x

10.3.14

အကြောက်တရား တဂ်ပို့စ်


"ကြိုတင်သိမြင်နိုင်တဲ့ အကြောက်တရားနဲ့ ကြိုတင်မမြင်နိုင်တဲ့ အကြောက်တရား။ ဘယ်အရာက သင့်ကို ပိုပြီး ကြောက်လန့်စေပါသလဲ" ဆိုတဲ့ နှင်းနဲ့မာယာ(စနိုးလေး)ရဲ့ တဂ်ပို့စ်လေးပါ။ ခေါင်းစဉ်လေးကို ဖတ်လိုက်ရင်တော့ ရိုးရိုးရှင်းရှင်းလေး ဆိုပေမယ့် ကျမအတွက်တော့ အတွေးသံသရာ အတော်လေးရှည်ပြီး နက်ရှိုင်းတဲ့ တဂ်ပို့စ်လေး တစ်ပုဒ်ပါ။ ရင်ခုန်မိတဲ့ ဒီတဂ်ပို့စ်လေး မဖြစ်ပေါ်လာခင် ရက်ပိုင်းလောက်မှာ ကိုကိုမောင် (ပန်းရနံ့) ကျမတို့ဘလော့ဂါများသိတဲ့ တုံးဖလားရွာက သူကြီးမင်းရဲ့ 'ဘကုန်းရွာမှ ဖဦးထုပ်ချစ်သူများ' ပို့စ်လေးကို ကျမဖတ်ပြီးတဲ့ အချိန်ကစပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်လေးနဲ့ အတူ ဘလော့ရွာမှာပဲ အချိန်ပေးတော့တယ်။ သူကြီးမင်းကို ကျေးဇူးတင်မိတယ်။ ကျမ ဒီပို့စ်လေးကို ရေးဘို့အတွက် ပျော်ရွှင် ကြည်နူးခဲ့ရခြင်း အကြောင်းရင်းက တစ်ချိန်က စည်ပင်သာယာဝ ပြောခဲ့တဲ့ ဘလော့ရွာကြီးမှာ နေထိုင်ကြတဲ့ အပေါင်းအသင်း ရောင်းရင်းများရဲ့ စိတ်လေးတွေကို ပြန်လည်လာအောင် တစ်နည်းဆိုရရင် တည်ငြိမ်အေးချမ်းမှုရှိတဲ့ ရွာလေးမှာပဲ ပျော်စေချင်တာမို့ မသိမသာမဟုတ်ပဲ ပေါ်ပေါ်ထင်ထင် စည်းရုံးခေါ်ဆောင်တဲ့ ပို့စ်လေးတစ်ပုဒ်မို့လဲ အရင့်အရင် တဂ်ပို့စ်တွေထက် ကျမစိတ်ကို လှုပ်ရှားစေပြီး ပိုပျော်ခဲ့ခြင်းပါ။ တဂ်ပို့စ်ခေါင်းစဉ်လေး ခေါင်းထဲဝင်လာတဲ့ အချိန် နေ့ရက်ကစပြီး လက်ရှိရေးနေတဲ့ 'တစ်ဘ၀ရဲ့ မိုင်တိုင်များ' လဲခေတ္တခဏ ခေါက်သိမ်းထားခြင်း ခံရသလို ဒီကနေ့မှာတင်တဲ့ ပို့စ်လေးကိုလဲ ပြီးစလွယ် မရေးချင်တာလဲပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ တဂ်ပို့စ်လေးရေးခဲ့တာ ဒါပါနဲ့ဆိုရင် ၃ပုဒ်မြောက်ပါ။ တစ်ပုဒ်ရေးလိုက် Draft ထဲမှာသိမ်းလိုက် နောက်တစ်ပုဒ်ရေးလိုက် ထပ်သိမ်းလိုက်နဲ့ ဒီကနေ့မနက် အိပ်ယာနိုးတော့ မောင်ဏီ 'ဏီလင်းညို'ရဲ့ ကွန်မန့်လေးကို ဖေ့ဘုတ်မှာ ဖတ်ရတယ်။ 'တီတင့် ပျော်နေပုံရသည်' ဆိုတဲ့ စာသားလေး တစ်ကြောင်း။ နောက်ဆုံး အဆုံးသတ်မဲ့ ဒီကနေ့တင်တဲ့ တဂ်ပို့စ်လေး တစ်ပုဒ်ဖြစ်လာတယ် ဆိုရင်လဲ မမှားပါဘူး။ ဘာဖြစ်လို့ ပျော်တာလဲလို့ ကိုယ့်ကိုယ်ကို မေးမိတယ်။ ရှုထောင့် အမျိုးမျိုးကနေ ကိုယ်ပိုင် စိတ်ကူးလေးတွေနဲ့ ပျော်ရွှင်စရာ ၀မ်းနည်းစရာ ရယ်မောစရာနဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ ရသစုံ ရေးတင်လာမဲ့ တဂ်ပို့စ်လေးတွေကို ကြိုတင်စိတ်ကူးမိရင်း ဖတ်ရမှာကို ပျော်နေခဲ့တယ်။ မုဒ်ဝင်ပြီဆိုရင် စာကြောင်းလေး တစ်ကြောင်းဟာ ဆောင်းပါးတစ်ပုဒ် အဖြစ်ကို အသွင် ကူးပြောင်းသွားနိုင်တဲ့ စွမ်းအားရှိတယ်လို့ ဆိုနိုင်ပါတယ်။ မနေ့ညကတော့ စာရေးကောင်းတဲ့ ဘလော့ဂါတစ်ချို့ အခက်အခဲ အကြောင်းအမျိုးမျိုးကြောင့် တဂ်ပို့စ်ကို မရေးဖြစ်ကြသေးဘူးလို့ ကြားခဲ့ချိန်မှာတော့ စိတ်ထဲမှာ ပျော်နေတဲ့ တချို့တ၀က် စိတ်မကောင်းခြင်းကို အသွင် ကူးပြောင်းသွားတယ်။ ဒါလဲဘယ်တတ်နိုင်မလဲ။ တရားသဘောနဲ့ ကြည့်ရင် ဆန္ဒနဲ့ဘ၀ဆိုတာ ထပ်တူထပ်မျှ ကိုက်ညီရိုးထုံးစံ မရှိဘူး မဟုတ်ပါလား။
ကျမတဂ်ပို့စ်လေးရဲ့ ခေါင်းစဉ်နဲ့ပတ်သက်ပြီး သားတို့အဖေကြီးရဲ့အမြင်ကို တီးခေါက်ကြည့်တော့ ကျမနဲ့ တွေးတော ထင်မြင် ယူဆချက်ခြင်း တူနေတာကို တွေ့ရတယ်။ ဥပမာလေးကလဲ တိုက်ပွဲတစ်ခုပေါ်မှာ အခြေခံပြီး ပြောပြတယ်။ တစ်ဖက်မှာရှိတဲ့ ရန်သူရဲ့ အင်အား လက်နက်အင်အားကို ကြိုတင်သိရှိ ခန့်မှန်းနိုင်ရင် ကိုယ့်ဘက်ကလဲ ပြင်ဆင်မှုတွေ ကြိုတင်လုပ်နိုင်တာပေါ့ ဆိုတာမျိုးကို အကျယ်တ၀ံ့ ပြောပြတယ်။ ဒီတော့ လွန်ခဲ့တဲ့ အချိန်ကာလတစ်ခုမှာ ကျမရဲ့ အစ်ကိုကြီးပြောဘူးတဲ့ ကိုယ်တွေ့ စစ်ဆင်ရေး အတွေ့အကြုံလေးတစ်ခု ခေါင်းထဲဝင်လာတယ်။ 'မဲသဝေါတိုက်ပွဲ' မှာ ကျမအစ်ကိုကြီးရဲ့ ဒူးခေါင်းကို ရန်သူ့ဘက်က လက်နက်ကြီး အစိတ်အပိုင်းတစ်ခု ထိမှန်တဲ့အခါ ဆေးတပ်ဖွဲ့က အစ်ကိုကြီးကို ဒဏ်ရာရသူတွေ ထားတဲ့ကျင်းကြီး တစ်ခုထဲမှာ ထားခဲ့တယ်။ လက်နက်ကြီး ကျည်ဆံတွေဟာလဲ စဉ်ဆက်မပြတ် ကျနေတာကြောင့် အစ်ကိုကြီးရဲ့ အနီးကပ် ရဲဘော်လေးဟာ အစ်ကိုကြီးကို ကျောပိုးပြီး ကျင်းထဲကနေ အပြင်ဘက်ကို ခေါ်ထုတ်သွားတယ်။ ခပ်လှမ်းလှမ်း အရောက်မှာပဲ လက်နက်ကြီးက ကျင်းထဲကျပြီး ဒဏ်ရာရ စစ်သည်တွေ ကျဆုံးခဲ့ရတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မဲသဝေါတိုက်ပွဲကို စတိုက်ကထဲက အထက်စီးက နေရာရယူထားတဲ့ တစ်ဖက်ရန်သူရဲ့ လူအင်အား လက်နက်အင်းအာ အစရှိတာတွေဟာ ကြိုတင်ခန့်မှန်းပြီး သူ့ရဲ့ စစ်သည်တွေကို ဘုရင့်နောင်ဖောင်ဖျက် တိုက်ပွဲဝင်ဘို့ အားပေးခဲ့ပြီး ကိုယ်တိုင်လဲ စိတ်ကို အတတ်နိုင်ဆုံး လျှော့ထားကာ တိုက်ပွဲဝင်ခဲ့တဲ့အကြောင်း ပြောဘူးတယ်။ ကျမက အစ်ကိုကြီးကို မေးခဲ့ဘူးတယ်။ 'နောက်ဆုံးအခြေအနေ အကျဉ်းအကြပ်ထဲ ရောက်နေတော့ မကြောက်ဘူးလား' လို့ မေးတော့ အစ်ကိုကြီးက 'သွေးနဲ့ကိုယ် သားနဲ့ကိုယ်ပဲလေ စစ်သည်တိုင်းလဲ သေရမှာကိုတော့ ကြောက်ကြတာပေါ့ ဒါပေမယ့် ကြိုတင် ခန့်မှန်းနိုင်တာကြောင့် ကိုယ့်ရဲ့စိတ်တွေကို တည်ငြိမ်နိုင်သမျှ တည်ငြိမ်အောင် ထားရင်း အကြောက်တရားကို ဥပေက္ခာ ပြုရတာပေါ့' လို့ ပြောခဲ့ဘူးတယ်။
ကျမရဲ့ 'သေကံမရောက် သက်မပျောက်' ခေါင်းစဉ်ပေးထားတဲ့ ပို့စ်ဟောင်းလေးထဲက အကြောင်းအရာဟာ အခုတဂ်ပို့စ်နဲ့ ဆက်နွယ်မှုလေးရှိတာမို့ အတိုချုပ်လေးလဲ ရေးချင်ပါသေးတယ်။ အစ်ကိုကြီး အသက် ၁၁-နှစ်၊ ကျမအသက် ၉-နှစ်နဲ့ တူတူးအသက် ၄-နှစ်မှာ မောင်နှမသုံးယောက် တိုက်ဖွိုက်လို့ခေါ်တဲ့ အူယောင်ငန်းဖျား ရောဂါကြောင့် သထုံဆေးရုံမှာ အတွင်းလူနာ ဖြစ်ခဲ့ဘူးတယ်။ တစ်ရက်ပြီးတစ်ရက် ကျမတို့ မောင်နှမသုံးယောက်ရဲ့ ကျန်းမာရေး အခြေအနေဟာ ပြောင်းလဲ တိုးတက်ခြင်း အလျဉ်းမရှိခဲ့။ တစ်နေ့တစ်နေ့ ညည်းတွားသံများ အကြားမှာ စိတ်ဓာတ်ကျဖွယ်ရာ။ ရက်တွေကြာလာတာနဲ့အမျှ ကျမတို့ သုံးယောက်ရဲ့ အခြေအနေဟာ တစ်နေ့တစ်ခြား ပိုမိုဆုတ်ယုတ် လာပါတော့တယ်။ အပေါ့အပါး သွားတာကအစ လူတွဲပေးမှသာ သွားနိုင်တဲ့အခြေအနေ မျိုးဖြစ်လာသလို မောင်လေးတူတူးကို လှမ်းကြည့်လိုက်ရင်လဲ ဒူးနှစ်လုံးသာ ထင်ထင်ရှားရှား မြင်နိုင်လောက်အောင် ပိန်ချုံးနေပါတယ်။ လူမမာ သုံးယောက်စလုံး အရိုးပေါ်အရေတင်တဲ့ အခြေအနေကို ဆိုက်ရောက်လို့ နေပါတော့တယ်။ သထုံဆေးရုံမှာ ၁လခွဲကြာလာတဲ့ တစ်နေ့မှာတော့ ကျမတို့မောင်နှမ သုံးယောက်ကို အခန်းကျယ်ကြီး တစ်ခန်းကို ရွှေ့ပေးပါတယ်။ အဲဒီအချိန်မှာတော့ ကျမတို့သုံးယောက်စလုံး လမ်းပင် မလျှောက်နိုင်တော့တဲ့ အခြေအနေပါ။ သုံးယောက်စလုံး အသက်ကို ဖုတ်လိုက်ဖုတ်လိုက် ရှူနေရတဲ့အချိန်မို့ အသက်ကိုသာ ပင်ပင်ပန်းပန်း ပြင်းပြင်းရှူနေရတဲ့ အာရုံမှတစ်ပါး ဘာမှထွေထွေထူးထူးလည်း မစဉ်းစား မတွေးတောနိုင်တော့ပါ။ ကျမတို့မောင်နှမ သုံးဦးရဲ့ အိပ်ပျော်နေတဲ့အချိန်ဟာ သတိရတဲ့အချိန်ထက် ပိုများလာသလို အသံတွေလည်း လုံးဝမထွက်ကြတော့ပါ။ တစ်ခါတစ်ရံ ကျမရဲ့နားထဲမှာ ဆူညံသံကြောင့် လန့်နိုးလာတဲ့အခါမှာ ကျမမျက်စိရှေ့မှာ ပိတ်ဖြူနဲ့ခေါင်းမြီးခြုံ ထားတဲ့ အလောင်းကို ဆေးရုံကလူနှစ်ယောက်က တွန်းထုတ်သွားတဲ့ တွန်းလှည်းကို မြင်ရပါတယ်။ ပထမတော့ ကျမတို့ကို ရွှေ့ပေးလိုက်တဲ့ အခန်းကို ဘာရယ်လို့ မသိပေမယ့် တဖြည်းဖြည်းနဲ့ သိလာပါတယ်။ ကျမတို့ကိုထားတဲ့ အခန်းကျယ်ကြီးထဲက လူနာတွေဟာ ဆရာဝန် လက်လျှော့လိုက်တဲ့ လူနာတွေပါ။ အသက်အရွယ် ငယ်သေးပေမယ့်လဲ ကိုယ့်ကိုယ်ကို သေလူအဖြစ် သတ်မှတ်ထားပြီမို့ ကျမသေရမှာကို ကြောက်ရွံ့မှု လုံးဝမရှိတော့တဲ့ ခံစားမှုမျိုးကို ခံစားခဲ့ဘူးပါတယ်။ ဒါပေမယ့်လဲ ရန်ကုန်က ရောက်လာတဲ့ ကျေးဇူးရှင် ဆရာဝန်ကြီး ဒေါက်တာသာလှိုင်ကြောင့် ကျမတို့ မောင်နှမသုံးယောက် သေဘေးကနေ သီသီလေး လွတ်မြောက်ခဲ့ပါတယ်။ ဘ၀ရဲ့ နောက်ဆုံး နေ၀င်ခါနီး အခြေအနေအထိ ရောက်ခဲ့ဘူးတဲ့ ကျမအတွက် ကြိုတင်သိမြင်နိုင်တဲ့ အကြောက်တရားထက် ကြိုတင်မမြင်နိုင်တဲ့ အကြောက်တရားဟာ ပြင်ဆင်ချိန်မရတာမို့ ပိုပြီး ကြောက်လန့်စေရမှာဖြစ်ပါတယ်။ အော်... ကြုံတုန်းလေး သိစေချင်တာလေး တစ်ခုကျန်သေးတယ်-

အ၀ိဇ္ဇာနှင့်တဏှာ

သစ္စာလေးခု မသိမှု
မှတ်ရှု အ၀ိဇ္ဇာ။
နှစ်သက်တွယ်တာ
သာယာမြတ်နိုး အမျိုးမျိုး
ခေါ်ရိုးတဏှာမှတ်။   ။

(ကြိုတင်သိမြင်နိုင်တော့ အကြောက်တရားအတွက် ပြင်ဆင်ချိန်ရှိတာပေါ့နော်)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz