဖွားဖွားက ဘုရားရှစ်ခိုးဝတ်ပြုရင် အသံကျယ်ကျယ် ၀တ်ပြုလေ့ရှိတယ်။ ဖွားဖွားရှစ်ခိုးတိုင်း 'ဆာမိ'က သဘောတွေကျပြီး ခပ်ပြုံးပြုံးကြီး နေရုံမကပဲ မူတူးကို 'ကြားလား ကြားလား ဖွားဖွားက သူ့ကို ဘယ်လောက်ချစ်သလဲဆိုတော့ နေ့တိုင်း သူ့နာမည်ကို ခေါ်ခေါ်နေတယ်' လို့ ကြွားလေ့ရှိတယ်။ အကြိမ်ပေါင်းများလာတော့ မူတူးက မကျေမနပ်ဖြစ်လာပြီး ဖွားဖွားကို တိုက်ရိုက်ပဲပြောတော့တာပေါ့။ 'ဖွားဖွားကလဲ ချစ်ရင် မျှမျှတတချစ်ပေါ့ အခုတော့ အိမ်မှာ အလုပ်လုပ်တဲ့ နှစ်ယောက်မှာ 'ဆာမိ' ကိုပဲ အရေးတယူလုပ်တယ် ဆိုပြီး စိတ်ဆိုးပြသတဲ့။ ဒါနဲ့ ဖွားဖွားကလဲ သူကျေနပ်အောင် ' ဗုဒ္ဓံ သရဏံ ဂစ်မူတူး' လို့ တစ်ကြောင်းလောက် ဆိုပြလိုက်တော့မှ ကျေနပ်ပြုံး ပြုံးပြီး အလုပ်ဆက်လုပ်တော့တယ်လို့ ပြောပြတယ်။ ဖွားဖွားစကား အဆုံးသတ်လိုက်ချိန်မှာ အိမ်ကလူတွေ ၀ါးလုံးကွဲ ရယ်မောခဲ့တာလေးကိုလည်း ဒီကနေ့ထိတိုင် မှတ်မိနေပါသေးတယ်။

ဒီလိုနဲ့ ရက်ကလ၊ လကနှစ်ကို ကူးပြောင်းလာသလို မိသားစုကြီးရဲ့ သံယောဇဉ်ဟာလဲ ဖြည်ဘို့ ဖြတ်ဘို့ ခက်ခဲတဲ့ အခြေအနေထိ ရစ်နှောင် တွယ်တာလို့ လာခဲ့ပါတယ်။ တစ်ယောက်အပေါ်တစ်ယောက် မချစ်ပဲ နေနိုင်ရိုးလား။ အချိန်အားလပ် မရှိအောင်ကို မနားမနေ နည်းမျိုးစုံနဲ့ ကစားကြ တစ်ခုခုလုပ်စားကြ ပျော်ပါးကြနဲ့ နေခဲ့ကြရတဲ့ မိသားစု အသိုက်အမြုံလေး။ ယောင်းမချင်းမို့ မတည့်တာ ယောက္ခမမို့ မတည့်တာ တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ရိုးအမှန်ပါ။ ဒါကြောင့် အခုလက်ရှိ ကျမရဲ့ ဖြတ်သန်းနေတဲ့ ကာလတစ်လျှောက်မှာလဲ ကျမရဲ့ မွေးမေမေပေးခဲ့တဲ့ နှလုံးသား အမွေအနှစ်ကို ဆက်ခံခွင့် ရခဲ့တယ်လို့ပဲ တထစ်ချ ယုံကြည်မိတယ်။ ယောက္ခမ ယောင်းမရယ်လို့ သဘောမထားပဲ မိဘ ညီအစ်မတွေလိုပဲ ဆက်ဆံပေါင်းသင်းခွင့် ရခဲ့တာမို့ ကိုယ့်ဘ၀ကို ကျေနပ်မိတယ်။ မန္တလေးနန်းတွင်း ခြံအမှတ်-၂ ဟာ ပတ်ဝန်းကျင်တစ်ခွင် လူသိများလာသလို အလည်လာသူတို့လဲ ပျော်ရွှင်စရာ အိမ်တစ်အိမ် အဖြစ် အသိအမှတ် ပြုလာကြပါတယ်။ မိုးလင်းတာနဲ့ ရယ်မောသံများနဲ့အတူ မင်္ဂလာရှိသော နံနက်တိုင်းကို ဖြတ်ကျော်ခွင့် ရခဲ့တယ်။ မီးဖိုထဲမှာထဲ ကျပြန်တော့ ထမင်းချက် ဦးထွန်းအောင်က ဖွားဖွားရဲ့ ဟာသနှောတဲ့ အပြောလေးတွေကို နားထောင်ရင်း ဖွားဖွားညွှန်ကြားသမျှကို မိသားစုကြီးအတွက် ဒိုင်ခံပြီး ထမင်း ဟင်း ချက်ပေးနေသလို ဖေဖေရဲ့ အနီးကပ် ရဲဘော် ဦးခင်မောင်ကလဲ လိုလေသေးမရှိ အလိုက်တသိ လုပ်ကိုင်နေထိုင်တတ်တာမို့ စိတ်ဆင်းရဲစရာ စိတ်ပျက်ညစ်ညူးစရာဆိုလို့ မရှိသလောက်ပါပဲ။

နေ့လည် နေပူပူမှာ ကျမတို့ မောင်နှမနှစ်ယောက် ကစားမှာ စိုးတာကြောင့် ဖွားဖွားက ကျမတို့ မောင်နှမနှစ်ယောက်ကို နေ့စဉ်နေ့တိုင်း ထမင်းစားပြီးချိန်မှာ တရေးတမော အိပ်ခိုင်းလေ့ ရှိပါတယ်။ အိပ်ယာနိုးတာနဲ့ ဂစ်တာတီးနေတဲ့ မေမေ့နားကို ပြေးသွားကြပြီး ထုံးစံအတိုင်း ဆိုနေကျ အသံသေး အသံကြောင်နဲ့ အားပေးကြပြန်တယ်။ ဒီတစ်ခါတော့ အရင်လို လူနည်းနည်းလေး မဟုတ်တော့ပဲ မေမေ့နားက အဒေါ်တွေပါ ၀ိုင်းနေပြီး ပိုမိုစည်ကားနေတာကို တွေ့ရတယ်။ အမှတ်တရ မေမေတီးတဲ့ သီးချင်းထဲက 'ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်' ဆိုတာကို မှတ်မိနေပါတယ်။ သီချင်းတစ်ပိုဒ်ဖြစ်တဲ့ 'အဘိုးကြီးလဲ မနေနိုင် ဖိုးပါကြီးရဲ့ ၀ါးဟားဟားဟား' ဆိုတဲ့နေရာရောက်ရင် တစ်ခန်းလုံးကို ဆူညံပွက်လောရိုက်နေလို့ အမှတ်တရ ဖြစ်နေတာပါ။ ညနေပိုင်း နေစောင်းလာပြီဆိုရင် နန်းတွင်းထဲမှာ စက်ဘီးတစ်ယောက် တစ်စီးနဲ့ပတ်စီးကြတယ်။ အစ်ကိုကြီးနဲ့ ကျမကတော့ နောက်ကထိုင်လိုက်တဲ့ အဆင့်ပေါ့။ ဗုတ်တလုတ်ကန်ဘက်ကိုလဲ မကြာခဏ ဆိုသလို ရောက်ကြပြီး လွတ်လပ်ရေး ကျောက်တိုင် စိုက်ထူထားတဲ့ ပန်းခြံနားလဲ မကြာခဏ ဖြတ်ခဲ့ကြတယ်။ စက်ဘီးစီးတိုင်း အချိန်တစ်ခု သတ်မှတ်ပေးပြီး ကျမတို့ မောင်နှမကို စက်ဘီးစီးတတ်အောင် မေမေနဲ့ အဒေါ်တွေက ၀ိုင်းဝန်း လေ့ကျင့် သင်ကြားပေးကြတာ နောက်ဆုံး ကျမဒူးပြဲတဲ့နေ့ ရောက်တော့မှပဲ စက်ဘီးကို ကျွမ်းကျင်အောင် စီးတတ်သွားပါတော့တယ်။ တစ်နေ့တစ်နေ့ အပျော်တွေချည်းမို့ အချိန်တွေ ကုန်လို့ ကုန်မှန်း သတိမထားမိခဲ့ဘူး။

နွေရာသီကျောင်းပိတ်ရက်မို့ အားလပ်ချိန်ကလဲ ခပ်များများရယ်။ ကျမတို့ မောင်နှမရဲ့ ကစားပုံကစားနည်း ထူးထူးခြားခြားလေးက ဒီလိုပါ။ ခြံဝင်းကြီးအတွင်းမှာ ရှိနေတဲ့ မန်ကျည်းပင်အိုကြီးတွေထဲက မီးဖိုချောင်ရဲ့ ညာဘက်က မန်ကျည်းပင်ရဲ့ ဂွအဆုံမှာ လင့်စင်သဘောမျိုး တဲလေးတစ်ခုကို ဦးထွန်းအောင် ဦးခင်မောင်နဲ့ ဦးအောင်ခင်တို့ရဲ့ အကူအညီယူပြီး ဆောက်လုပ်ထားတယ်။ ကျမတို့ မောင်နှမနှစ်ယောက်ရဲ့ အိမ်ကလေးပေါ့။ ကလေးတွေ ပြုတ်ကျမှာစိုးတဲ့အတွက် ဦးလေးကြီးတွေက ခိုင်ခိုင်ခန့်ခန့်လေး ဆောင်လုပ်ပေးထားပုံရတယ်။ အဲ့ဒီတဲလေးဆီကို အလည်သွားဘို့လမ်း နှစ်သွယ်ရှိပြီး တစ်လမ်းကတော့ အပေါ်ထပ် အိပ်ခန်းနှစ်ခန်းရဲ့ ပြူတင်းပေါက်တွေကနေ ကျော်ခွပြီးမှ မီးဖိုချောင်ကိုသွားတဲ့ စင်္ကြံလမ်း ခေါင်မိုးပေါ်ရောက်ကာ အဲ့ဒီကတဆင့် တဲလေးထဲကို ၀င်လို့ရသလို နောက်တစ်လမ်းက လှေခါးထစ်ပြုလုပ်ထားတဲ့ မန်ကျည်းပင် အောက်ကနေ တက်ပြီးမှ တဲလေးဆီကို သွားလို့ရတဲ့ လမ်းလေးပါ။ တဲအိမ်လေးကို အလည်လာဘို့ အိမ်ရှိလူကုန်ကို ဖိတ်ခေါ်ပေမယ့် ဖွားဖွားက 'ဒီကလေးတွေ ပေါက်ကရ' ဆိုပြီး တစ်ကြိမ် တစ်ခါမှ အလည်မလာပေမယ့် အဒေါ်တွေကတော့ ရံဖန်ရံခါ လာတတ်ပြီး ပင်တိုင်အလည်လာသူကတော့ မေမေပါ။ မေမေက စင်္ကြံခေါင်မိုးပေါ်ကလာတဲ့ လမ်းကိုပဲ အသုံးပြုလေ့ရှိတယ်။ ကျမတို့အိမ်ကို လာလည်သူတွေကို ဧည့်ခံဘို့ အစေ့ထွင်ပြီးသား မန်ကျည်းမှည့်၊ ဆား၊ အချိုရည် ချိုချဉ်တို့ကို ဖွားဖွားဆီကနေ တောင်းထားပြီး အဲ့ဒါလေးတွေနဲ့ ဧည့်ဝတ်ပြုလေ့ရှိတယ်။ တစ်ခါတစ်လေ လာလည်တဲ့သူတွေကို ဧည့်ခံဘို့ ကိုယ်စားမဲ့ မုန့်ပဲသရေစာကို ချန်ထားတတ်တယ်။ မေမေက အမြင့်ကြောက်တတ်သူမို့ မေမေအလည်လာတိုင်း ခေါင်မိုးပေါ်ကနေ တဲလေးဆီရောက်တဲ့အထိ ဦးလေးအငယ်က ကူညီပြီး လိုက်ပို့ပေးရစမြဲ။ ဖွားဖွားကလဲ လိမ့်ကျမှာစိုးရိမ်ပြီး မန်ကျည်းပင်ပေါ်တက်သူတိုင်းကို ဆူစမြဲ။ ဖွားဖွားဆူလိုက်တိုင်း အားလုံးလိုလို တစ်ယောက်နဲ့တစ်ယောက် လျှာလေးထုတ်ပြပြီး ဇက်လေးပုပြကြ။

မန်းရာပြည့်မှာ ကျမဖေဖေက မန္တလေးကို ရောက်လာကြတဲ့ ရုပ်ရှင်သဘင်အဖွဲ့ရဲ့ နေထိုင် စားသောက် သွားလာရေးကအစ စီစဉ်ဆောင်ရွက်ပေးဘို့ တာဝန်ပေးခံရတာမို့ ကျမတို့ ခြံလေးဟာ တစ်နေ့တစ်နေ့ လူစည်ကားပြီး အ၀င်အထွက်တွေ များနေတာကိုမြင်ရပြီး ကျမတို့ကလေးတွေကတော့ ပျော်ရွှင်မဆုံး တပြုံးပြုံး။ လူရွှင်တော် သန်းနွဲ့ ဂျော်လီဆွေတို့ကလဲ ဟာသနှောတဲ့ အပြောတွေကြောင့် တ၀ါးဝါးနဲ့ ပွဲကျနေကြတယ်။ ဘယ်လိုပဲ အဆင်ပြေ ချောမွေ့မှုများစွာနဲ့ လျှောက်လှမ်းခွင့် ရပါစေအုံးတော့ အရာရာဟာ မတည်မြဲတဲ့ တရားသဘောကို လက်ခံရမှာ ဖြစ်ပါတယ်။ မမျှော်လင့်တဲ့တစ်နေ့ တူတူး အသက် ၂-နှစ်ပြည့်ပြီးတဲ့နောက် ရက်ပိုင်း၊ ကျမအသက် ၇-နှစ် ပြည့်ဘို့တစ်ရက် အလိုမှာ ကျမတို့ မိသားစုလေးအတွက် ဒီတစ်သက် မေ့ဖျောက်လို့ မရနိုင်တော့မဲ့ ကံကြမ္မာရဲ့ လှည့်ကွက်တစ်ခုဟာ ၀မ်းနည်းကြေကွဲစရာ ဖြစ်ရပ်တစ်ခုအဖြစ် နဖူးတွေ့ ဒူးတွေ့ ကြုံလာခဲ့ရပါတော့တယ်။

မန်းရာပြည့်မှာ မင်းသားဇေယျာ မင်းသမီးကြည်ကြည်ဌေးတို့နဲ့ အမှတ်တရ

 ညီအစ်မလိုချစ်တဲ့ ယောင်းမ(အဒေါ်အကြီးဆုံး)ဇနီးမောင်နှံနဲ့ အမှတ်ရ

မွေးကျေးဇူးရှင် မိဘနှစ်ပါး


စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz