x

27.2.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၅


ဧပြီလ၁၈ရက်နေ့ ညနေ၆နာရီလောက်မှာ ကျမအိပ်ယာက နိုးလာပါတယ်။ အိပ်ယာကနေ ချက်ခြင်း ထလို့မရနိုင်အောင် ခေါင်းကြီးလေးနေပြီး ထူးဆန်းတဲ့ ဝေဒနာတစ်ခု။ နားထင်က သွေးကြောတွေ တင်းနေတာကို ခံစားရပါတယ်။ လည်ပင်းမှာ မနေ့ကလိုပဲ အလုံးကြီးက ဆို့နေဆဲပါ။ ကျမကုတင် ခြေရင်းမှာ ကျမကိုထိုင်စောင့်နေတဲ့ မူတူးလူကို တွေ့ရပါတယ်။ ကျမနားထဲမှာလဲ စကားပြောသံတွေ ကြားနေရတာကြောင့် “ဘယ်သူတွေလဲဟင်” လို့ မူတူးလူကို မေးလိုက်တော့ “ဧည့်သည်တွေ နာရေး လာမေးကြတာပါ” လို့ မူတူးလူက ပြန်ဖြေတယ်။ ကျမရဲ့အာရုံမှာ ကျမချစ်သော မေမေ့ကို ချက်ခြင်း သတိရလိုက်သလို တဆက်တည်း မနေ့နေ့လည်က အဖြစ်အပျက်တွေကို တဖြည်းဖြည်း ပြန်လည်လို့ မြင်ယောင် လာပါတယ်။ မေမေ့ကို ထမ်းစင်ပေါ်တင်ပြီး အောက်ထပ်ကို ဝိုင်းဝန်း ခေါ်ဆောင်သွားချိန်မှာ ကျမ ရေချိုးခန်း တံခါးဘောင်ကို မှီထားရင်း လှုပ်ရှားမှုများကိုသာ မမှိတ်မသုံ ကြောင်ငေးငေး ကြည့်နေမိရာမှ သတိဝင်လာပြီး ထမ်းစင်နောက်သို့ အပြေးလေးလိုက်ပုံကို ပြန်တွေးနေမိတယ်။
တိုတောင်းတဲ့ အချိန်အတွင်း မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်ကို အိပ်မက်တစ်ခုလို ခံစားနေရပါတယ်။ ကျမ အခန်းတွင်းကနေ ဖြေးညှင်းစွာနဲ့ပဲ အပြင်ဘက်ကို ထွက်ခဲ့ပြီး အောက်ထပ်ကို ဆင်းလိုက်တော့ အစ်ကိုဖြစ်သူက ဖွားဖွားနားမှာ ထိုင်နေတာကို မြင်ရပါတယ်။ ဧည့်ခန်း၊ ထမင်းစားခန်းနှင့် အခန်းပိုတို့မှာလည်း ဧည့်သည့်တွေ ရှိနေသလို အဒေါ်များကလည်း ဧည့်သည်တွေကို ဧည့်ခံ စကားပြောနေကြတယ်။ ကျမ ထမင်းစားခန်းထဲကို ဝင်လာတော့ ဖွားဖွားက လက်ကိုင်ပုဝါနဲ့ ကျနေတဲ့မျက်ရည်ကို ကမန်းကတန်း သုတ်လိုက်ပြီး “ပူလူး နေကောင်းသွားပြီလား ဖွားဖွားဆီလာပါအုံး” လို့ ပြောတာကြောင့် ကျမ ဖွားဖွားအနားကို သွားခဲ့တယ်။ ဖွားဖွားက ကျမရဲ့နဖူးကို လက်နဲ့ ငြင်ငြင်သာသာ စမ်းကြည့်ပြီး “ကိုယ်ပူနေတုန်းပါလား အပြင်ဖက်ထွက်ပြီး လေစိမ်းအတိုက် မခံနဲ့နော်” လို့ ကျမကိုပြောရာကနေ တဆက်တည်း အဒေါ်ငယ်ဖက် လှည့်ပြီး ကျမအတွက် နွားနို့နဲ့မုန့် ကျွေးဘို့ရယ် ကျွေးပြီးရင် ဆေးပါတိုက်ဘို့ ပြောလိုက်ပါတယ်။ ကျမအရင်က အခုလိုခေါင်းကိုက်ပြီး ဖျားတာမျိုး တစ်ကြိမ်တစ်ခါမှ မဖြစ်ဖူးခဲ့ပါ။ သိတတ်တဲ့အရွယ်ကစလို့ ပထမဆုံးအကြိမ် ဖျားနာခြင်း ထင်ပါတယ်။ နာရေးလာမေးတဲ့ ဧည့်သည်တွေလဲ ကျမတို့မောင်နှမကို ဂရုဏာသက်စွာကြည့်ပြီး စိတ်မကောင်း ဖြစ်နေကြပုံရတယ်။
ကျမအစ်ကိုက “လုလု အပြင်ဖက်မှာ ညွန့်ညွန့်သိန်းနဲ့ အောင်မြင့်တို့ စောင့်နေကြတယ် သူတို့ဆီကို သွားရအောင်” လို့ ကျမ စိတ်ပြေလက်ပျောက် ရှိစေဘို့ ခေါ်ခြင်းဖြစ်ပါတယ်။ ကျမရဲ့စိတ်တွေ စုစည်းလို့ မရသေးပါ ဘယ်သူငယ်ချင်းနဲ့မှလဲ တွေ့ချင်စိတ်အလျင်းမရှိ။ လူကလည်း အားပြတ်နေတဲ့ လူမမာလို ယိမ်းယိုင်နေပြန်တယ်။ စိတ်ထဲကလဲ နောက်တစ်ကြိမ် တစ်ခေါက်လောက် ပြန်လည်လို့ တွေ့နိုင်တော့မှာ မဟုတ်တော့တဲ့ မေမေ့ကို အရမ်းတွေ့ချင်နေမိတယ်။ ကျမမေမေခွံ့ကျွေးတဲ့ ထမင်းကို စားချင်ပါသေးတယ်။ မေမေနဲ့ အတူတူ ရေချိုးချင်ပါသေးတယ်။ အိပ်ရာဝင်တိုင်း မေမေပြောပြတဲ့ ညီအစ်မခုနှစ်ဖေါ် ပုံပြင်လေးကို နားထောင်ချင်ပါသေးတယ်။ အားလပ်ချိန်တွေမှာ မေမေတီးတဲ့ဂီတာသံ မြူးမြူကြွကြွးလေးတွေကို နားထောင်ရင်း ကိုကိုနဲ့အတူ မေမေ့ဘေးနားမှာ အသံသေး အသံကြောင်နဲ့ သီချင်းတွေကို အော်ဟစ်ပြီး ဆိုချင်ပါသေးတယ်။ ရီမောပျော်ရွှင်စွာနဲ့ အဒေါ်လတ်နဲ့ အဒေါ်ငယ်တို့ မေမေ့ရဲ့ဂစ်တာသံကို လက်ခုပ်လိုက်တီးတာကို သဘောကျနေတဲ့ မေမေ့မျက်နှာကို မြင်ချင်ပါသေးတယ်။ အတွေးပေါင်းများစွာကို တွေးရင်း ကျမဝမ်းနည်း လာပါတယ်။ မျက်ရည်ကတော့ ထွက်မလာခဲ့ပါဘူး။ ကျမရဲ့အစ်ကိုလို ရင်ထဲကတင်းကြပ်မှုတွေ ပွင့်ထွက်သွားအောင် အော်ဟစ်ငိုကြွေးနိုင်ရင် ဘယ်လောက် ကောင်းလိုက်မလဲ။ ရင်ဘတ်ထဲက အောင့်ပြီး လည်ပင်းမှာတစ်ဆို့ဆို့ ဖြစ်နေတဲ့ ဝေဒနာဟာ အလွန်အမင်း အခံရခက်လှပါတယ်။ ကျမလည်း အပေါ်ထပ်ကို ပြန်တက်သွားပြီး ကုတင်ပေါ်မှာ ပြန်လှဲပြီးနေလိုက်ပါတော့တယ်။
တခဏ အကြာမှာတော့ ခြံဝင်းအတွင်းကို ဖေ့ဖေ့ရဲ့ဂျစ်ကားလေး ဝင်လာတဲ့အသံကို ကြားလိုက်ရတယ်။ အရင်ကလို ဖေဖေ့ကို မေမေ့ထက်ဦးအောင် ပြေးပြီး ကြိုလိုက်ချင်ပါရဲ့။ အခုတော့ အခြေအနေက ရုတ်တရက်ကြီး ပြောင်းလဲသွားခဲ့ပါပြီ။ တစ်အောင့်လောက်အကြာမှာ ကျမရှိရာ အိမ်အပေါ်ထပ်ကို ဖေဖေ တက်လာပြီး “လုလု နေမကောင်းဘူးဆို ကိုယ့်ကိုယ်ကို အမြန်နေကောင်းအောင် ဆေးသောက်ရမယ်နော် လုလုအတွက် မေမေကမှာသွားတယ် လုလုကိုဂရုစိုက်ပါတဲ့” လို့ ကျမကို ဖေဖေက ဆို့နင့်စွာပြောရင်း နဖူးကိုနမ်းလိုက်တယ် ။ဖေဖေ့ရဲ့ မျက်လုံးတွေဟာ နီရဲနေတာကို ကျမသတိထားမိတယ်။ ဘယ် အတိုင်းအတာအထိ ဖေဖေ စိတ်ထိခိုက်နေမယ် ဆိုတာကို ကျမ အသေအချာ မသိပေမယ့် ဝမ်းနည်းခြင်း များစွာနဲ့ ဖေဖေ့လက်ကို လှမ်းဆွဲလိုက်မိတယ်။ ကျန်ရစ်သူ ကျမတို့အားလုံးမှာတော့ ဘယ်လိုမှ ဖြည်ဆည်လို့ မရနိုင်လောက်အောင် ကြေကွဲဝမ်းနည်းလို့ နေကြတဲ့တိုင် မေမေကတော့ သူချစ်တဲ့ မိသားစု အသိုက်အမြုံလေးကို ထာဝရ ကျောခိုင်းသွားခဲ့ပါပြီ။
ကျမရဲ့ မွေးနေ့လဲ ကျော်မှန်းမသိ ကျော်သွားပြီး ဧပြီလ ၁၉ရက်နေ့မှာ ရန်ကုန်က မေမေ့ဆွေမျိုးတွေနဲ့ မင်းဘူးဖက်မှ ဖေဖေ့ဆွေမျိုးတွေ ရောက်လာကြပါတယ်။ ဆွေမျိုးသားချင်းတွေ အိမ်ထဲ ဝင်လိုက်တာနဲ့ မေမေ့နာမည်ကို တမ်းတမ်းတတ အော်ခေါ်ပြီး ငိုကြပြန်တယ်။ ကျမလဲ အပေါ်ထပ်ကနေ အောက်ထပ်ကို မဆင်းပါ။ ငိုယိုသံတွေလဲ အလျဉ်း မကြားလိုတော့။ အိမ်မှာ နှစ်ဖက်ဆွေမျိုးတွေ စုံလာတာကြောင့် အခန်းလွတ်တွေ မရှိသလောက် ပြည့်နေပါတယ်။ ကျမရဲ့မေမေဟာ ‘လူမြင်ချစ်ခင်ပါစေ’ ဆိုတဲ့ ဆုကိုများ တောင်းခဲ့လေရော့သလား မသိ လူချစ်လူခင် အတော်လေးပေါများတဲ့ ကျမရဲ့မေမေ။ ခရီးသွားနေတဲ့ ဦးလေး အငယ်လဲ သတင်းကြားကြားခြင်း မှီရာကားနှင့် ပြန်လိုက်ခဲ့တယ်။ အဒေါ်တွေကတော့ ကျမရဲ့ အခြေအနေကို တစ်လှည့်စီ လာလာပြီး ကြည့်ကြသလို ခရီးဝေးက ဆွေမျိုးတွေလဲ ကျမ နေမကောင်းတဲ့အတွက် ကျမဆီလာပြီး နှစ်သိမ့်စကားလုံးများ ပြောကြပါတယ်။ နောက်တစ်ရက် ဖြစ်တဲ့ ၂၀ရက်နေ့မှာ မေမေ့အသုဘကို ကျမလိုက်လို့ မရတဲ့အကြောင်း ဖေဖေကပြောတော့ ဖေဖေ့စကားကို ကျမစောဒက တက်မနေတော့ပါ။ ကိုယ်တိုင် နေမကောင်း ဖြစ်နေတဲ့အတွက် ခေါင်းညိတ်ပြရုံသာ ရှိပါတော့တယ်။ တဆက်တည်းမှာပဲ ဖေဖေက ဖွားဖွားရဲ့ ညီမတစ်ဝမ်းကွဲ ဖွားဖွားလေးနဲ့ ကစားဖော်သူငယ်ချင်း ညွန့်ညွန့်သိန်းတို့က ကျမအတွက် အဖေါ်လုပ်ပြီး စောင့်ပေးမှာ ဖြစ်တဲ့အကြောင်း ဖေဖေကပြောပါတယ်။
ဧပြီလ ၂၀ရက်နေ့ မေမေ့ရဲ့ နောက်ဆုံးခရီးကို ကျမလိုက်ပါ ပို့ဆောင်ခွင့်မတဲ့အတွက် ၀မ်းနည်းခဲ့ရတယ်။ အိပ်ယာကနေထပြီး ထိုင်လိုက်တဲ့အခါ ခေါင်းတစ်ခုလုံး အုံနေပြီး မျက်လုံးတွေမှာလဲ အပူအငွေ့တွေ ထွက်နေသလို ခံစားရတဲ့အပြင် အာခေါင်ကလည်း ခြောက်သွေ့နေတာမို့ ရေကို မကြာခဏ သောက်နေရပါတယ်။ ကျမကို အဖေါ်အနေနဲ့ စောင့်ပေးတဲ့ နှစ်ယောက်မှတစ်ပါး တစ်အိမ်လုံး တစ်ဦးတစ်လေးမှ မကျန်ပဲ တိတ်ဆိတ် ခြောက်ခြားနေပါတယ်။ မေမေ့ကို မြေမြှုပ်သင်္ဂြိုလ်မှာ ဖြစ်တဲ့အတွက် ကျမ အားမလျော့ခဲ့ပါဘူး ငါပြန်နေကောင်းရင် သွားကြည့်လို့ရတာပဲလို့ ကိုယ့်စိတ်ကို ဖြေမိပါတယ်။ မေမေကွယ်လွန်တဲ့ အချိန်မှာ ဗုဒ္ဓဘာသာဝင် တစ်ယောက်အဖြစ် ကူးပြောင်းခဲ့ပြီး ဖြစ်ပေမယ့် မေမေ့ရဲ့ မိခင်ဖြစ်သူ ရန်ကုန် ဖွားဖွားက ခရိယာန် သင်္ချိုင်းမှာသာ မြုပ်နှံလိုတဲ့အတွက် ဆွေမျိုးများ အားလုံးက ဖွားဖွားဆန္ဒအတိုင်း ခရိယာန် သင်္ချိုင်းမှာ မြေမြှုပ်သင်္ဂြိုလ်ဘို့ သဘောတူလိုက်ကြတယ်။ ခရိယာန်ဆွေမျိုး အသိုင်းအဝိုင်းမှ မေမေ့အတွက် ခရိယာန် ဘုရားကျောင်းမှာ ဆုတောင်း ဝတ်ပြုပွဲ ကျင်းပခဲ့သလို ဗုဒ္ဓဘာသာဝင် ဆွေမျိုး အသိုင်းအဝိုင်းကလဲ ကျမမေမေရဲ့ သံသရာ ဝဋ်ဆင်းရဲ ဒုက္ခအပေါင်းမှ ကျွတ်လွတ်စေဘို့ ရည်သန်ပြီး နန်းတွင်း ဘုန်းကြီးကျောင်းကနေ သံယာ(၅)ပါးကို ပင့်ဆောင်ကာ ရက်လည်ဆွမ်းကျွေး တရားနာခြင်း တို့ကို အသိမှာ ဥာဏ်ဆင့်ရင်း သံဝေဂတရားနဲ့ အမျှဝေပြီး သာဓုအနုမောဒနာ ခေါ်ဆိုကြပါတယ်။

မတ္တရာဘက်ကို သင်္ချိုင်းများ မရွှေ့ခင် အုတ်ဂူဟောင်း

ရက်ပိုင်းအတွင်း ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေဟာ ကျမဘ၀ တစ်သက်စာအတွက် မေ့မရနိုင်တဲ့ အတိတ်က ပုံရိပ်များသာဖြစ်ပါတော့တယ်။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz