x

26.2.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၎


မှတ်မှတ်ရရ သင်္ကြန်မကျမှီ ၂ရက်အလိုမှာ-
“မောင်ထွန်းအောင်ရေ ဒီနှစ်က စနေဆန်းတယ်ကွဲ့ မီးရေး ထင်းရေး သတိထားအုံးနော်….” ထမင်းချက် ဦးထွန်းအောင်ကို မေမေရဲ့ သတိပေးသံနှင့်အတူ “ဟုတ်ကဲ့မမလေး” ဟု ဦးထွန်းအောင်ရဲ့ ပြန်ဖြေတဲ့ အသံကို ကျမ ကြားလိုက်တော့-
“ကိုကို စနေဆန်းတယ်ဆိုတာ ဘာကိုပြောတာလဲဟင်” ကျမက အစ်ကိုဖြစ်သူကိုမေးလိုက်ပါတယ်
“စနေဆန်းတယ်ဆိုတာ အခုလိုသင်္ကြန်ကာလကြီးပြီးလို့နှစ်သစ်ကူး ကိုရောက်တဲ့နှစ်ဆန်း၁ရက်နေ့က စနေနေ့ဖြစ်နေတာကိုပြောတာ လုလုရဲ့” ဟု ကျမရဲ့အစ်ကိုက ကျမကိုပြန်ရှင်းပြပါတယ်။ ကျမစိတ်ထဲ ဒီထက်မက ပိုသိချင်တဲ့စိတ်က ပေါ်လာတာကြောင့် လူစုံတဲ့ ညနေထမင်းစားဝိုင်းမှာ ဖွားဖွားကို ထပ်ကွန့်ပြီး မေးပြန်တယ်လေ။
“ဖွားဖွား စနေဆန်းတာကို မေမေကဘာဖြစ်လို့ မီးရေးထင်းရေး သတိထားခိုင်းတာလဲဟင်”
လို့မေးတော့ ဖွားဖွားက ကျမဘက်လှည့်ပြီး
“စနေဆန်းရင် ထိခိုက်မှု တစ်ခုခုဖြစ်တတ်တဲ့ အယူရှိလို့ သတိထားခိုင်းတာပါ ပူလူးရဲ့”
ဖွားဖွားက ရီမောပြီး ပြန်ဖြေပါတယ်။ ကျမန်ာမည် လုလုဖြစ်ပေမယ့် ဖွားဖွားက ချစ်စနိုး ပူလူးလို့ခေါ်စမြဲ။
“ဟုတ် …” ကျမက ဖွားဖွားကို ပြန်ဖြေရင်း တဆက်တည်း-
“ဒါဆိုရင် အခုလာမဲ့လုလုရဲ့မွေးနေ့က ၁၈ရက်နေ့ဆိုတော့ နှစ်ဆန်း၂ရက်နေ့ပေါ့နော်” ကျမရဲ့ အသက် ၇နှစ်ပြည့် မွေးနေ့လေး မကြာခင် ရောက်လာတော့မှာဖြစ်တဲ့ အတွက် မေမေက မွေးနေ့ပွဲမှာ ကျမ ပျော်ရွှင်စေဘို့ ပတ်ဝန်းကျင်က ကစားဖော် ကစားဖက်နဲ့ ရွယ်တူ သူငယ်ချင်းတွေ ဖိတ်ထားတာကို သတိရပြီး ပျော်ရွှင်မြူးတူးစွာ အစ်ကိုဖြစ်သူကို အကွန့်တက်လိုက်ခြင်း ဖြစ်ပါတယ်။
ကျမတို့ မောင်နှစ်မနှစ်ယောက်နဲ့ ဖွားဖွားအတွက်ပါမက အဒေါ် ၃ယောက်စလုံး အတွက်ပါ မေမမေက အင်္ကျီသစ်လေးတွေ ကြိုတင်စီစဉ်နေပြီးဖြစ်သလို ကျမမွေးနေ့အတွက်လဲ အထုပ်ကလေးတစ်ထုပ် ထုပ်ပိုးထားတာ တွေ့ရပါတယ်။ ကျမရဲ့ အတိုင်းမသိ ပျော်ရွှင်မှုလေးဟာ ခိုင်းနှိုင်းစရာ မရှိသလောက်ပါ။

သင်္ကြန်စကျတဲ့နေ့မှာ မေမေက ကျမတို့ မောင်နှမနှစ်ယောက်ကို မတော်တဆ ထိခိုက်ရှနာ ဖြစ်မှာစိုးတဲ့အတွက် ဦးလေး အဒေါ်တွေရဲ့ ရေပက်ခံကားနဲ့ ထွက်လည်တာကို မထည့်ပဲ မင်္ဂလာတံတား ထိပ်နားက မဏ္ဍာပ်မှာ သူငယ်ချင်တွေနဲ့ ရေကစားစေတယ်။ နေ့စဉ် မနက်ပိုင်း ရေကစား နေ့လည် အိမ်ပြန်နားစေကာ ညနေတစ်ခေါက် ရေပြန်ကစားခွင့်ပြုတယ်။ ညပိုင်းရောက်တော့ ဖေဖေက ကားမောင်းပို့ပြီး အလှပြကားတွေကို လိုက်ကြည့်ကြရပါတယ် ဒီလိုနဲ့ပဲ မန္တလေးသင်္ကြန်ကို ပျော်ပျော်ပါးပါး ကျေနပ်စွာ ပြီးဆုံးစေခဲ့တယ်။ ဒါပေမဲ့ ကျမစိတ်ထဲမှာ တစ်မျိုးဖြစ်နေတယ် ‘စနေဆန်းတယ်’ ဆိုတဲ့ စကားလုံးဟာ ကျမ အိပ်ယာထဲအထိ ပါလာတတ်ပြန်တယ် ကစားလို့ ပျော်နေတဲ့အချိန်တွေမှာ မေ့မေ့လျော့လျော့ ရှိနေပေမဲ့ ဦးနှောက်အားပြီ ဆိုတာနဲ့ အဲဒီအတွေးက ခေါင်းထဲကို ရောက်ရောက်လာနေတယ် တောင်တွေးမြောက်တွေးနဲ့ ဘာတွေကို တွေးခဲ့တယ် ဆိုတာတော့ မသဲမကွဲပါ။ ဒီလိုနဲ့ပဲ နှစ်ဆန်းတစ်ရက်နေ့ကို ရောက်လာပါတော့တယ်။

နှစ်ဆန်း(၁)ရက်နေ့ မနက်မှာ မေမေက ဘုန်းကြီးကျောင်းကို နေ့ဆွမ်းအတွက် ဆွမ်းဂျိုင့် သွားပို့ခဲ့တယ် ကျမရဲ့မေမေဟာ ခရိယာန်ဘာသာဝင် တစ်ဦးဖြစ်ပေမယ့် ဖေဖေ့အတွက် လိုအပ်တယ်ထင်ရင် အိမ်ထောင်စပြုကထဲက အခုလို လုပ်ပေးလေ့ရှိပါတယ် အဆင်ပြေရင် ပြေသလို ဘုန်းကြီးကျောင်းကို သွားရာမှ ဆရာတော် တရားပြတာနဲ့ ကြုံကြိုက်တဲ့ အချိန်ဆိုရင် ဆရာတော်ဆီကနေ တရားတော်တွေကို နာခွင့်ရသလို တရားနာရာကစပြီး ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်လာသလို ခရိယာန်ဘာသာကို စွန့်လွှတ်ပြီး ဗုဒ္ဓဘာသာကို သင်္ကြန်မတိုင်ခင် တစ်ပတ်လောက်ဖြစ်တဲ့ ဧပြီလပထမပတ်မှာ ပြောင်းလာတာ ဖြစ်ပါတယ်။ ကံ ကံရဲ့အကျိုးကို မေမေအပြည့်အ၀ ယုံကြည်တယ် တစ်နည်းအားဖြင့်တော့ အဲ့ဒီအချိန်က ကျမကိုယ်တိုင် ထင်ထင်ရှားရှား မသိနားမလည်ခဲ့တဲ့ အကြောင်းကြောင့် အကျိုးဖြစ်ဆိုတာကို မေမေလက်ခံခဲ့တယ်။

နေ့လည် ၁နာရီမှာ ဖေဖေ့တို့ရဲ့ မိတ်ဆွေ စုံတွဲတစ်တွဲလာပြီး ဖေဖေ၊မေမေတို့နဲ့အတူ ကျမမွေးနေ့ပြီးရင် ရန်ကုန်ကို အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ခရီးသွားဖို့ရာ တိုင်ပင်နေကြတယ်။ ဖေဖေကမေမေ့ကို “ဂရက်ရေ မနက်ကဖိုင်လေး ကုတင်ခေါင်းရင်းဖက်က စာအုပ်စင်လေးပေါ်မှာ ရှိတယ် ကိုယ့်ကို သွားယူပေးပါအုံး” လို့ပြောတော့ မေမေကလည်း “ဟုတ်ကဲ့” ဆိုပြီး အပေါ်ထပ်ကို ပြေးတက်သွားတယ်။ လူကြီးတွေကိစ္စမို့ ကျမနဲ့ ကျမရဲ့အစ်ကိုလဲ ဧည့်ခန်းကနေ အပြင်ဖက်ကို ကစားဘို့ရာ ထွက်သွားကြပါတယ်။ အပြင်ဖက်မှာ ကစားနေတုန်း အပေါ်ထပ်ကနေ “ဝုန်း” ဆိုတဲ့ အသံတစ်ခုကို ကြားလိုက်ရပြီး စက္ကန့်ပိုင်းမှာ ဖွားဖွားရဲ့ “အမလေး လာကြပါအုံး ဒီမှာ ဂရက် ဂရက်” ဆိုပြီး အသံ ဆက်ထွက်မလာတော့ပဲ တိမ်သွားပါတော့တယ်။ အသံကြားတာနဲ့ တပြိုင်တည်း ကျမတို့ မောင်နှမနှစ်ယောက်လဲ အိမ်နောက်ဖေးလှေခါးကနေ အပြေးအလွှား အပေါ်ထပ်ကို တက်သွားကြသလို ဖေဖေလည်း ဧည့်သည်တွေကို ထားခဲ့ပြီး အိမ်ရှေ့လှေခါးကနေ အပေါ်ထပ်ကို ကသောကမျော တက်လာပါတယ်။ အိမ်ရှိလူအားလုံး အပေါ်ထပ်ကို ရောက်တဲ့အခါ မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ ရေချိုးခန်းအ၀မှာ မေမေရဲ့ခေါင်း ကနေသွေးတွေ အဆက်မပြတ် စီးကျနေတာကိုပါပဲ ကျမလဲ ချက်ခြင်းခေါင်းထဲမှာ မိုက်ခနဲဖြစ်သွားပြီး စိတ်ကိုပြန်ထိန်းရင်း မေမေ့ကို စိုက်ကြည့်နေမိတယ်။ ကိုကိုကတော့ “မေမေ၊မေမေ” လို့ခေါ်ပြီးငိုနေလေရဲ့ ဖေဖေက မေမေ့ကို ရင်ခွင်ထဲပွေ့ချီလိုက်ပြီး “ဂရက် ဂရက် သတိထားပါနော် ခဏလေး စိတ်ကိုတင်းထားပါနော် ဆေးရုံပို့ပေးမယ်” လို့ အသံအက်ကြီးနဲ့ ငိုသံရောပြီး ဆက်တိုက် ပြောနေပါတော့တယ် ကျမတစ်ယောက်သာ ကျောက်ဆစ်ရုပ်လို မလှုပ်မရှက် ရေချိုးခန်း တံခါးဘောင်ကို မှီထားရင်း ကြောင်ငေးငေးသာ ကြည့်နေမိပါတော့တယ်။

အဒေါ်အကြီးဆုံးကလည်း မေမေ့ရဲ့ ခေါင်းကနေ ထွက်ကျလာတဲ့ သွေးတွေကို ခေါင်းထဲပြန်ထည့်ရင်း ပါးစပ်ကလဲ 'မလေး မလေး' လို့ခေါ်ရင်း ငိုရှိုက်နေတယ်။ အဒေါ်အလတ်ကတော့ တစ်ကိုယ်လုံး တုန်နေပြီး ဆေးရုံကို ဖုန်းဆက်ခါ လတ်တလော မြင်ကွင်း အခြေအနေကို အကြမ်းဖျင်း ပြောပြလိုက်ပါတယ်။ ၁၅မိနစ်အတွင်းမှာ မေမမေ့ရဲ့ ခေါင်းဒဏ်ရာကနေ ကျလာတဲ့သွေးတွေဟာ ခန်းခြောက်သွားပြီ ထင်ပါရဲ့ ဆက်ပြီးကျမလာတော့ပဲ တဖြည်းဖြည်း ခဲလာတာတွေ့ရပါတယ်။ မကြာခင်မှာပဲ ဆေးရုံကားလဲ ရောက်လာပြီး လူနာတင်စင်နဲ့ မေမေ့ကို ချက်ခြင်းဆိုသလို ခေါ်ထုတ်သွားပါတယ်။ လူနာစင်ပေါ်ပါသွားတယ်။ ကျမတို့ မောင်နှမနှစ်ယောက်ကို အိမ်မှာပဲနေခဲ့ပြီး မေမေသတိရတာနဲ့ ဖုန်းဆက်လိုက်မယ် လို့ဖေဖေက ပြောသွားခဲ့ပါတယ်။ ကိုကိုကတော့ ငိုရတာ ပင်ပမ်းသွားလို့ ထင်ပါရဲ့ ငိုရင်း အိပ်ပျော်သွားပါတယ် ကျမကတော့ မျက်စေ့တဆုံး ဆေးရုံကား ထွက်သွားရာကိုကြည့်ပြီး မလှုပ်မယှက် ငြိမ်သက်နေမိတယ်။ အချိန် အတော်လေး ကြာသွားမှ ဖွားဖွားက 'ဟယ် ပူလူးနေပူချည်းထဲ ဘာလို့ရပ်နေတာလဲ'လို့ ပြောပြောဆိုဆို ကျမလက်ကိုဆွဲပြီး အိမ်ထဲဝင်သွားခဲ့တယ်။ ညသန်းခေါင်းကျော်အထိ မျက်ရည် တစ်စက်မှ မကျခဲ့ပေမယ့် ရင်ထဲမှာတော့ အလုံးကြီးတစ်လုံး ဆို့နစ်နေသလို ခံစားနေရပါတယ်။ အိပ်မပျော်နိုင်ပဲ ဖေဖေ့ရဲ့ ဆက်လာမဲ့ဖုန်းသံကို နားစွင့်နေမိတယ် အဒေါ်တွေနဲ့ ဖွားဖွားလဲ ငုတ်တုတ် ထိုင်စောင့်နေကြတယ်။ ညဉ့်သန်းခေါင်ကျော်လို့ ဧပြီလ၁၈ရက်နေ့ နှစ်ဆန်း၂-ရက်နေ့ မနက်၂နာရီမှာ ဖုန်းသံမြည်လာတဲ့အခါ ကျမလဲ ဖွားဖွားတို့အနားကို အပြေးကလေး သွားကပ်လိုက်ပါတယ် ဖွားဖွားကဖုန်းကို ကောက်ကိုင်လိုက်ပြီး- “ဂရက် သတိရပြီလားဟင် ဂရက် သတိရပြီလား” လို့ အမောတကော ဖေဖေ့ကို မေးလိုက်တယ်။ တဖက်က ဖေဖေပြန်ပြောတဲ့ အသံကို မကြားရပေမဲ့ ဖွားဖွားက “ဖြစ်မှဖြစ်ရလေ ဂရက်ရယ်” လို့ ဆိုပြီး ပျော့ခွေသွားပါတော့တယ်။ အဒေါ်တွေလဲ ဖွားဖွားကိုပွေ့ဖက်ပြီး ရှိုက်ငိုရင်းကနေ ယပ်ခပ်သူခပ် ဆေးလိမ်းပေးသူ လိမ်းပေးနဲ့ ဝရုန်းသုန်းကား ဖြစ်နေပါတော့တယ်။ ကျမရင်ထဲက နင့်ကနဲခံစားလိုက်ရပြီး ပါးစပ်ကနေရေရွတ်မိတာကတော့-
“အော် ဒီကနေ့က ၁၈ရက် ဧပြီလ မေမေဆုံးတဲ့နေ့က ငါ့မွေးနေ့ပါလား”

 အသက် ၂၉နှစ်မှာ ချစ်သောမိသားစုကြီးကို အပြီးတိုင်စွန့်ခွာသွားခဲ့သော မာတာမိခင်ကျေးဇူးရှင်
ပလိပ်မှ နေပြည်တော်သို့မပြောင်းခင် ရောက်ခဲ့စဉ်က အမှတ်တရ

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz