x

1.3.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၆


အတိတ်မှပုံရိပ်များကို ကျမဘယ်သောအခါမှ မမေ့နိုင်ခဲ့သလို တိုတောင်းတဲ့ လူ့ဘဝထဲမှာ ရှုပ်ထွေးတဲ့ သပွတ်အူလို ကျမဘဝလည်း အမည်ဖော်လို့မရတဲ့ ခေါင်းစဉ်တွေနဲ့ ရှုပ်ထွေးနေခဲ့ရပါတယ်။ ဘယ်လို အခြေအနေဖြစ်ဖြစ် ကျမကြုံတွေ့နေရတဲ့ ရှုပ်ထွေးတဲ့ ဘဝကို ရဲရဲရင့်ရင့် ရင်ဆိုင်ဖြတ်သန်းဖို့လည်း ကျမ အသင့်အနေအထားမှာ ရှိနေခဲ့ပါတယ် ။ကျမအသက် (၇)နှစ်ပြည့်တဲ့ မွေးနေ့မှာ ကျမကိုစိတ်မချပါဘူးဆိုတဲ့ မေမေ၊ လူ့ဘဝကြီးကို ခင်တွယ်မက်မောပြီး ဒီမိသားစု အသိုင်းဝိုင်းကြီးကို တစ်သက်လုံး မခွဲချင်တဲ့ မေမေတစ်ယောက် အတိတ်ကံ အကျိုးပေးနည်းခဲ့လို့ အသက်(၂၉)နှစ်နဲ့ သူချစ်တဲ့ အသိုင်းအဝိုင်းကြီးကို ထာဝရ စွန့်လွှတ် ကျောခိုင်း သွားခဲ့ပြီမဟုတ်ပါလား။ မေမေ ဆုံးတဲ့အချိန်မှာ ကျမရဲ့အငယ်ဆုံး မောင်လေး တူတူးက အသက်(၂)နှစ်နဲ့ ကျန်ခဲ့ပြီး အစ်ကိုကတော့ အသက်(၉)နှစ်ဖြစ်ပါတယ်။ ကျမရဲ့မေမေကို ခေါ်ဆောင်သွားတဲ့ ဆေးရုံကားကို အချိန်ကြာမြင့်စွာ ခြစ်ခြစ်တောက် ပူနေတဲ့ နေရောင်အောက်မှာ ငေးမောကြည့်နေခဲ့တဲ့ အကျိုးဆက်ကတော့ ကျမမှာ Migraine လို့ခေါ်တဲ့ ခေါင်းကြီးကိုက် ဝေဒနာ စွဲကျန်ရစ်ခဲ့ပါတယ်။ ဒီအပြင်ကျမ မကြာခဏ ဖျားနာတတ်လာပါတယ်။ ဆေးခန်း သွားလိုက် သက်သာလိုက် ရက် အနည်းငယ်နေပြီး ၊ပြန်ဖျားလိုက် တစ်ခါဆေးခန်း သွားလိုက် သက်သာလိုက်။ ကျမနဲ့ အဖျားရောဂါ အဖျားရောဂါနဲ့ ဆေးခန်း ဆေးခန်းနဲ့ ကျမတို့ သုံးဦးသုံးဖလှယ် လုံးခြာပတ်လည် ရိုက်လို့နေပါတော့တယ်။

မေမေဆုံးပြီး ရက်လည်တဲ့နေ့မှာပဲ ကျမရဲ့ဖေဖေလည်း အထက်လူကြီးတွေဆီကနေ ခွင့်ပြုချက်တောင်းယူပြီး စိတ်ရဲ့ဖြေရာ တစ်ခုတည်းသော လမ်းဖြစ်တဲ့ သာသနာရဲ့အရိပ်မှာ ပဉ္ဇင်းခံသွားပါတယ်။ အချိန်တစ်လပြည့်တော့ ဖေဖေ လူဝတ်လဲပြီး ရန်ကုန်ဖက်ကို ခရီးထွက်သွားပါတယ်။ တစ်ရက်မှာ နေမကောင်းတဲ့ ကျမ ကုတင်ပေါ် လှဲနေတုန်း အစ်ကိုဖြစ်သူက ကျမရဲ့ ဘေးနားမှာထိုင်ပြီး စကားတွေဖောင်ဖွဲ့ပြောနေချိန်မှာ ဂျစ်ကားသံကို ကြားလိုက်တော့ မောင်နှမ နှစ်ယောက်သား ပြိုင်တူ ‘ဖေဖေပြန်လာပြီ’ လို့ အော်လိုက်ကြတယ် အစ်ကိုဖြစ်သူက ဦးစွာ အပေါ်ထပ်ကနေ ၊ပြေးဆင်းသွားပြီး ကျမလည်းနောက်က ၊ဖြည်းဖြည်းချင်း လိုက်ဆင်းသွားပါတယ်။ ရန်ကုန်ကပြန်လာတဲ့ဖေဖေ့ကိုပြေးဖက်မယ်အလုပ်မှာ ဖေဖေ့ကားရဲ့ နောက်ခန်းမှာ ကျမထက် ၂နှစ်လောက်ငယ်တဲ့ ညီမလေးတစ်ယောက်နဲ့ ရန်ကုန်က မေမေ့အစ်မတစ်ယောက် ဆိုသူ ပါလာတာကို မြင်လိုက်ပါတယ်။ ဂျစ်ကားပေါ်ကနေ ဖေဖေက အရင်ဆင်းလိုက်ပြီး အဲဒီ ညီမလေးကို ပွေ့ချီပြီး ကားပေါ်ကနေ ချပေးလိုက်ပါတယ်။ အဲဒီညီမလေးရဲ့ လက်ကိုဖေဖေကဆွဲပြီး ကျမတို့မောင်နှမ ဆီကို လျှောက်လာပါတယ်။ “ဒါက တီးတိုးနဲ့ လုလုတို့ရဲ့ ညီမလေးအရင်း 'တူးမာ'ပဲ မှတ်ထားကြနော် ဒီကနေ့ကစပြီး မောင်နှမလေးယောက် သင့်သင့်မြတ်မြတ် ပျော်ပျော်ရွှင်ရွှင်နေကြ ဟုတ်ပြီလား” လို့ ဖေဖေကပြောပြောဆိုဆို ညီမလေးကို ကျမတို့အနားမှာ ထားခဲ့ပြီး အပေါ်ထပ်ကို တစ်လှမ်းချင်း တက်သွားပါတယ်။ ၊ဖေဖေ့မျက်နှာမှာလဲ ညှိုးညှိုးနွမ်းနွမ်းနဲ့ ပင်ပမ်းနေပုံရပြီး အရင်က အပြုံးတွေလည်း ပျောက်ကွယ်သွားခဲ့ပါပြီ။

ကျမတို့ မောင်နှမနှစ်ယောက်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အူကြောင်ကြောင် ဖြစ်နေပါတယ် တစ်ကြိမ်တစ်ခါမျှ မမြင်ဖူး မတွေ့ဘူးတဲ့ ညီမလေးအရင်း တစ်ယောက် ကျမတို့အနား ချက်ခြင်းကြီးဆိုသလို ရောက်လာတာကို နှစ်ယောက်စလုံး ထူးဆန်းအံ့သြ နေကြတယ်လေ။ ညီမလေးကတော့ ရန်ကုန်က မေမေ့အစ်မဖြစ်သူ ကျမအဒေါ်ရဲ့လက်ကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမြဲပါ။ အဒေါ်ကလည်း ညီမလေးကို ကြည့်ပြီး ကျမတို့ မောင်နှမနှစ်ယောက် နားမလည်တဲ့ ကရင် ဘာသာစကားနဲ့ တတွတ်တွတ် အဆက်မပြတ် ပြောနေပါတယ်။ တခဏကြာတော့ ကျမက ညီမလေးလက်ကို ဆွဲပြီး “လာ လာ တူးမာ အပေါ်ထပ်မှာ မောင်လေး တူတူးရှိတယ် သူ့ဆီသွားကြရအောင်လို့” လို့ပြောတော့ ညီမလေးက သူ့လက်ကို ကျမလက်ကနေ ပြန်ရုန်းထွက်ပြီး “အိုခေါ့ အိုခေါ့” လို့ပြန်ပြောပါတယ်။ သူ ဘာပြောမှန်းမသိတော့ ကျမလည်း အဒေါ်ဘက်ကို လှမ်းကြည့်မိတယ် အဒေါ်က “ခဏလေး ခဏလေး"လို့ ပြောနေတာ လုလုရဲ့” လို့ရှင်းပြပါတယ်။ ညီမလေးက အဒေါ့်လက်ကို ဆွဲခါပြီး “ထီး-ထီး” လို့ပြောတော့ အဒေါ်က ရေတစ်ခွက် သွားခတ်လာပြီး တိုက်လိုက်တယ် အဒေါ်ခတ်လာတဲ့ ရေကိုသောက်ပြီးမှ တူးမာက ကျမရဲ့လက်ကို ပြန်ကိုင်ပြီး ကျမခေါ်ရာ အပေါ်ထပ်ကို လိုက်လာပါတော့တယ်။ အစ်ကိုနဲ့ ကျမတို့လည်း သွေးကစကားပြောတယ် ထင်ပါရဲ့ ညီမလေးကို မြင်မြင်ချင်းပဲ ချစ်ကြသလို ညီမလေးကလည်း အခုမှတွေ့ဘူးတဲ့ ကျမတို့မောင်နှမ နှစ်ယောက်ကို သူ့ရဲ့ အစ်ကိုနဲ့အမ အရင်းအဖြစ်နဲ့ တုံ့ဆိုင်းခြင်းမရှိ လက်ခံပါတယ်။ အပေါ်ထပ်ကို ရောက်တဲ့အခါ လေယာဉ်ပျံအရုပ်ကလေးတွေနဲ့ ကစားနေတဲ့ အငယ်ဆုံးမောင်လေး တူတူးရဲ့ အနားမှာထိုင်ပြီး “တူတူး ဒါ တူတူးရဲ့ မမနော် ‘မမ’ လို့ခေါ်ကြည့်ပါအုံး” လို့ကျမကပြောတော့ မောင်လေးက “မမ - မမ” လို့ခေါ်တဲ့အခါ ညီမလေးက ကျမကိုလှည့်ကြည့်ပြီး ရီပြပါတယ်။ မြန်မာစကား မတတ်ပေမယ့် တူးမာက ကျမတို့ရဲ့ အရိပ်အခြေကို အကဲခတ်ပြီး နားလည်နေပုံရပါတယ်။

အရင်က ဖေဖေနဲ့မေမေတို့ နေခဲ့တဲ့ အခန်းကျယ်ကြီးမှာ အခုတော့ ဖေဖေတစ်ယောက်တည်း အထီးကျန်စွာ နေရပါတယ်။ ကျမရဲ့မေမေ ဆုံးပြီးတဲ့နောက် မူတူးလူက တူတူးကို အရင်ထက်ပိုပြီး ဂရုတစိုက် ရှိသလို အမြဲတန်းလိုလို အရိပ်တကြည့်ကြည့်နေလေ့ ရှိပါတယ်။ မောင်လေးကို ကျမတို့စတာတောင် သူက လက်မခံချင်ပါဘူး။ ကျမလည်း ဖေဖေ့အခန်းထဲကို မသိမသာ လှမ်းမျှော်ကြည့်လိုက်တော့ ဖေဖေက တစ်ခြားတစ်ဖက်ကို စောင်းပြီးအိပ်နေတာကို တွေ့ရတဲ့အတွက် ဖေဖေ့ကို အနှောင့်အယှက် မပေးလိုတာကြောင့် ကျမဖေဖေ့အခန်းကို မဝင်တော့ပါဘူး။ အစ်ကိုနဲ့ တူးမာတို့က တူတူး အရုပ်ကလေးတွေနဲ့ ကစားတာကို စိတ်ဝင်တစား ထိုင်ကြည့်နေကြချိန်မှာ ကျမက ဘေးခန်းရှည်ထဲမှာ သနပ်ခါးလိမ်းနေတဲ့ ဖွားဖွားဆီကို သွားပြီး သိချင်တာလေးကို စပ်စုလိုက်ပြန်တယ်။ “ဖွားဖွား ညီမလေးက ဘယ်လိုလုပ်ပြီး ပေါ်လာတာလဲဟင် ညီမလေးက ဘာဖြစ်လို့ ဗမာစကား မပြောတတ်တာလဲ” လို့ ကျမသိချင်တာကို မေးလိုက်တော့ ဖွားဖွားက “ပူလူး မေမေ လွယ်လင်မှာ တူးမာကို မွေးတုန်းက နေမကောင်း အတော်လေးဖြစ်ပြီး အိပ်ရာက မထနိုင်ဘူးလေ အဲဒီတုန်းက ပူလူးကအသက် ၂နှစ်လောက်ဆိုတော့ ဘယ်မှတ်မိပါ့မလဲ ရန်ကုန်ကအဒေါ်ဆိက မေမေ့ကို အဖေါ်သွားနေပေးရင်း အပိုင်မွေးစားဖို့ တောင်းလာခဲ့လိုက်တာ။ ကျန်းမာရေးမကောင်းတဲ့ အတွက် ညီမလေးကို မပေးချင်ပဲ ပေးလိုက်ရတာပေါ့။ နောက်ပြီး သူတို့တွေက ကရင် အသိုင်းအဝိုင်းမှာ နေကြတာဆိုတော့ ကရင်စကားပဲ ပြောကြတယ်လေ။ ဒါကြောင့် ပူလူးရဲ့ ညီမလေး တူးမာက ဗမာစကား မတတ်တော့ဘူးပေါ့ကွယ်။ မောင်နှမတွေ တစ်ကွဲတစ်ပြား ဖြစ်မနေတော့အောင် ဖေဖေက ရန်ကုန်ကနေ ပြန်ခေါ်လာတာ” လို့ စိတ်ရှည်စွာနဲ့ ပြောပြီး တဆက်တည်း “ကုတင်ပေါ် သွားလှဲနေပါလား ပူလူးရဲ့ နေလည်း သိတ်ကောင်းတာမဟုတ်ပဲနဲ့” လို့ပြောပေမယ့် ညီမလေး တစ်ယောက် မထင်မှတ်ပဲ ကောက်ရသလို ရလိုက်တဲ့ကျမ အပျော်လွန်ပြီး အဖျားလည်း သူ့အလိုလို ပျောက်သွားပုံ ရပါတယ်။ ဖွားဖွားက ရှင်းပြလိုက်တော့ ကျမသိချင်တဲ့ အဖြေကိုရပြီမို့ ကျမလည်း မောင်လေးတို့ ကစားနေတဲ့ နေရာကို ပြန်သွားလိုက်ပါတယ်။

“တီးတိုး လုလု ကစားကြမယ်ဟေ့”လို့ အနောက်ဖက်ခြံက ဂေါ်ရာနဲ့ပေါက်ပေါက်တို့ရဲ့ ခေါ်သံကိုကြားတော့ ကျမတို့မောင်နှမ သုံးယောက် အောက်ထပ်ကို ဆင်းလာကြပါတယ်။ တူတူးကတော့ အသက်-၂နှစ်သာ ရှိသေးတဲ့အတွက် ကျမတို့နဲ့အတူ လိုက်ကစားလို့ မရတာမို့ သူ့အရုပ်ကလေးတွေနဲ့ သူ ကစားရင်း အပေါ်ထပ်မှာ ကျန်ရစ်ခဲ့သလို သူ့အထိန်းတော် မူတူးလူနဲ့ ပျော်ပျော်ရွှင်ရွှင် ကစားနေခဲ့ပါတယ်။ မောင်နှမသုံးယောက်အပြင် တစ်ခြံထဲနေ အောင်မြင့် ပေါက်ပေါက်တို့ ညီအစ်ကို စုစုပေါင်း ၆-ယောက်သား ကစားဘို့်အတွက် လူစု ခွဲကြပါတယ်။ “တီးတိုး ဒါ ဘယ်သူလဲကွ” လို့ ပေါက်ပေါက်က ညီမလေးကို မေးငေါ့ပြရင်း အစ်ကို့ကို မေးတဲ့အခါ အစ်ကိုက “ငါ့ ညီမလေး ‘တူးမာ’ တဲ့ လုလုရဲ့ အငယ်ပေါ့ မှတ်ထား” လို့ ပြန်မိတ်ဆက် ပေးလိုက်ပါတယ်။ ကျမတို့ ကစားတဲ့အဖွဲ့ထဲမှာ တူးမာကတော့ သူများတွေ ကစားတာကို နားမလည်ပေမယ့် အတတ်နိုင်ဆုံး ကြိုးစားပြီး လိုက်ကစားပါတယ်။ ကျမက ငယ်ငယ်လေးထဲက ဒီအစ်ကိုတွေကြားမှာ နေ့တိုင်းကစားခဲ့ရတာမို့ အရင်ပြောခဲ့ဘူးသလို ပေသီးကျင်းစိမ် သစ်ပင်တက် သူခိုးပုလိပ် သားရည်ကွင်းပစ် ကျည်းသားရိုက် စစ်တိုက်တမ်း အစရှိတာတွေကို ကစားလေ့ရှိပြီး ဘေးခြံက မမစန်းတို့အဖွဲ့က ညောင်ပင်တစ္ဆေ ထုတ်စည်းတိုး ပုံးခေါက် တူတူပုန်း ကုလားမစည်း ဂုံညင်းထိုး အစရှိတာတွေကို ကစားလေ့ရှိပါတယ်။ ကစားတိုင်း ကျမကိုခေါ်ပေမယ့် ကျမအစ်ကိုတွေ ကစားတဲ့နည်းတွေကို ပိုသဘောကျတဲ့အတွက် မမစန်းတို့ အဖွဲ့နဲ့ တစ်ကြိမ်တစ်ခါမျှ သွားမကစားခဲ့ပါဘူး။ သူခိုးပုလိပ် နဲ့ စစ်တိုက်တန်းကစားတိုင်းလည်း ကျမတို့အိမ်ရဲ့ အရှေ့ဖက်မှာရှိတဲ့ တောင်ကုန်းမြင့် သစ်ပင်အုပ် အစရှိတဲ့နေရာတွေမှာ သွားကစားလေ့ရှိပါတယ်။ သစ်ပင်တက်တန်း ကစားရင်တော့ ကျမတို့ခြံဝန်းထဲမှာရှိတဲ့ မန်ကျည်းပင်ကြီးတွေကို အသုံးပြုရင်း ခြံဝန်းထဲမှာပဲ ကစားလေ့ရှိပါတယ်။ တစ်ခြားကစားနည်းတွေကိုတော့ ခြံဝန်းအတွင်း အိမ်ရှေ့က ကွက်လပ်ကြီးမှာ ကစားကြပါတယ်။ ကျမတို့ကစားနည်းတွေက နည်းနည်းကြမ်းတာက တစ်ကြောင်း ဗမာစကားကို မတတ်တာကြောင့် တစ်ကြောင်းကြောင့် ကစားဝိုင်းကနေ ညီမလေး ထွက်သွားပြီး မောင်လေးနားမှာ သွားထိုင်နေပါတော့တယ်။ မကြာပါဘူး ကျမဖွားဖွားက "ပူလူး လာတော့ နောက်တစ်ရက်မှ ဆက်ကစားတော့ ပြန်ဖျားနေမှဖြင့်" ဆိုလို့ ကျမလည်း အိမ်အပေါ်ထပ်ကို စိတ်မပါ့တပါနဲ့ တက်သွားပါတော့တယ်။

နေမကောင်း မကြာမကြာဖြစ်တတ်တဲ့ ကျမတစ်ယောက် ညီမလေးတူးမာ ရောက်လာတဲ့ အချိန်ကစပြီး ဖျားနာတာ တစ်ကြိမ်နဲ့ တစ်ကြိမ် အလှမ်းဝေးသွားပါတယ် ဒါပေမယ့်လည်း ကျမရဲ့ ခေါင်းကိုက် ဝေဒနာကတော့ နေပူထဲ ထွက်ပြီးတိုင်း ဖြစ်လေ့ဖြစ်ထ ရှိလာတာကို သတိထားမိတဲ့အတွက် အပြင်ဘက် ထွက်ကစားတဲ့ အခါတိုင်းလည်း ကျမဦးထုပ်ဆောင်းပြီး ကစားလေ့ရှိပါတယ်။ မကြာခဏ ဆိုသလို ခေါင်းကိုက်ဝေဒနာကြောင့် ကျမ ကစားရတဲ့ အချိန်တွေလည်း နည်းမှန်းမသိ နည်းလာပါတော့တယ်။ ကျမလည်း ကိုယ့်ကိုယ်ကို သတိမထားမိလောက်အောင် ခေါင်းမာတတ်လာပါတယ်။ မကြာခဏ ဆိုသလို နေမကောင်း ဖြစ်လာတော့ တော်ရုံတန်ရုံလောက်ဆိုရင် ဖျားနာတာကို အိမ်ကလူကြီးတွေတောင် မသိလိုက်သလို ခေါင်းကိုက်တဲ့အခါမှာလည်း ခေါင်းတစ်ခုလုံး ပေါက်ထွက်မတတ် ကိုက်နေတာကို လူကြီးတွေကို တစ်ကြိမ်တစ်ခါမှ မပြောခဲ့တဲ့အတွက် အိမ်ကသူတွေကတော့ ကျမကို အမှတ်တမဲ့ ရိုးရိုးခေါင်းကိုက်တယ်လို့ပဲ ယူဆခဲ့ကြတာလေ။ ညီမလေး အိမ်ကို မရောက်ခင်ကအထိ ကျမခေါင်းကိုက်ပြီဆိုရင် တစ်ခါတလေ အနားမှာ အစ်ကိုကလာနေပေးပြီး အများအားဖြင့်တော့ အိပ်ယာပေါ်မှာ တစ်ယောက်ထဲ ခွေနေတတ်ပါတယ်။ ညီမလေးရောက်လာပြီးတဲ့ အချိန်ကစပြီး ကျမခေါင်းကိုက်တိုင်း ကျမအနားမှာ ညီမလေးက အဖေါ်လာလုပ်ပေးပြီး ကျမနားမလည်တဲ့ စကားတွေနဲ့ ဖောင်ဖွဲ့နေအောင်ပြောသလို ခြေဟန်လက်ဟန် အမျိုးမျိုးနဲ့ ကျမနားလည်အောင် ကြိုးစားပြောတတ်ပြန်တယ်။ သူ့ရဲ့ လက်ချောင်းလေးတွေနဲ့ ကျမရဲ့ခေါင်းကို နှိပ်ပေးတတ်ပြီး ကျမအိပ်ပျော်သွားလို့ တစ်ရေးနိုးပြီဆိုရင်တော့ ခေါင်းကိုက်တဲ့ ဝေဒနာဟာ ပျောက်ကင်းနေစမြဲပါ။ တစ်ခါတစ်ရံ ကျမ အိပ်ရာကနေ နိုးလာတဲ့အခါ ကျမရဲ့ဘေးနားမှာ ခွေခွေလေး အိပ်ပျော်နေတဲ့ ညီမလေးကိုမြင်ရတယ်။ သူနိုးလာလို့ ကျမခေါင်းကိုက်ဝေဒနာ ပျောက်နေတာကိုမြင်ရင် ပျော်ရွှင်မြူးတူးစွာနဲ့ တူးမာက လက်ခုပ် အားပါးတရတီးတာ ဒီကနေ့အထိ သတိရနေဆဲပါ။
အစ်ကို တီးတိုးနဲ့ ညီမလေး တူးမာ
လုလုကတော့ အိပ်ယာပေါ် ခွေနေတာများတော့ ဓာတ်ပုံတောင်ရှာမရဘူး :P

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz