x

15.3.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၁၁


မှတ်တိုင်-၁၁နဲ့ ပတ်သက်ပြီး စာဖတ်သူအချို့ ဖတ်ပြီးသားပို့စ်တစ်ပုဒ် ဖြစ်ပါတယ်။ တစ်ဘ၀ရဲ့ မှတ်တိုင်တွေကို စိုက်ထူတဲ့အခါ အကြောင်းအရာလေးတွေကို အဆက်အစပ် ရှိစေပြီး ခြေရာချန်လိုတဲ့ ရည်ရွယ်ချက်ကြောင့်ပါ။
ကူကူး တစ်နှစ်ပြည့်မွေးနေ့ ပြီးဆုံးပြီး မကြာခင်မှာပဲ ဖေဖေ လားရှိုးမြို့ကို ပြောင်းရွှေ့ဖို့ ဖြစ်လာပါတယ်။ မောင်လေး ကူကူးကလွဲပြီး တူတူးအပါအဝင် ကျမတို့ တစ်အိမ်သားလုံး  ပစ္စည်းတွေ သိမ်းဆည်းထုပ်ပိုး ကြရပါတော့တယ်။ တူတူးကလည်း သူ့ရဲ့ ကစားစရာတွေနဲ့ သူ့ညီလေးကူကူးရဲ့ ကစားစရာတွေကို စုပုံပြီး ပုံးလွတ်တစ်ခုမှာ ထည့်သိမ်းနေသလို ကျန်တဲ့အိမ်တွင်း ပစ္စည်းများကိုတော့ သူ့တာဝန်နဲ့သူ ခွဲခြားသိမ်းဆည်း ကြရပါတယ်။ ကျမကမီးဖိုချောင် အသုံးအဆောင်တွေကို လတ်တစ်လော သုံးမဲ့ပစ္စည်းတွေသာချန်ပြီး နှစ်ပတ်အတွင်း အသုံးမလိုတော့မယ့် ပစ္စည်းတွေကို ထင်းရူးသေတ္တာထဲမှာ စီစီရီရီ ထည့်သိမ်းပါတယ်။ ဖန်ခွက် ကြွေပန်းကန်အပိုတွေကို သတင်းစာ ထုပ်ပိုး စာရွက်ညိုတွေနဲ့ ပတ်ပြီး ထည့်ပါတယ်။ အိမ်ရှေ့ဧည့်ခန်းမှာ ခင်းထားတဲ့ ထိုင်ခုံတွေကိုတော့ ဖေဖေ့ရုံးက အကူနှစ်ယောက်က ဂုံနီအိတ်အစတွေနဲ့ ပတ်ပြီးချုပ်ကြပါတယ်။ တစ်နေရာနဲ့ တစ်နေရာ အပြောင်းအရွှေ့မှာ အပျက်အစီး နည်းနိုင်သမျှ နည်းအောင် ဘယ်ပုံဘယ်နည်း ထုပ်ပိုး ထည့်သို သိမ်းဆည်းရမယ် ဆိုတာကို မေမေက သင်ပေးပါတယ်။ မေမေကိုယ်တိုင်ကတော့ ကိုယ်လေးလက်ဝန်နဲ့မို့ ညွှန်ကြားတာလောက်ပဲ ပြုလုပ်ပြီး ခက်ခက်ခဲခဲမဟုတ်တဲ့ အလုပ်တွေကိုတော့ ဝင်လုပ်ပါတယ်။ ဒီကြားထဲမှာ ကျမရဲ့ ခေါင်းကြီးကိုက်ရောဂါ ဝင်ပြီဆိုရင်ဖြင့် တစ်ရက်လောက် အလုပ်ရော ကျောင်းပါ ပျက်ကွက်ရပါတယ်။ အဲ့ဒီအချိန်မှာ ကျမရဲ့အလုပ်တွေကို နှင်းကြည်ကပဲ ဒိုင်ခံလုပ်ပြီး လုပ်ပေးလေ့ရှိပါတယ်။ နှင်းကြည် ကျမတို့နဲ့အတူ လားရှိုးမြို့ကို လိုက်ပါမယ်ဆိုလို့ တစ်အိမ်လုံး ပျော်ရွှင်သွားကြရတယ်။
ကျမတို့ ပြောင်းရွှေ့ဘို့ သုံးရက်အလိုမှာ ကျမတို့ ညီအစ်မနှစ်ယောက်ရဲ့ ပညာရေးနဲ့ပတ်သက်ပြီး လားရှိုးမြို့မှာ ဆက်သင်ကြားစေဘို့ ဖေဖေရဲ့တပည့် တစ်ယောက်က ကျောင်းနှုတ်ထွက်စာကို ကျောင်းအုပ်ဆရာကြီးဆီက သွားတောင်းပြီး နောက်တစ်ရက်ကစလို့ ကျမတို့ ညီအစ်မနှစ်ယောက် ကျောင်းကိုသွားစရာ မလိုတော့ ပါဘူး။ ကျောင်းမတက်ရတဲ့ ရက်တွေမှာ ထုပ်ပိုးတဲ့အလုပ်ကို အပြီးလုပ်ကြရပါတယ်။ ဒီလိုနဲ့ ကျမတို့ တစ်တွေ ပြောင်းရွှေ့မဲ့ရက်ကို ရောက်လာပါတယ်။ မီးရထားနဲ့ ပြောင်းရွှေ့ရမှာဖြစ်တဲ့အတွက် ကျမတို့မနက် အစောကြီးအိပ်ယာက ထကြရပြီး အဲဒီနေ့မှာတော့ ဖေဖေ့တပည့်တွေ လာပို့တဲ့ ကော်ဖီ မုန့်တို့ကိုသာ စားကြရပါတယ်။ ရထားခရီးလမ်းဖြစ်တဲ့အတွက် သီးသန့် ပစ္စည်းပို့ကားတစ်စီးက ပစ္စည်းတွေတင်ပြီး ဘူတာကို ခေါက်တုန့်ခေါက်ပြန် သွားပို့ပါတယ်။ ဖေဖေအပါအဝင် ကျမတို့မိသားစု အားလုံးကတော့ နောက်ဆုံး အခေါက်မှ ဘူတာကိုဆင်းကြပြီး ဘူတာရောက်တဲ့အခါမှာ အရေးတကြီး အသုံးလိုမဲ့ အင်္ကျီထည့်အိတ်များနဲ့ ကူကူးရဲ့ အသုံးအဆောင် ပစ္စည်းများ၊ အစားအသောက်ခြင်းများအပြင် လမ်းမှာ လိုအပ်ရင်သုံးဘို့ အပိုပစ္စည်းများ ထည့်တဲ့ အိတ်တွေကိုတော့ ကျမတို့ရထားတွဲမှာပါတယ်။ ကျန်အိမ်သုံးပစ္စည်း အားလုံးကို ရထားရဲ့ပစ္စည်းတွဲမှာ ထည့်ဘို့ ဖေဖေက စီစဉ်ပါတယ်။
ကျမတို့ မောင်နှမတတွေ ခရီးထွက်ရင် ရထားနဲ့ ခရီးသွားတာကို ကားနဲ့ခရီးသွားတာထက် ပိုပြီးနှစ်ခြိုက် သဘောကျကြပါတယ်။ ဘူတာတွေမှာ ရထားခဏ ဆိုက်တဲ့အခါမှာ ဈေးသည်တွေရောင်းတဲ့ မုန့်ပဲသရေစာ ၀ယ်စားလို့ရတာမို့ပါ။ ‘ရေ ရမယ် ရေ ရေ’လို့ တစ်ဖုံ ‘ကောက်ညှင်းထုပ် ပူပူလေး’လို့ တစ်မျိုး ‘ဘဲဥပြုတ်’ဆိုပြီး တစာစာအော် ရောင်းနေတဲ့ ဈေးသည်တွေရဲ့ အသံကို ကျမအတော်လေး နှစ်သက်ပါတယ်။ နှစ်သက်ရခြင်းရဲ့ အကြောင်းရင်းကိုတော့ ဒီကနေ့အထိ မသိခဲ့ပါဘူး။ အခုချိန် ခရီးကို ရထားနဲ့သွားရင် ရေအပါအဝင် အစားအသောက် အပြည့်အစုံကို ခြင်းနဲ့သယ်ယူသွားပြီး လမ်းမှာ ဝယ်စားတဲ့ အလေ့အထကတော့ ပျောက်သွားပါပြီ။ ရထားခုတ်မောင်းနေတဲ့ အချိန်မှာ ထွက်လာတဲ့ ဂျုံးဂျုံးဂျက်ဂျက် အသံကိုလည်း ကျမနှစ်သက်သလို ရထားခေါင်းတွဲရဲ့  ဥသြဆွဲသံကိုလည်း ကျမ သဘောကျတယ်။ ရထားသွားနေချိန် ကျမ မျက်နှာအပေါ်ကို လေအေးလေးတွေ တိုးဝှေ့နေတာကအစ ကြည်နူးနေတတ်ပါတယ်။ ဒီလို ခံစားချက်က ကျမတစ်ယောက်ထဲ မဟုတ်ပါဘူး ညီမလေး မောင်လေးတို့လည်း ကျမလိုထပ်တူ ခံစားကြရတယ်ဆိုတာကို သူတို့လေးတွေ ပြောပြလို့ သိထားခဲ့ပါတယ်။ ဒီလိုနဲ့ ရထားကြီး ပဲခူးဘူတာကို ဆိုက်ရောက် လာချိန်မှာတော့ ဖေဖေ့ရဲ့ မိတ်ဆွေတစ်ချို့က လာပြီး နှုတ်ဆက်ကြပါတယ်။ တခြား အတွဲတစ်တွဲ ချိတ်ဖို့အတွက် အနည်းဆုံး နောက်ထပ်၂နာရီကြာအောင် စောင့်ရမှာဖြစ်တဲ့အတွက် ကျမတို့ မိသားစုကို ဖေဖေ့မိတ်ဆွေတစ်ဦးက ဘူတာနဲ့နီးတဲ့ သူ့ရဲ့အိမ်ကိုခေါ်သွားပြီး နားစေခဲ့ပါတယ်။
သူတို့ မိသားစုတွေအားလုံးလည်း သဘောကောင်းကြပါတယ်။ ဖေဖေ့မိတ်ဆွေရဲ့ မိခင်ဖြစ်သူ ဖွားဖွား တစ်ယောက်က မေမေ့မျက်နှာကို စေ့စေ့ကြည့်ပြီး “သမီးပုံစံကို ကြည့်ရတာ ပုံမှန်တော့ မဟုတ်ဘူး၊ ဗိုက်နာနေလားဟင်” လို့ မေးသံကြောင့် အခန်းထဲရှိ လူအားလုံးရဲ့ မျက်လုံးတွေဟာ မေမေ့မျက်နှာဆီကို ရောက်သွားကြပါတယ်။ မေမေက “နည်းနည်းလေးပဲ နာတာပါ သိတ်တော့ မနာပါဘူး” လို့ ပြန်ဖြေတော့ အဲဒီဖွားဖွားက “အမလေး မြတ်စွာဘုရား၊ ဒီလောက်ဝေးတဲ့ ခရီးကို ဆက်သွားလို့ ဖြစ်ပါ့မလားကွယ်” ပြောပြောဆိုဆို ဖေဖေ့ဖက်လှည့်ပြီး တစ်ဆက်တည်း “ကိုကြည် မင်းမိန်းမကို ဆရာဝန်တော့ ပြမှဖြစ်မယ် ငါတော့သိတ်မထင်ဘူး” လို့ ပြောရင်း သူတို့အသိ ဆရာဝန်တစ်ယောက်ကို လှမ်းခေါ်ပြီး မေမေ့ရဲ့အခြေအနေကို ကြည့်ခိုင်းပါတယ်။ ကြည့်ပြီးတဲ့အခါမှာ ဆရာဝန်က “အစ်မ ခရီး ဆက်လို့တော့ မဖြစ်ဘူး ဒီညလောက် မွေးလိမ့်မယ် ထင်တယ်” လို့ ပြောတာကြောင့် အာမေဋိတ်သံ တစ်ယောက် တစ်မျိုးဆီနဲ့ တစ်ခန်းလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။ ဖေဖေက ခဏစဉ်းစားရာကနေ “ဒါဆိုရင် မာဂရက်တို့အားလုံးကို ပဲခူးမှာပဲ ကျနော်ထားခဲ့တော့မယ်။ ကျနော်ကတော့ သွားမှဖြစ်မှာမို့ လားရှိုးရောက်တာနဲ့ အထက်ကို သတင်းပို့ပြီး ပြန်လာခေါ်မယ်” လို့ မှာပြီး ဖေဖေထွက်သွား ချိန်မှာတော့ မေမေ့ကို ပဲခူးဆေးရုံတင်ဖို့ ပြင်ဆင်ကြပါတယ်။
ပဲခူးဆေးရုံကို မေမေတက်နေတဲ့အချိန်မှာ ဖေဖေ့မိတ်ဆွေအိမ်မှာ ကူကူးလေးကို နှင်းကြည်ကထိန်းပြီး တူးမာ တူတူးတို့နဲ့အတူ ထားခဲ့ရပါတယ်။ ကျမကတော့ မေမေနဲ့ အဖော်အဖြစ် ဆေးရုံကို လိုက်သွားရတယ်။ ညဥ့်သန်းခေါင်ယံကျော် တနင်္လာနေ့အကူး ဒီဇင်ဘာလ-၁၇ရက်နေ့မှာ မေမေက နောက်ထပ်ညီမလေး ‘ပူစူးမ’ ကို မွေးဖွားခဲ့ပါတယ်။ မိုးလင်းတာနဲ့ ကျမတို့တည်းခိုတဲ့ အိမ်က အဒေါ်နှစ်ယောက် ရောက်လာပြီး စားစရာတွေပေးရင်း မေမေနဲ့ကလေးရဲ့ ကျန်းမာရေးကို ကြည့်ကြပါတယ်။ ကလေးရောလူကြီးရော ကျန်းမာတဲ့အကြောင်းကိုလည်း ဖေဖေ့ဆီ သတင်းပို့ပေးမယ်လို့လည်း မေမေ့ကိုပြောသွားကြပါတယ်။ ‘ပူစူးမ’ ရဲ့ အသားလေးက နီရဲနေပြီး ရွှေဝါရောင် ဆံပင်မွှေးမျှင် ရှည်ရှည်ကလေးနဲ့ အရမ်းကို ချစ်စရာကောင်းပါတယ်။ လက်ကလေးတွေ ခြေထောက် ကလေးတွေက သေးသေးလေးနဲ့ နူးနူးညံ့ညံ့လေးမို့ ဖျစ်ညှစ်ခြင်စရာ ကောင်းလောက်အောင်ပါပဲ။ ‘ပူးစူးမ’တစ်ယောက် လူ့လောကကို ရောက်လာချိန်ကစလို့ မရပ်မနား အော်ငိုနေပါတော့တယ်။ မေမေလည်း ကောင်းကောင်းမအိပ်ရပါ။ မိုးလင်းစပြုချိန်မှာ မေမေက “လုလုရေ ကလေးကိုခဏ ကြည့်ထားပေးပါအုံးနော် မေမေ့ခေါင်းတွေလည်း လေးနေပြီး ဘယ်လိုဖြစ်နေလဲမသိဘူး” လို့ ကျမကိုပြောတော့ ကျမလည်း ပူစူးမကို ကောက်ချီလိုက်ပါတယ်။ ကျမလက်ထဲရောက်လာပြီး ခဏအကြာမှ ပူစူးမ အငိုတိတ်သွားပြီး အိပ်ပျော်သွားပါတယ်။ တစ်နေ့လုံး လာသမျှ ဧည့်သည်တွေကို မေမေ့ကိုယ်စား မေးသမျှကို ဖြေပေးနေရသလို နေမကောင်းဖြစ်နေတဲ့ မေမေ့မှာ တစ်နေ့လုံး မှိန်းနေရပါတယ်။ ပူစူးမကတော့ တစ်နေ့လုံး မနိုးတမ်းကို အိပ်နေပါတော့တယ်။ သူနာပြုဆရာမလေးက ပူးစူးမကို ၃နာရီခြားတစ်ကြိမ် နှိုးနှိုးပြီး မေမေ့ရဲ့ နို့ချိုကို တိုက်ကျွေးစေပါတယ်။ အိပ်ပျော်ပျော်သွားတဲ့ ပူစူးမကို မရမကနှိုးပြီး တိုက်ရလောက်အောင်ကို အအိပ်မက်တဲ့ ညီမလေးပါ။ နေဝင်လို့ ညရောက်ပြီဆိုရင် ပူစူးမနိုးလာပါပြီ။ တစ်ညလုံး မအိပ်တော့ပါ။ နေ့နဲ့ည လွဲနေတဲ့ပူစူးမကို ထိန်းရတဲ့ကျမလည်း နေ့ဖက်ပူစူးမ အိပ်တာနဲ့ လိုက်အိပ်ရပါတယ်။ ဒုတိယရက်ကစပြီး မေမေက လာတဲ့ဧည့်သည်တွေကို နေမကောင်းတဲ့ကြားက ဧည့်ခံနေပြီး ကျမနိုးလာတဲ့အခါမှာတော့ မေမေက တလှည့်အနားယူပါတယ်။ ကျမတို့တည်းတဲ့ အိမ်ကဖွားဖွားက မေမေ့ကို “ကလေးက နေ့နဲ့ညလွဲနေတယ်ဆိုရင် သောက်ရေအိုးထဲက ရေနဲ့ ကလေးကို မျက်နှာကို သစ်ပေးရတယ်ကွဲ့” လို့ ရှေးအယူအဆ အတိုင်းပြောတအခါ မဆိုင်းမတွ ကျမက ဟုတ်လိုဟုတ်ငြား ပူစူးမကို မျက်နှာသစ်ပေးလိုက်တယ်။ ဒါပေမယ့် ပူစူးမကတော့ သူ့အတွက် နေ့ကိုအိပ်ချိန် ညကနိုးချိန် အဖြစ် သတ်မှတ်ထားပုံရပါတယ်။ 
(၃)ရက်မြောက်တဲ့နေ့မှာ မေမေ ဆေးရုံကဆင်းဖို့ရာအတွက် ကျမတို့တည်းခိုတဲ့ အိမ်က အိမ်ရှင်ဖေဖေ့ သူငယ်ချင်းနဲ့ သူ့အမျိုးသမီးတို့က ဆေးရုံကို ကားနဲ့လာကြိုပါတယ်။ မေမေ ပူစူးမနဲ့ ကျမတို့ အိမ်ကိုရောက်တာနဲ့ ကူကူး တူတူး တူးမာနဲ့ နှင်းကြည်တို့ အပြေးအလွှား လာကြိုကြပြီး ကူကူးက ကျမလက်ထဲက ပူစူးမလေးကို ဇွတ်ဖက်ပြီး နမ်းပါတော့တယ်။ ကလေးက အရမ်းငယ်နေတဲ့အတွက် ထိခိုက်မှာစိုးတာမို့ အရိပ်တကြည့်ကြည့် လုပ်ရတဲ့အလုပ်တစ်ခု ကျမမှာ ပိုလာပါတယ်။ မေမေကတော့ တည်းခိုတဲ့အိမ်ကို ပြန်ရောက်မှပဲ သက်တောင့်သက်သာ နားရပါတော့တယ်။ ပူစူးမကိုမွေးပြီး (၁၀)ရက်လောက် အကြာမှာ ဖေဖေပြန်ရောက်လာပြီး မိသားစုကို ပဲခူးကနေ လားရှိုးမြို့ကို ခေါ်ဆောင် သွားပါတယ်။ မြေပြန့်ကနေ တောင်ပေါ်မြိုကကို ရောက်လာတဲ့အခါ ကွဲပြားတဲ့ ရာသီဥတု ပန်းမာလာတို့ရဲ့ မွှေးရနံ့လေးတွေဟာ ကျမရဲ့စိတ်ကို လန်းဆန်းစေတာအမှန်ပါ။ လားရှိုးမြို့ကို ရောက်လာတာနဲ့ ကျယ်ဝန်းတဲ့ ခြံဝန်းကြီးတစ်ခုထဲမှာ နှစ်ထပ်တိုက်အိမ်တစ်လုံးကို လှမ်းမြင်နေရပါတယ်။ ကျိုက်ထို အိမ်ထက် ၃ဆမက ကျယ်ဝန်းပါတယ်။ အပေါ်ထပ်မှာရှိတဲ့ အိပ်ခန်းသုံးခန်းမှာ ရေချိုးခန်း ရေအိမ်သာနဲ့ တွဲလျက်ရှိပြီး အောက်ထပ်မှာ အိပ်ခန်းနှစ်ခန်း တွဲသုံးရေချိုးခန်း ရေအိမ်သာအပြင် ဧည့်ခန်းကျယ်တစ်ခု စာဖတ်ခန်း ထမင်းစားခန်း မီးဖိုချောင်နဲ့ စတိုခန်းတို့ကို တွေ့ရပါတယ်။ ခြံထဲမှာလည်း ပန်းရောင်စုံပန်းမာလာတို့ကို စိုက်ထားပြီး နှင်းပန်းတွေကို အများဆုံးမြင်ရပါတယ်။ အေးချမ်းသာယာလှတဲ့ ရှမ်းပြည်ရဲ့ သဘာဝရှုခင်းတွေဟာ ကျမတို့ မိသားစုအတွက် ပထမဦးဆုံးအကြိမ် မြင်တွေ့ရတာမို့ ပျော်ရွှင်ကြည်နူးနေကြတယ်။ ဘယ်နေရာကို ကြည့်ကြည့် မျက်စိတဆုံးမှာ တောင်တန်းတွေပတ်လည် ဝိုင်းနေတဲ့ ရှုခင်းလေးကို ကျမ အတော်လေး သဘောကျမိတယ်။ လားရှိုးရောက်ပြီး တစ်ပတ်လောက် အကြာမှာပဲ ပူစူးမကို ထိန်းဖို့အတွက် ကျမထက် အသက် (၅)နှစ်လောက်ကြီးတဲ့ ‘အီဒစ်’ လို့ခေါ်တဲ့ ကချင်တိုင်းရင်းသူ တစ်ယောက် အိမ်ကို ရောက်လာပါတယ်။ ကူကူးအတွက် ကလေးထိန်း နှင်းကြည်ရှိသလို ပူစူးမအတွက် ကလေးထိန်း အီဒစ်ရှိပြီမို့ အစ်မကြီးဖြစ်တဲ့ ကျမအတွက် တာဝန်ပေါ့သွားပေမယ့် အိမ်ထိန်း ဦးအောင်ခင် ကျိုက်ထိုမှာ ကျန်နေခဲ့တာမို့ အိမ်ထိန်းအလုပ်ကို ကျမက တာဝန်ယူလုပ်ရပါတယ်။ 
ကျမတို့ ညီအစ်မ နှစ်ယောက်လည်း ကျောင်းအပ်ပြီးပြီမို့ ကျောင်းပြန်ဖွင့်ချိန်မှာ ကျောင်းတက်ကြရပါတယ်။ လွတ်သွားတဲ့ ကျောင်းသင်္ခန်းစာတွေကို အတန်းပိုင်ဆရာမက အားချိန်လေးတွေမှာ ပြန်သင်ကြားပေးသလို အချိန်ပိုလည်း အိမ်ကိုလာပြီး သင်ပေးပါတယ်။ ဒီလိုနဲ့ပဲ အတန်းတင် စာမေးပွဲကြီးကို ညီအစ်မနှစ်ယောက် စလုံး ဖြေဆို အောင်မြင်ခဲ့ကြပါတယ်။ နွေရာသီ ကျောင်းနှစ်လပိတ်ချိန်မို့ ထုံးစံအတိုင်း မန္တလေးက အစ်ကိုကြီးလည်း ကျမတို့ဆီကို အလည်ရောက်လာပါတယ်။ မောင်နှမတွေ စုမိကြပြီဆိုတော့ ပျော်မဆုံးမော်မဆုံး တစ်ပြုံးပြုံးပေါ့။ စကားတွေလည်း ဖောင်ဖွဲ့လို့ ပြောမဆုံး တောသုံးထောင်။ အပျော်ဆုံးကတော့ တူတူးထင်ပါရဲ့။ ကျမအစ်ကိုက တူတူးကို အစစအရာရာ ဦးစားပေးပြီး ကစားသလို ကျွေးစရာရှိလည်း တူတူးကိုရအောင် လိုက်ရှာပြီး ကျွေးလေ့ရှိပါတယ်။ ကျမရဲ့ အမှတ်တရ အကြောင်းအရာလေး တစ်ခုကတော့ လားရှိုးမြို့ရဲ့နွေဦး ရာသီဥတုဟာ မနက်ပိုင်းတွေမှာ အတော်လေး အေးလွန်းပါတယ်။ နေထွက်လာတာနဲ့ မေမေက အပေါ်ထပ် အိမ်ရှေ့ဝရံတာမှာ ဖျားခင်းပြီး ဖျာပေါ်မှာ မှို့ရာခင်းကာ (၃)လသမီး ပူစူးမကို နေလှမ်းပြီး နေဓာတ် အမြဲလိုပေးလေ့ ရှိပါတယ်။ မေမေ့အလစ်မှာ အစ်ကိုက အော်ငိုနေတဲ့ ပူစူးမကို သနားလို့ဆိုပြီး သူ့ကိုယ်လုံးနဲ့ နေကို ကာပေးလေ့ရှိတာကို တစ်နေ့မေမေမြင်တော့ ပူစူးမက နေရောင်ဓာတ်လိုနေတဲ့အကြောင်း အစ်ကိုနဲ့ ကျမတို့တစ်တွေ နားလည်အောင် ရှင်းပြပါတယ်။ ညဘက် မအိပ်ခင် မောင်နှမတတွေ အလာပ သလာပပြောချိန်မှာ အစ်ကိုက ကျမတို့ ပြောင်းရွှေ့လာတဲ့ ခရီးစဉ်ကို ဘယ်လို ကျော်ဖြတ်ခဲ့ရပုံကို စိတ်ဝင်တစား မေးမြန်းကာ ဘော်ဒါမှာ သူဘယ်လို နေထိုင်စားသောက်တယ်ဆိုတာ ကျမတို့ကို ပြောပြရင်း အချိန်တွေကို ကုန်ဆုံးစေခဲ့ပါတယ်။ 
လားရှိုးရောက် ပဲခူးသူ ပူစူးမ (သုံးလသမီး)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz