x

11.3.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၉


(ဒီပို့စ်လေးကို မတင်ခင် ကြားဖြတ်တင်လိုက်တဲ့ တဂ်ပို့စ်မှာ ထပ်တူညီ အကြောင်းအရာလေးတွေ ပါနေပေမယ့် တစ်ဘ၀ရဲ့ မှတ်တိုင်းများကို အမှတ်တရ ခြေရာချန်ခဲ့လိုတဲ့အတွက် ဖြတ်တောက်ချင်း မလုပ်တော့ပဲ တင်လိုက်တာမို့ စာဖတ်သူတို့ကို ကြိုတင်ပြီး အသိပေးပါရစေနော်)
ကျမရဲ့ဖေဖေ တာဝန်ပေးချက်အရ ကျိုက်ထိုမြို့ဘက် ပြောင်းရွှေ့သွားတဲ့နောက်ကို ကျမတို့မိသားစု လိုက်ပါခဲ့ရပြီး စာမေးပွဲရှိလို့ မန္တလေးမြို့ ဘော်ဒါဆောင်မှာ ကျန်ရစ်ခဲ့တဲ့ အစ်ကိုကြီးလဲ စာမေးပွဲကြီး ပြီးသွားပြီမို့ ကျမတို့ရှိရာ ကျိုက်ထိုမြို့လေးကို နွေရာသီ ကျောင်းပိတ်ရက်အတွက် ပျော်ရွှင်စွာနဲ့ ရောက်လာခဲ့ပါတယ်။ မရောက်ဘူးတဲ့ မြို့လေးတစ်မြို့မို့ ရောက်ခါစမှာ ကျမတို့အားလုံး အတော်လေး ပျော်နေကြတယ်။ ကျမတို့ရဲ့ ပျော်ရွှင်မှုလေးဟာ တာရှည်မခံပဲ ရက်ပိုင်း အချိန်ပိုင်းအတွင်းမှာ ပျော်ရွှင်မှုထက် ထိတ်လန့်စိုးရိမ်မှု ရက်တွေ ပိုများလာတာကို သတိပြုမိခဲ့တယ်။ အကြောင်းက ကျမတို့နေရတဲ့ အိမ်တန်းလေးရဲ့ အရှေ့မျက်နှာစာမှာ ကွင်းပြင်ကြီးတစ်ခုရှိပြီး ကွင်းပြင်ကြီးနဲ့ တစ်ဆက်တည်း တောအုပ်ကြီးတစ်ခု ရှိနေပြန်တယ်။ တောအုပ်ကြီးထဲကနေ ရန်သူရဲ့ကျည်ဆံတွေဟာ ကွင်းပြင်ကို ဖြတ်ပြီး ကျမတို့ရဲ့ နေအိမ်တွေပေါ်ကို မိုးသီးကြွေသလို မကြာခဏ ကျရောက်လာတတ်တာမို့ မိသားစုအားလုံး အရင်ကလို စိတ်လွတ် ကိုယ်လွတ် နေလို့မရတော့တဲ့ အခြေအနေပါ။ အဲ့ဒီခေတ် အခါက ဖုန်းတွေဟာ လက်နဲ့လှည့်ပြီး အိပ်ခ်ျချိန်းကို ခေါ်ရတဲ့ ဖုန်းအမျိုးအစားတွေ ဖြစ်ပြီး အသံကလဲ အတော်လေး ကျယ်လောင် ထိတ်လန့်စေတာမို့ ဖုန်းလာမှာကို ကျမ မနှစ်မြို့ပါ။ အကြောင်းက ဖုန်းလာသံရဲ့ နောက်ဆက်တွဲကတော့ ဖေဖေက ယူနီဖောင်းအပြည့်အစုံဝတ် သေနတ်ကိုင်ပြီး ထွက်ရတာကြောင့် ဖုန်းလာမှာကို စိုးရိမ်နေခဲ့တယ်။ ဖေဖေက ချပ်ဝတ်တန်ဆာ အပြည့်ဝတ်ဆင်ပြီးတိုင်း အမှာစကားလေးကို ပုံမှန် မှာလေ့ရှိပါတယ်။ 'ဂရက်ရေ ထုံးစံအတိုင်း သေနတ်သံကြားရင် ကုတင်အောက်ကို အားလုံးဝင်ပုန်းကြနော်။ ကလေးတွေကို ဂရုစိုက်လိုက်ပါကွာ ကိုယ့်အတွက်လဲ မစိုးရိမ်ပါနဲ့ ဒီတစ်ခေါက် ကြာမယ်မထင်ပါဘူး' ဆိုတဲ့ ပြောနေကျစကားလေးကို ပြောပြီးထွက်သွားလေ့ရှိပါတယ်။ ထမင်းစားရင်း ရေချိုးရင်း အိမ်အောက်မှာ ကစားရင်း ကျည်သံကြားတာနဲ့ ရှိနေတဲ့နေရာကနေ မိသားစုအားလုံး အိမ်ပေါ်တက် လူစုကြပြီး ကုတင်အောက်ကိုဝင်ပြီး ၀ပ်နေကြရပါတယ်။ အထူးသဖြင့် ညဘက်မှာ အဖြစ်များတာမို့ ကျည်သံတွေဟာ ပိုမိုပြီး ကျယ်လောင်လှပါတယ်။ အားလုံးထဲမှာ ပုန်းလျှိုးရတာ အခက်အခဲဆုံးသူက မေမေပါ။ ဒုတိယကိုယ်ဝန်ကို စလွယ်ထားရသူမို့ နေမကောင်းတဲ့ကြားက ခက်ခဲတဲ့ အခြေအနေတွေကို ကျော်ဖြတ်ရတာမို့ မေမေ့ကို မြင်ရတာ စိတ်မကောင်းဖြစ်ရပါတယ်။ လက်နက် ခဲယမ်း ကျည်ဆံသံတွေ တိတ်ဆိတ် ငြိမ်သက်သွားပြီး နာရီဝက်လောက် အကြာဆိုရင် ဖေဖေ ပြန်ရောက်လာတတ်စမြဲပေါ့။ (ဒီနေရာမှာ ကျမရဲ့ မှတ်တိုင်လေးတွေ ဆက်တိုက်ဖတ်ခဲ့သူတို့ နားရှုပ်သွားမှာစိုးလို့ ရှင်းပြစရာ တစ်ချက်ရှိပါတယ်။ 'ဂရက်' ဆိုတာ ကျမမွေးမေမေရဲ့ နာမည်ဖြစ်သလို ဒုတိယမေမေရဲ့ နာမည်လဲ ဖြစ်ပါတယ်။ အမေနှစ်ယောက်စလုံး နာမည်တူကြသလို ခရိယာန်ဘာသာ ကိုးကွယ်တာလဲ တူကြပါတယ်)
တစ်နေ့ ဖေဖေ ရှေ့တန်းထွက်သွားချိန်မှာ မောင်လေးတူတူးက အစပြုပြီး ဖျားရာကနေ အစ်ကိုနဲ့ ကျမတို့ပါ တစ်ပြိုင်တည်း ဖျားနာကြပါတယ်။ အဖျားကြီးတဲ့အတွက် သတိလက်လွတ် ဖြစ်သွားလောက်တဲ့အထိပါ။ ကျမ သတိရလာတဲ့အခါမှာတော့ ကျမတို့ မောင်နှမသုံးယောက်စလုံး သထုံဆေးရုံကို ရောက်နေကြပါတယ်။ ကျမရဲ ညာဖက်ကုတင်မှာ တူတူးကိုတွေ့ရပြီး တူတူရဲ့ ဘေးကုတင်မှာ အစ်ကိုဖြစ်သူကို တွေ့ရပါတယ်။ ကျမရဲ့ တစ်ကိုယ်လုံး ကို အလေးတစ်ခုခု ချိတ်ဆွဲထားသလို လေးလံနေပြီး ခေါင်းကိုက်ဝေဒနာကလည်း ဖိစီးနေတာမို့ အခံရ ခက်လှပါတယ်။ ကျမတို့ မောင်နှမသုံးယောက်အတွက် သူနာပြု ဆရာမ သီးသန့် ထားပေးပါတယ်။ ကျမတို့ မောင်နှမသုံးယောက်ကို ကြည့်ပြီး ရှေ့တန်းကအပြန် သထုံဆေးရုံကို ရောက်လာတဲ့ ဖေဖေရဲ့ မျက်နှာဟာ မှိုင်တွေနေပြီး စိတ်မကောင်းဖြစ်နေပုံရ ပါတယ်။ အစ်ကိုဖြစ်သူရဲ့ ညည်းတွားသံကိုလည်း ကျမကြားနေရသလို တူတူးရဲ့ ကယောင်ကတမ်း ပြောသံတွေကိုလည်း စိတ်မကောင်းစွာ ကြားနေရပါတယ်။ ကိုယ်တိုင်ကလည်း မထနိုင်တာမို့ အစ်ကိုနဲ့မောင်လေးကို ကျမ ဘာမှ လုပ်ပေးနိုင်စွမ်း မရှိခဲ့ပါဘူး။ နေ့လည် မေမေနဲ့ညီမလေး တူးမာတို့ ထမင်းချိုင့်နဲ့ ဆန်ပြုတ်လာပို့ ပါတယ်။ မောင်လေးကူကူးက တစ်နှစ်သာ ရှိသေးတာမို့ ဆေးရုံကို ခေါ်မလာပဲ တည်းခိုတဲ့အိမ်မှာ ကူကူးကို ကလေးထိန်း မနှင်းကြည်နဲ့ ထားခဲ့တယ်လို့ မေမေကလူမမာသုံးယောက်ကို ကျွေးဘို့ ဆန်ပြုတ်ပြင်ပေးရင်း ပြောပါတယ်။ ဖေဖေလည်း တာဝန်အရ ခရီးတစ်ခုကို ထွက်ရမှာမို့ ကျမတို့ လူမမာသုံးယောက်ကို မေမေထိန်းသိမ်းဖို့ တာဝန်ကြီးလွန်းပြီး မဖြစ်နိုင်တာမို့ ရန်ကုန်ကို ပြောင်းရွှေ့သွားတဲ့ ဖွားဖွားတို့ကို အကြောင်းကြားပြီး ခေါ်လိုက်ပါတယ်။ သတင်းရရခြင်းပဲ ဖွားဖွားနဲ့ အဒေါ်တွေ ရောက်လာကြပါတယ်။ တစ်ရက်ပြီးတစ်ရက် ကျမတို့ မောင်နှမသုံးယောက်ရဲ့ ကျန်းမာရေး အခြေအနေဟာ ပြောင်းလဲတိုးတက်ခြင်း အလျဉ်းမရှိခဲ့။ တစ်နေ့တစ်နေ့ ညည်းတွားသံများ အကြားမှာ စိတ်ဓာတ်ကျဖွယ်ရာ။ ရက်တွေကြာလာတာနဲ့အမျှ တစ်နေ့တစ်ခြား ပိုမိုဆုတ်ယုတ် လာပါတော့တယ်။ အပေါ့အပါး သွားတာကအစ လူတွဲပေးမှသာ သွားနိုင်တဲ့အခြေအနေ မျိုးဖြစ်လာသလို မောင်လေးတူတူးကို လှမ်းကြည့်လိုက်ရင်လဲ ဒူးနှစ်လုံးသာ ထင်ထင်ရှားရှား မြင်နိုင်လောက်အောင် ပိန်ချုံးနေပါတယ်။ လူမမာ သုံးယောက်စလုံး အရိုးပေါ်အရေတင်တဲ့ အခြေအနေကို ဆိုက်ရောက်လို့ နေပါတော့တယ်။
သထုံဆေးရုံမှာ ၁လခွဲကြာလာတဲ့တစ်နေ့မှာတော့ ကျမတို့မောင်နှမ သုံးယောက်ကို အခန်းကျယ်ကြီး တစ်ခန်းကို ရွှေ့ပေးပါတယ်။ အဲဒီအချိန်မှာတော့ ကျမတို့သုံးယောက်စလုံး လမ်းပင် မလျှောက်နိုင်တော့တဲ့ အခြေအနေပါ။ သုံးယောက်စလုံး အသက်ကို ဖုတ်လိုက်ဖုတ်လိုက် ရှူနေရတဲ့အချိန်။ ဖေဖေလည်း ခရီးကရောက်မဆိုက် ဆေးရုံကို အပြေးအလွှားရောက်လာပါတယ်။ သုံးယောက်စလုံး မျက်လုံးတောင် မဖွင့်နိုင်တော့ပဲ မှိန်းနေကြပါတယ်။ ပထမတော့ ကျမတို့ကို ရွှေ့ပေးလိုက်တဲ့ အခန်းကို မသိပေမယ့် တဖြည်းဖြည်းနဲ့ သိလာပါတယ်။ ကျမတို့ကိုထားတဲ့ အခန်းကျယ်ကြီးထဲမှာ ရှိတဲ့လူနာတွေဟာ ဆရာဝန်တွေ လက်လျှော့လိုက်တဲ့ လူနာတွေဖြစ်တယ် ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ ငါလည်း မကြာခင် သေရတော့မှာပါလား ဆိုတဲ့ အသိစိတ် ကျမခေါင်းထဲကို တိုးဝင်လာပေမယ့် ကြောက်စိတ် ရှိရမှန်းလဲ မသိသလို အသက်ကိုသာ ပင်ပင်ပန်းပန်း ပြင်းပြင်းရှူနေရတဲ့ အာရုံမှတစ်ပါး ဘာမှထွေထွေထူးထူး မစဉ်းစား မတွေးတောနိုင်တော့ပါ။ ကျမရဲ့ အစ်ကိုကြီးလည်း ကျမသို့နှယ် ဖြစ်ပါလိမ့်မယ်။ ကျမတို့မောင်နှမ သုံးဦးရဲ့ အိပ်ပျော်နေတဲ့အချိန်ဟာ သတိရနေတဲ့ အချိန်ထက် ပိုများလာသလို အသံလည်း လုံးဝ မထွက်ကြတော့ပါ။ တစ်ခါတစ်ရံ ကျမရဲ့နားထဲမှာ ဆူညံသံကြောင့် လန့်နိုးလာတဲ့အခါမှာ ကျမမျက်စိရှေ့မှာ ပိတ်ဖြူနဲ့ ခေါင်းမြီးခြုံထားတဲ့ အလောင်းကို ဆေးရုံက လူနှစ်ယောက်က တွန်းထုတ်သွားတဲ့ တွန်းလှည်းကို မြင်ရပါတယ်။ ဖွားဖွားတို့က ကျမတို့မောင်နှမသုံးယောက်ကို နေ့တိုင်းလာကြည့်ပြီး အားပေးနေပေမယ့်လဲ ကျမတို မောင်နှမသုံးယောက်စလုံး အစာ လုံးဝမဝင်တော့သည့် အခြေအနေကြောင့် မေမေနဲ့တူးမာလည်း ဆန်ပြုတ်ယူလာတာမျိုး မရှိတော့ပါဘူး။ ကျမတို့ သေနေ့မစေ့သေးလို့ပဲ ထင်ပါရဲ့ -
တစ်နေ့ ဖေဖေ့သူငယ်ချင်း ဒေါက်တာသာလှိုင် ဖေဖေ့ရဲ့ပင့်ဖိတ်မှုကြောင့် ရန်ကုန်မြို့ကနေ သထုံမြို့ကို ရောက်လာပါတယ်။ ကျမတို့ရှိတဲ့ အခန်းထဲကို ဖေဖေနဲ့အတူ လိုက်ပါလာပြီး ကျမတို့မောင်နှမ သုံးယောက်ကို စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။ အဲဒီနေ့မှာပဲ ဒေါက်တာသာလှိုင်က ကျမတို့သုံးယောက်ကို သီးသန့်အခန်း တစ်ခန်းကို ရွှေ့ခိုင်းစေပြီး သူကိုယ်တိုင် ကျမတို့နဲ့အတူ ဆေးရုံမှာပဲနေပြီး ကုသမှုစတင်ပါတယ်။ ဘယ်လိုတွေ ကုသတယ်ဆိုတဲ့ အသေးစိတ်တော့ ကျမလည်း မမှတ်မိတော့ပါဘူး။ ကျမတို့ မောင်နှမသုံးယောက်ဖြစ်တာဟာ တိုက်ဖိုက်လို့ခေါ်တဲ့ အူယောင်ငန်းဖျားဖြစ်ပြီး နေ့စဉ်ရက်ဆက် အစာဝင်နေခြင်းဟာ ရောဂါကို မပျောက်ကင်းစေတဲ့အပြင် ပိုဆိုးလာခြင်းဖြစ်တယ်လို့ သိခဲ့ရပါတယ်။ နောက်ထပ် ရက်အနည်းငယ် ဆေးရုံမှာအားမွေးပြီး ကျမတို့မောင်နှမသုံးယောက် ဖေဖေတို့နဲ့အတူ ကျိုက်ထိုမြို့ကို ပြန်လာခဲ့ကြပါတော့တယ်။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz