x

13.3.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၁၀


ကျမတို့ကျိုက်ထိုမြို့ကို ပြန်ရောက်သွားပြီး နေ့စဉ်ရက်ဆက်ဆိုသလို ကျန်းမာရေးအတွက် ကောင်းနိုးရာရာ အစားအသောက်တွေကို မေမေက စီစဉ်ပြီး မန္တလေးကနေ ပြောင်းတုန်းက ကျမတို့နဲ့ တပါတည်း လိုက်ပါလာတဲ့ အိမ်ထိန်းဦးအောင်ခင်ကို ၀ယ်ခြမ်း ချက်ပြုတ်ခိုင်းပြီး ကျမတို့ မောင်နှမသုံးယောက်ကို အနီးကပ် စောင့်ရှောက်ခဲ့တာကြောင့် ကျိုက်ထိုပြန်ရောက်ပြီး တိုတောင်းတဲ့ ရက်အတွင်းမှာ ကျန်းမာရေး အရင်အတိုင်း ပြန်လည်ကောင်းမွန် လာကြပါတယ်။ နွေရာသီ ကျောင်းပိတ်ရက်တွေလဲ ကုန်ဆုံးသွားပြီမို့ ကျမရဲ့ အစ်ကိုကြီးလဲ ဘော်ဒါဆောင်ရှိရာ မန္တလေးမြို့ စိန်ပီတာကျောင်းကို ပြန်သွားခဲ့တယ်။ အစ်ကိုကြီး ရောက်လာတဲ့အချိန်တွေမှာ မောင်နှမတွေအားလုံး အတိုင်းထက် အလွန် ပျော်ရွှင်ကြပေမယ့် ပြန်သွားတဲ့အခါ တစ်အိမ်လုံး တိတ်ဆိတ်ပြီး စိတ်မကောင်းစွာ ကျန်ခဲ့ကြရစမြဲ။ ကျမတို့ ညီအစ်မနှစ်ယောက်ကို ဖေဖေက တပ်တွင်းကျောင်းမှာ ပညာကို ဆက်ပြီး သင်ကြားစေခဲ့တယ်။ မှတ်မှတ်ရရ ကျောင်းနဲ့အိမ်က နီးနီးလေးမို့ ညီအစ်မနှစ်ယောက် မနက်တိုင်း လမ်းလျှောက် သွားကြပါတယ်။ ကျောင်းကိုသွားရင် တပ်မိသားစုတွေ နေထိုင်တဲ့ တန်းလျားလေးတွေကို ဖြတ်ကျော်ရလေ့ရှိပြီး အဲ့ဒီအချိန်ကာလထဲက ရဲမေတွေဟာ 'အိမ်နောက်ဖေး ဗူးစင်တည်' ဆိုသလို ကျောင်းနဲ့ မိမိရဲ့ ပတ်ဝန်းကျင်ကို အမှီသဟဲပြုရင်း အိမ်ဆိုင်လေးတွေ လုပ်ထားကြကာ လူသုံးကုန် ပစ္စည်းလေးတွေနဲ့ မုန့်အမျိုးမျိုး ရောင်းချတာကို တွေ့ရပါတယ်။ ရဲမေတွေဟာ သူတို့ခင်ပွန်းသည်တွေရဲ့ ရိက္ခာစို ရိက္ခာခြောက်တို့ အပေါ်မှာပဲ တင်းတိမ်ရောင့်ရဲ မှီခိုနေခြင်းမျိုး မရှိပဲ တစ်ဖက်တစ်လမ်းကနေ တစ်နေ့တာ ၀မ်းစာအတွက် ဖြေရှင်းနိုင်မဲ့ နည်းလေးတွေကို ကြိုးပမ်းခဲ့ကြတာ လေးစားစရာပါ။ မုန့်ဝယ်စားနိုင်တဲ့ ကျောင်းသားတွေလဲ ကိုယ်နှစ်သက်ရာ မုန့်ပဲသရေစာလေးတွေ ၀ယ်ပြီးမှ ကျောင်းဝင်း အတွင်းကို ၀င်ကြပါတယ်။ 
 ကလေး ငါးယောက်မှာ အလယ်က အစ်ကိုကြီးတီးတိုး မန္တလေး စိန်ပီတာကျောင်းမှာ ဘော်ဒါနေစဉ်က
ကျမတို့မိသားစုမှာ ဘယ်သူ့ မွေးနေ့ကို ရောက်ရောက် ဖေဖေနဲ့မေမေတို့က မွေးနေ့ ကိတ်လေးနဲ့အတူ လက်ဆောင်ထုတ်လေးကို စီစဉ်ပေးလေ့ ရှိသလို မောင်နှမအားလုံးကလဲ မွေးနေ့ရှင်ကို အမှတ်တရ အနေနဲ့ လက်ဆောင်ထုတ်လေးတွေ ပေးလေ့ ရှိကြတယ်။ နောက်တစ်ချက်ကတော့ မေမေနှစ်ယောက်စလုံးက ခရိယာန် ဘာသာဝင်တွေ ဖြစ်ခဲ့တာမို့လဲ နှစ်စဉ်နှစ်တိုင်း ခရစ္စမတ်ပွဲတော်ကို ရောက်ပြီဆိုရင်ဖြင့် ဖေဖေနဲ့မေမေက ခြံသန့်ရှင်းသမားကအစ အိမ်ရှိလူကုန်ကို ခရစ္စမတ် လက်ဆောင် ပစ္စည်းထုပ်တွေ အပေါ်မှာ နာမည်လေးတွေ တပ်ထားပြီး ပေးလေ့ရှိပါတယ်။ ဥပမာ မီးရောင်စုံထွန်းထားတဲ့ ခရစ္စမတ် သစ်ပင်လေးအောက်မှာ အငယ်တွေအတွက် လက်ဆောင်ထုတ်လေးတွေ စီစီရီရီလေး ချထားတတ်သလို ကျမတို့အတွက်ကိုတော့ စာရွက်လေးတွေမှာ စာရေးပြီး ကိုယ့်ပစ္စည်းထုပ်ကို ကိုယ်တိုင် တွေ့တဲ့အထိ ရှာဖွေရပါတယ်။ 'တီးတိုးအတွက် လက်ဆောင်ထုပ် ကောင်းကင်ပေါ်မှာရှာ' 'လုလုအတွက် လက်ဆောင်ထုပ် ဖေဖေ့အနောက်မှာ ရှာ' အဲ့ဒီလို သဲလွန်စလေးတွေ ပေးထားပြီး ရှာခိုင်းပါတယ်။ အချိန်ကြာကြာ ရှာတဲ့အခါ အစ်ကိုကြီး ပစ္စည်းထုပ်ကို မျက်နှာကျက်မှာ တပ်ထားတဲ့ ပန်ကာအပေါ်မှာ ဖွက်ထားတာကို ရှာတွေ့သလို ကျမရဲ့ ပစ္စည်းထုပ်လေးကို နံရံမှာ ချိတ်ဆွဲထားတဲ့ ဖေဖေ့ဓာတ်ပုံရဲ့ အနောက်မှာ ဖွက်ထားတာကို ရှာတွေ့ကြပါတယ်။ တစ်နှစ်နဲ့ တစ်နှစ်မတူတဲ့ နေရာလေးတွေမှာ ဖွက်ပြီးရှာခိုင်းလေ့ရှိတယ်။
ကျိုက်ထိုမြို့မှာ ရက်ပြောင်း လညောင်း ကုန်ဆုံးရင်း နိုဝင်ဘာလ ၉ရက်နေ့မှာ မေမေ့ရဲ့ သားဦး ကျမတို့ရဲ့ အငယ်ဆုံးမောင်လေး ကူကူး တစ်နှစ်ပြည့် မွေးနေ့ကို ရောက်လာခဲ့ပါတယ်။ ဖေဖေက ရှေ့တန်းထွက်နေချိန်ပေါ့။ မေမေက ကူကူးအတွက် အိမ်ပုံစံ မွေးနေ့ကိတ်မုန့်တစ်လုံး ကြိုတင်မှာထားခဲ့ပါတယ်။ ညနေပိုင်း အိမ်မှာလူစုံတော့ စားပွဲပေါ်တင်ထားတဲ့ ကိတ်မုန့်အိမ်လေးရဲ့ ဘေးမှာ မွေးနေ့ရှင် မောင်လေး ကူကူးကို ထိုင်ခိုင်းထားပြီး အားလုံးက လက်ခုပ်တီးကာ မွေးနေ့ဂုဏ်ပြု သီချင်းကို ၀ိုင်းဆိုကြတယ်။ ဆိုနေစဉ် မထင်မှတ်ပဲ ကူကူးက ကိတ်မုန့်အိမ်လေးရဲ့ ထိပ်မှာ ချော့ကလက်နဲ့ လုပ်ထားတဲ့ မီးခိုးခေါင်းတိုင်ကို ချိုးဖဲ့ပြီး ပါးစပ်ထဲထည့်လိုက်ပါတယ်။ ကူကူးက မကြာခဏချောင်းဆိုးတတ်တာမို့ အချိုနဲ့ပတ်သက်ရင် မကျွေးဖြစ်တာများပါတယ်။ မေမေလဲ ကူကူးလက်ထဲကနေ ချော့ကလက် မီးခိုးခေါင်းတိုင်ကို ပြန်ယူလိုက်တယ်။ ဒေါသကြီးတဲ့ ကူကူးတစ်ယောက် အော်ငိုရင်း တက်ပါလေရော။ နှုတ်ခမ်းတွေပြာ မျက်ဖြူလန်လာတဲ့အခါ တအိမ်လုံးပြာယာ ခတ်သွားပါတယ်။ ဦးအောင်ခင်က ငယ်ထိပ်မှုတ်နေချိန် နှင်းကြည်က ယပ်ခတ်ပေးနေတယ်။ ကျမလဲ ခေါ်ရခက်တဲ့ လက်လှည့်ဖုန်းကြီးကို ခဲခဲယဉ်းယဉ်းလှည့်ရင်း ဆေးတပ်ကို အကူအညီတောင်းပါတယ်။ အဲ့ဒီအချိန်မှာ ကူကူးကပျော့ခွေပြီး သတိလစ်တဲ့အခြေအနေကို ရောက်နေသလို မေမေကတော့ ဒုတိယကိုယ်ဝန် အရင့်အမာကြီးကို လွယ်ထားရင်း ခုန်ပေါက်ပြီး ငိုနေတာကို မြင်ရတော့ ကျမ စိတ်မကောင်းဖြစ်မိတယ်။ ခဏအကြာမှာ ဆေးတပ်သားလေး နှစ်ယောက်ရောက်လာပြီး ကူကူးကို သတိပြန်လည်လာအောင် ၀ိုင်းဝန်းပြုစုကြတယ်။ ကူကူးလေး သတိပြန်ရလာတော့မှ တချိန်လုံးငိုနေတဲ့ မေမေလဲ အငိုရပ်ပြီး ပြန်လည် ပြုံးနိုင်ပါတော့တယ်။
ကူကူး တစ်နှစ်ပြည့်မှာ မေမေရဲ့ လက်ဆောင်ကိတ်မုန့်
(ဂိုဂယ်လ်ကနေ အနီးစပ်ဆုံးတူတဲ့ပုံလေးကူးယူထားတာပါ)
ဖေဖေရှေ့တန်းက ပြန်ရောက်လာတော့ အိမ်မှာဖြစ်ပျက်ခဲ့သမျှ ဖြစ်ကြောင်းရယ် ကုန်စင်ကို မေမေက ပြန်ပြောပြတယ်။ ဖေဖေကလဲ တက်တတ်တဲ့ကလေး ဖြစ်တာကြောင့် နောက်ကို အမှတ်တမဲ့ မလုပ်ပဲ ဆင်ခြင်နိုင်အောင် မေမေ့ကိုပြောတယ်။ အဲ့ဒီညမှာ မိသားစုဝိုင်းလေး စိုစိုပြေပြေနဲ့ ဖေဖေပြောသမျှ ရှေ့တန်းပြန် အတွေ့အကြုံတွေကို သဲထိတ်ရင်ဖိုစွာ စိတ်ဝင်တစား နားထောင်ကြပါတယ်။ မေမေက ကျမတို့အကြောင်း သူသိချင်တာလေးတွေ ဖေဖေ့ကို မေးပါတယ်။ ဖေဖေက 'ဒီကလေး လေးယောက်မှာ တူတူးကလွဲပြီး ကျန်တဲ့ သုံးယောက်စလုံးကို သူတို့အမေ မီးဖွားတုန်း ကိုယ် ရှေ့တန်းရောက်နေတာလေ တီးတိုးမွေးဖွားချိန်မှာ ကြို့ကုန်း အင်းစိန် စော်ဘွားကြီးကုန်း တိုက်ပွဲတွေရဲ့ တိုက်ခိုက်ချေမှုန်းရေး စစ်ဆင်ရေးတွေမှာ ကိုယ် ပါခဲ့ရသလို လုလုနဲ့ တူးမာတို့ကို သူ့အမေ မီးဖွားတဲ့အချိန်မှာတော့ ပြည်ပကျူးကျော်သူ တရုတ်ဖြူတွေကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ နဂါးနိုင်စစ်ဆင်ရေး ဘုရင့်နောင်စစ်ဆင်ရေး ရန်ကြီးအောင်စစ်ဆင်ရေး အဲ့ဒီစစ်ဆင်ရေးတွေမှာ ကိုယ်ပါခဲ့တယ်' လို့ ပြောပြပါတယ် ဆက်ပြီး 'ထူးထူးခြားခြား ဖြစ်ရပ်ဆိုလို့ အမှတ်တရလေး ပြောရအုံးမယ်။ လုလုကို သူ့အမေ မီးဖွားနေတုန်းက ကိုယ်ရှေ့တန်း စစ်မြေပြင်မှာ တိုက်ပွဲဝင်တုန်း လူသုံးရပ်စာ မြင့်တဲ့ ချောက်ကမ်းပါးထဲကို ပြုတ်ကျသွားပြီး သတိလစ်ခဲ့တယ်။ ကိုယ်တို့တပ်ခွဲ စစ်သည် အတော်များများ အထိနာကြတဲ့ စစ်ဆင်ရေး တစ်ခုပေါ့။ တစ်ဖက်က ကိုယ်တို့ စစ်သည်အင်အားထက် အဆပေါင်းများစွာသာတဲ့ လူအင်အားနဲ့ ဖိပြီးတိုက်တာလေ။ ကိုယ်တို့ဘက်က ဘုရင့်နောင်ဖောင်ဖျက် ခိုင်မာတဲ့ စိတ်ဓာတ်ကို အရင်းခံပြီး သွေးစည်းကြတာကြောင့် အဆုံးသတ်မှာ အောင်မြင်ခဲ့တာပဲ' ဖေဖေက ပြောလက်စ စကားကို ရပ်လိုက်ပါတယ်။
ကျမက 'ချောက်ထဲကျပြီး ဘာဖြစ်လဲဖေဖေ' လို့ ကျမရဲ့ နာမည်လေး ပါနေတာကြောင့် ပိုသိချင်ပြီး မဆိုင်းမတွ ကောက်ကာငင်ကာ ၀င်မေးလိုက်တော့ ဖေဖေက 'သုံးရက်လောက် သတိလစ်နေတာလေ သတိရလာတော့ ကျည်သံတွေလဲ တိတ်ဆိတ်နေတာမို့ စစ်ပွဲကြီးပြီးသွားပြီလို့ တွေးမိတယ်။ ဘယ်လောက် ကြာကြာ ချောက်ထဲရောက်နေမှန်းတော့ မသိဘူးပေါ့။ ဒါနဲ့တောင်ကုန်းပေါ် တက်နိုင်အောင် ကြိုးစားသေးတယ်။ တွယ်တက်ဘို့ နွယ်တစ်ပင်တောင် မရှိတဲ့ ချောက်ကြီး ဖြစ်နေတာရယ် လူကလဲ အားပြတ်နေတာရယ်ကြောင့် ကြိုးစားလိုက်ရင်း ပြန်ပြုတ်ကျရင်း ကြာလာတော့လဲ တဖြည်းဖြည်း စိတ်ဓာတ်ကျလာတယ်။ အဲ့ဒီအချိန်မှာ မီးတွင်းထဲရောက်နေတဲ့ မိန်းမရဲ့မျက်နှာကို စဉ်းစားမိလိုက်သလို လောကအလယ်မှာ ယောင်ချာချာနဲ့ ကျန်ခဲ့မဲ့ သားကြီးကို သတိရလိုက်တယ် ဆိုရင်ပဲ နောက်ဆုံးလက်ကျန် အားအင်လေးကို အစွမ်းကုန်ထုတ်ပြီး မရ ရအောင် တက်ခဲ့တယ်။ မမျှော်လင့်ပဲ နတ်သိကြား မ တယ်လို့ ဆိုရလေမလား နွယ်တစ်ပင်တောင် မရှိခဲ့တဲ့ ချောက်ရဲ့ အလယ်လောက်မှာ နွယ်တစ်ပင်ကို မြင်လိုက်ရတဲ့အချိန်မှာ လူကချက်ခြင်းဆိုသလို ပေါ့ပါးလန်းဆန်းသွားပြီး စိတ်ဓာတ်တွေ ချက်ခြင်းပြန်တက်လာသလို နောက်ဆုံး အပေါ်ကို ရောက်လာတယ် ဆိုပါတော့။ အဲ့ဒီကနေ တပ်ထဲလဲပြန်ရောက်ရော ကိုယ့်ကိုမြင်တဲ့ စစ်သည်တွေက သူရဲခြောက်တယ်ပြီး ဆူညံသွားတာပဲ ဟားဟား။ ကိုယ်က အဖြစ်အပျက်တွေ ရှင်းပြတော့ အထက်လူကြီးတွေက ချက်ခြင်း ခုံရုံးလုပ်ပြီး ထွက်ဆိုချက်တွေ ပေးရသေးတယ်။ သူတို့အထင်မှာ ရန်သူ့လက်ထဲ အဖမ်းခံရပြီး ပြန်လွှတ်လိုက်တယ် ထင်လို့ပေါ့။ ရုံးကိစ္စပြီးမှ အိမ်ပြန်ရတယ်။ အိမ်ရောက်တာ့ လုလုကို မီးဖွားပြီးနေပြီ။ ကလေးတွေ အမေကိုတော့ တကယ်ချီးကျူး လေးစားမိတယ်။ မီးတွင်းမှာ ယောက်ျား တိုက်ပွဲကျသွားပြီလို့ သတင်းကြားတာတောင် အံကြိတ်ပြီး ရအောင်မွေးခဲ့တယ်လေ' အတိတ်က အကြောင်းလေးတွေ ပြန်ပြောရင်း ဖေဖေ့ရဲ့ မျက်နှာမှာ ဆွေးရိပ်လေး ဖြတ်သန်းသွားတာ ကျမ မြင်လိုက်ရတယ်။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်
ကွန်မန့်ပေးလိုသူများ အောက်ကပုံလေးကိုနှိပ်ပြီး ပေးနိုင်ပါတယ်ရှင်။

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz