x

18.3.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၁၂


လားရှိုးမြို့ကို ပြောင်းရွှေ့ခဲ့ပြီး ၅လလောက်အကြာမှာ ဖွားဖွားနဲ့ အဒေါ်တွေ အလည်လာကြပါတယ်။ ဖွားဖွားက ကျမရဲ့ မွေးမေမေကို သိတ်ချစ်ခဲ့တော့ လက်ရှိ ကျွေးမေမေအပေါ်မှာ အမြင် မကြည်လင်တာကြောင့် ဖေဖေလဲ မိခင်နဲ့မိန်းမအကြား ဗျာများရရှာတယ်။ လက်ရှိမေမေက ဘော်ဒါကျောင်းထွက် ဆိုတော့လည်း စည်းကမ်းနဲ့ ပတ်သက်လာရင် အလျှော့ မပေးတတ်သလို ဖွားဖွားကျပြန်တော့ ကျမတို့ တခုခုလုပ်နေတာကို မြင်တိုင်း ကျမတို့ကို မညှာမတာ ရက်ရက်စက်စက် ခိုင်းနေတယ်လို့ ထင်နေတယ်လေ။ မေမေက အိမ်ရှိလူအားလုံးကို တစ်ဦးချင်းဆီရဲ့ နေ့စဉ် လုပ်ရမဲ့ တာဝန်တွေကို စာရွက်မှာ ရေးထားပြီး ဘီဒိုမှာ ကပ်ထားပါတယ်။ ကိုယ်လုပ်ရမဲ့အလုပ်ကို ကျေပြွန်တာမျိုး မရှိခဲ့ရင် ပြီးစလွယ်လုပ်ရင် ခေါ်ပြီး ဆုံးမလေ့ရှိပါတယ်။ ကျမလဲ ကျမကို ပေးထားတဲ့ တာဝန်အတိုင်း မနက် မိုးလင်းတာနဲ့ မောင်လေး ကူကူး ညီမလေး ပူစူးတို့အတွက် နို့ဘူးတွေကို ရေနွေး စိမ်ရပါတယ်။ ကျမရေနွေးတည်တဲ့ အလုပ်ကို လုပ်နေတာ ဖွားဖွားကတွေ့ပြီး မကျေမနပ်ဖြစ်။ တခါ မီးဖိုထဲ ဟင်းချက်ကူရင်လဲ ဖွားဖွားက မကြိုက်ပြန်၊ တူးမာ ဖုံသုတ်တာမြင်ပြန်တော့ ဖွားဖွားက စိတ်ဆိုး။ ဖွားဖွားတို့နဲ့ ခွဲခွာပြီးတဲ့နောက်ပိုင်း ကျမတို့ မေမေ့ရဲ့ ထိန်းသိမ်း ကွပ်ကဲမှုအောက်မှာ ခေါက်ရိုးကျိုးနေတာကို ဖွားဖွားအမှတ်တမဲ့ ဖြစ်ပုံရပါတယ်။ အရင်လိုပဲ ကျမတို့ကို ဖွားဖွားမျက်စိထဲမှာ ကလေးငယ်လေးတွေလို့ ထင်နေဆဲပါ။ ဒါကြောင့်လဲ ပြဿနာဟာ မဖြစ်သင့်ပဲ ဖြစ်ပေါ်လာခြင်းပါ။ နှစ်ဦးနှစ်ဖက် ရှုထောင့်တိုင်းကတော့ အမှန်ချည်းပါပဲ။ အဲ့ဒီအချိန်တုန်းက ကျမ မတွေးတတ်ခဲ့ပေမယ့် အခုချိန်မှာ ကျမတွေးမိတာက ဘယ်သူမဆို ကိုယ်ချစ်တဲ့သူ တစ်ဦးတစ်ယောက်အပေါ် အချစ်စိတ်တွေ ရှိနေတာတဲ့အခါ တဖက်သားက အပြစ်လုပ်မိစေအုံးတော့ ချစ်တဲ့စိတ်လေးနဲ့ လွယ်လွယ်ကူကူ ခွင့်လွှတ်တတ်ကြတာ လူ့သဘာဝပါ။ အဓိကအကြောင်းရင်းက ကျမရဲ့ မွေးမေမေကို အရမ်းချစ်တဲ့ ဖွားဖွားဟာ မေမေ့နေရာ လူသစ်ကို အစားထိုးခွင့် မပြုနိုင်တာပါပဲ၊ ဒါကြောင့်လဲ မေမေ့ရဲ့ လှုပ်ရှားမှုအားလုံးကို အပြုသဘောနဲ့ မြင်ဘို့ဆိုတာ ဖွားဖွားအတွက် ခက်ခဲနေတာ ဖြစ်နိုင်ဖွယ်ရှိ။
တနေ့မနက် ကော်ဖီသောက်ချိန်မှာ လူစုံတုန်း ဖွားဖွားက အရင်ဆုံး စကားစပြောပါတယ်။ 'ကိုကြည် ကလေးတွေက ငယ်သေးတယ်။ ဒီလို အသက်အရွယ်လေးတွေကို ခိုင်းထားတာတွေက မတန်မရာတွေပဲ အမေအရင်းဆိုရင် ဒီလိုလုပ်ပါ့မလား' ဖွားဖွားရဲ့ စကားအဆုံးမှာ ဖေဖေက မျက်နှာတချက် ပျက်သွားပြီး 'မမကလဲ မာဂရက်က ကလေးတွေကို စည်းကမ်းတကျ ခိုင်းနေတာပါ။ နှိပ်စက်နေတာမှ မဟုတ်တာ တချိန်ကျရင် သူတို့တွေလဲ နားလည်လာမှာပေါ့ မမရယ်' လို့ ပြန်ပြောလို့အပြီးမှာ မေမေက တစ်ခွန်းတစ်ပါဒမှ ၀င်မပြောပဲ ထမင်းစားခန်းကနေ အပြင်ဘက်ကို ထွက်ပြီး အိပ်ခန်းထဲ ၀င်သွားပါတယ်။ မေမေ့သူငယ်ချင်း ပညာအုပ် ဦးသောင်းစိန်ရဲ့ ဇနီးဖြစ်သူ အန်တီဂရေးလုံတို့အိမ်ကို သွားဘို့ ပြင်နေခြင်းပါ။ ကျမတို့အိမ်ကနေ အန်တီ ဂရေးတို့အိမ်ကို လမ်းလျှောက်သွားရင် ၁၅မိနစ်လောက် သွားရပါတယ်။ ထမင်းစားပွဲကနေ မေမေ ထရပ်လိုက်ကထဲက ကျမလဲ မေမေ့နောက်ကို ထပ်ချပ်မကွာ လိုက်သွားတာမို့ ဖွားဖွား ဖေဖေနဲ့ အဒေါ်တွေရဲ့ တစ်ယောက်တစ်ခွန်း စကားပြောသံတွေဟာ ကျမနောက်ကျော အတော်ဝေးဝေးမှာ ကျန်ခဲ့ပါတယ်။ အရင်ထဲက ဒီကနေ့အထိ တစ်ယောက်နဲ့ တစ်ယောက် ငြင်းခုံပြောဆိုနေတဲ့ အသံမျိုးကို ကျမ မနှစ်သက်သလို ဖေဖေမျက်နှာညှိုးရင် ကျမ မနေတတ်ပါ။ ဖေဖေ့မျက်နှာကို အရိပ် တကြည့်ကြည့်နဲ့ ကြည့်နေတတ်တဲ့ ကျမ။ အိပ်ခန်းထဲကနေ အထွက်မှာ မေမေက ကူကူးကို ချီလိုက်ပြီး 'လုလု ပူစူးမကို အီဒစ်နဲ့ အတူ ထိန်းထားလိုက်နော် မေမေ အန်တီဂရေးတို့အိမ်မှာ ခဏရှောင်နေလိုက်မယ်' လို့ပြောရင်း ထွက်ဘို့ ဟန်ပြင်နေချိန် မေမေ့မျက်နှာကို ကျမ လှမ်းကြည့်လိုက်တော့ မျက်ရည်တွေ စီးကျနေတာကို မြင်ရတာမို့ 'လုလုလဲလိုက်မယ် ဟယ်လ်ကို ကျောင်းစာ မေးစရာရှိလို့' ဆိုပြီး မေမေ့နောက်ကနေ ကပ်လိုက်သွားပါတယ်။ အန်တီဂရေးမှာ ဟယ်လင်ဆိုတဲ့ သမီးတစ်ယောက်ရှိပြီး ကျမထက် အတန်းတစ်တန်း ငယ်ပေမယ့် ကျမထက် အင်္ဂလိပ်စာ တော်တာကြောင့် ကိုယ်သိချင်တာလေးတွေ သူ့ကို အမြဲမေးလေ့မေးထ ရှိပါတယ်။ တစ်နေကုန်နီးပါး အန်တီဂရေးတို့အိမ်မှာ မေမေနေပြီး ညနေပိုင်းလောက်မှ အိမ်ကိုပြန်တော့တယ်။ အိမ်ရောက်တော့ ဖေဖေက 'မနက်ဖြန်မနက် မမတို့ ရန်ကုန်ပြန်ကြလိမ့်မယ်' လို့ မေမေ့ကို ပြောတော့ မေမေက ခေါင်းငြိမ့်ပြပြီး အိပ်ပျော်နေတဲ့ ကူကူးကို ကုတင်ပေါ် ချပေးလိုက်တယ်။ ဖွားဖွားတို့ကို ကျမချစ်သလို မေမေ့ကိုလဲ သနားတယ်။
'လုလုနဲ့ တူးမာနဲ့ တူတူးတို့ကို မမတို့က ရန်ကုန် ခေါ်သွားချင်နေတယ်' ဖေဖေက သက်ပြင်းချရင်း မေမေ့ကို ဆက်ပြောလိုက်တော့ မေမေက ကျမဘက်လှည့်ပြီး 'လုလု ဖွားဖွားတို့နဲ့ ရန်ကုန်ကို လိုက်သွားချင်လား တကယ်လို့ လိုက်ချင်တယ် ဆိုရင် ဖေဖေကလဲ သဘောတူတယ်ဆိုရင် လိုက်သွားကြနော်' လို့ပြောလာပါတယ်။ ကျမ ချက်ခြင်းဆိုသလို ခေါင်းခါလိုက်ပြီး 'ဒီမှာပဲနေချင်တယ်' လို့ မဆိုင်းမတွ အဖြေ ပေးလိုက်ပါတယ်။ ကျမ ဒီမိသားစုကို ချစ်တယ် ခွဲမသွားနိုင်ပါ။ နောက်ပြီး ဖေဖေ့ကို ပိုလို့မခွဲနိုင်၊ ဖေဖေစိတ်ထိခိုက် ၀မ်းနည်း ကြေကွဲပြီး ကျန်ခဲ့မှာကို မလိုလား။ ဖွားဖွားတို့ လားရှိုးကနေ မပြန်ခင်ညမှာ ကျမနဲ့ တူးမာ ဖွားဖွားတို့နဲ့ သွားအိပ်ပြီး ကျမက 'လုလုတို့ နေရတာ အဆင်ပြေပါတယ်။ စိတ်မပူပါနဲ့ ဖွားဖွား၊ နောက်ဆိုရင် ဖွားဖွားတို့ဆီ အလည်လာခဲ့မယ်' လို့ ဖွားဖွားကျေနပ်အောင်ပြောတော့ ဖွားဖွားက 'ဘာဖြစ်လို့ ဖွားဖွားတို့နဲ့ ရန်ကုန်ကို မလိုက်ရတာလဲ' လို့ ဖွားဖွားက မကျေမနပ် မေးပါတယ်။ 'ဖေဖေက လုလုတို့အားလုံးကို လွမ်းနေမှာပေါ့။ နောက်ပြီး အငယ်လေးတွေနဲ့လဲ တကွဲတပြားဆီဖြစ်ကုန်မှာမို့ မလိုက်ချင်တာပါ' လို့ ကျမက ပြန်ပြောလိုက်ပါတယ်။ 'အင်းပေါ့လေ တကယ်တော့ ဖွားဖွားလဲ ဒါမျိုးတွေ မပြောချင်ပါဘူး ဘယ်လိုတွေ ပြောမိသွားတယ် မသိပါဘူး ကိုကြည်လဲ စိတ်မကောင်းဖြစ်သွားတယ်' လို့ ပြောဆိုပြီး မျက်ရည်လွယ်တဲ့ ဖွားဖွားက မျက်ရည်စလေးကို အင်္ကျီ လက်ရှည်စလေးနဲ့ တို့သုပ်လိုက်ပါတယ်။ မနက်ရောက်တော့ ဖွားဖွားက ဇွဲ မလျှော့သေး။'မောင်နှမသုံးယောက်ကို ငါတို့နဲ့ ထည့်လိုက်ပါလား' လို့ ဖေဖေ့ကို ထပ်ပြီး ခွင့်တောင်းပြန်တယ်။ ဖေဖေက 'အထက် အောက် သားသမီးတွေ စိတ်ဝမ်းကွဲ ကုန်မှာစိုးတယ်မမ နောက်ပြီး သားသမီးတွေကို တာဝန်မယူနိုင်တဲ့ ဖခင်တစ်ယောက် ကျနော် အဖြစ်မခံနိုင်ဘူး' လို့ ပြန်ပြောပြီး ဖွားဖွားရဲ့ ဆန္ဒကို ငြင်းဆိုလိုက်ပါတယ်။ ဖွားဖွားလည်း ဘာမှ စောဒက မတက်တော့၊ ဆိတ်ငြိမ်စွာနဲ့သာ ရန်ကုန်ကို ပြန်သွားပါတယ်။
လာရှိုးကို ပြောင်းရွှေ့လာပြီး တစ်နှစ်မပြည့်ခင်မှာပဲ ကျောက်မဲမြို့ကို ထပ်ပြောင်းရွှေ့ဘို့အတွက် သတင်းတစ်ခု ထပ်ရောက်လာပြန်တယ်။ ကျိုက်ထိုကနေ လားရှိုးကို ပြောင်းရွှေ့လာတုန်းကလို ကျမတို့တတွေ ထုပ်ပိုးရပြန်ပေါ့။ ဒီတစ်ခေါက် ကျမအရင်လောက် အလုပ်မရှုပ်တော့ပါ။ နှင်းကြည်၊ အီဒစ်တို့အပြင် ဟယ်လင်တို့ မိသားစုကလည်း ကျမတို့ ပစ္စည်းတွေ ထုပ်ပိုးတာကို ကူညီလုပ်ကိုင်ပေးသလို ဖေဖေ့ရဲ့ တပည့်တွေလည်း လာရောက် ကူညီပေးကြတယ်။ ကျမတို့ မောင်နှမသုံးယောက်ကို ကျောင်းပြောင်းဘို့ရာ ကျောင်းထွက် လက်မှတ်ကို လုပ်ရပြန်တယ်။ ခရီးမထွက်ခင် တစ်ရက်မှာ ကျမရဲ့ ခေါင်းကြီးကိုက်ရောဂါ ဖြစ်ပြန်တဲ့အတွက် အိပ်ယာထဲမှာ ခွေနေရပြန်တယ်။ ခေါင်းကြီးကိုက်ရောဂါကြောင့် ထင်ပါရဲ့ ကျမ ဘယ်ပုံဘယ်နည်း လားရှိုးမြို့ကနေ ကျောက်မဲမြို့ကို ပြောင်းရွှေ့ခဲ့ပုံ အသေးစိတ်ကို ကျမရဲ့ မှတ်ဥာဏ်ထဲမှာ ဘယ်လိုမှ အစ ပြန်ဖော်လို့မရပါ။ အငယ်တွေ မေးပြန်တော့ တိတိကျကျ ပြန်မပြောပြတတ်။ ကျမ သတိရသလောက် ခရီးစဉ်တလျှောက် မအီမသာနဲ့ လိုက်ပါလာခဲ့ပြီး ကျောက်မဲမြို့ကို ရောက်တာနဲ့ အိပ်ယာတခုမှာ လှဲအိပ်ခဲ့တယ်။ အိပ်ယာနိုးတော့ ကျမရဲ့ ခေါင်းကိုက်ဝေဒနာလဲ ပျောက်ကင်းနေပါပြီ။ နေလို့ကောင်းနေတဲ့အခါ နေရာတကာ မပါမပြီးတဲ့ ကျမ ကျောက်မဲအိမ်ကို လှည့်ပတ်ပြီး ကြည့်ပါတယ်။ သေသပ် ခိုင်ခန့်တဲ့ တစ်ထပ် ပျဉ်ထောင်အိမ်ကြီးကို မြင်ရသလို ခြံကလည်း အတော်လေးကျယ်ပါတယ်။ လားရှိုးတုန်းကလိုပဲ ခြံထဲမှာ ပန်းပေါင်းစုံ စိုက်ပျိုးထားတာ တွေ့ရပါတယ်။ အိမ်ရဲ့ နောက်ဖက်မှာ အလုပ်သမားတန်းလျား တစ်ခုရှိပြီး ခြံစိုက်သူ ကားမောင်းသူ မိသားစုတို့ နေထိုင်တဲ့နေရာဖြစ်ပါတယ်။ ကြက်ခြံ ဝက်ခြံ တို့ကိုလည်း တွေ့ရပါတယ်။ 
ကူကူးလည်း ပြေးလွှား ဆော့ကစားနိုင်တဲ့ အရွယ်ကို ရောက်လာသလို ပူစူးမလေးလည်း စပြီး ထိုင်နိုင်တဲ့ အရွယ်ကို ရောက်လာတဲ့ အခါမှာတော့ စနေနေ့ညလိုမျိး ဖေဖေအလုပ်အားတယ် ဆိုရင်ဖြင့် ကျမတို့ မိသားစုအားလုံး ဂျစ်ကားနဲ့ ကျောက်မဲမြို့လယ်မှာရှိတဲ့ ရုပ်ရှင်ရုံကို ဖေဖေက လိုက်ပို့ပေးလေ့ ရှိပါတယ်။ ကျမတို့နေတဲ့ နေရာနဲ့ ကျောက်မဲမြို့ထဲကို မိနစ်(၃၀)လောက် သွားရပြီး အိမ်ကထွက်ပြီး မကြာခင်မှာ ထုံးသုတ်ထားတဲ့ စေတီဖွေးဖွေး တစ်ဆူကို ဖြတ်သွားရလေ့ ရှိပါတယ်။ ဖြတ်သွားတိုင်းလည်း ကျမရတဲ့ မုန့်ဖိုးထဲကနေ ၂၅ပြားဖြစ်စေ ၁၀ပြားဖြစ်စေ အမြဲလှူဖြစ်ခဲ့ပါတယ်။ အလိုလိုနေရင်း အဲဒီဘုရားနားရောက်ရင် လှူချင်စိတ်က တားမရအောင် ပေါ်လာတာကြောင့်ပါ။ ဘုရားရှိခိုးကျောင်းကို တနင်္ဂနွေနေ့တွေမှာ မေမေနဲ့ လိုက်သွားတိုင်းလည်း အလှူငွေ ထည့်ဖြစ်ပါတယ်။ ကျမမှာရှိတဲ့မုန့်ဖိုးကို တစ်ဝက်ထည့်ပြီး ကျန်တစ်ဝက်ကို ထုံးဖွေးဖွေး စေတီလေးကိုလှူဘို့ ချန်စမြဲ။ မနက်စောစော ကျောက်မဲမြို့ထဲကို မေမေနဲ့ ဈေးသွားဝယ်တိုင်း ခေါပုတ် တို့ဟူးနွေး တို့ဟူးတုံးအဖြူ တို့ကို အမြဲ ဝယ်လေ့ရှိတယ်။ တစ်အိမ်လုံး ရှမ်းစာကို ကြိုက်ကြတယ်။ ကျမစားဖူး သမျှ ခေါပုတ်တွေထဲမှာ ကျောက်မဲမြို့မှာ စားခဲ့ဖူးတဲ့ ခေါပုတ်လောက် အရသာရှိပြီး နူးညံ့တဲ့ ခေါပုတ်မျိုး မတွေ့ဖူးသေးပါ။ ကျောက်မဲမြို့မှာတော့ ကျမရဲ့ ချက်ပြုတ်ရေး အလုပ်တွေကို ရက်အနည်းငယ်ပဲ လုပ်ရပြီး နောက်ပိုင်း မလုပ်ရတော့ပါဘူး။ အနောက်ဖက် တန်းလျားမှာနေတဲ့ အဒေါ်ကြီးတွေက ဆက်ပြီး ချက်ပြုတ်ပေးတာကြောင့် ဖြစ်ပါတယ်။ ကလေးတွေ ထိန်းသိမ်းတဲ့ တာဝန်ကျပြန်တော့ နှင်းကြည်နဲ့ အီဒစ်တို့က ရှိနေတယ်။ အိမ်ကိုထိန်းသိမ်း စောင့်ရှောက်ရတဲ့ တာဝန်ကို ကျမ ယူရပါတယ်။ သန့်ရှင်းရေး၊ ချက်ပြုတ်တဲ့သူတွေ အဆင်ပြေမပြေ၊ ကလေးထိန်းတွေ လိုအပ်တာကအစ မေမေက ကျမကိုမေးခဲ့ရင် ဖြေနိုင်အောင် လေ့လာပြီး မှတ်ထားခဲ့ပါတယ်။ ငယ်ရွယ်စဉ်မှာ အလုပ်တွေကို စည်းစနစ်နဲ့ လုပ်ကိုင်ခဲ့ရတဲ့ အကျိုးဆက်ကတော့ လက်ရှိဘ၀မှာ အရာရာကို အလွယ်တကူ ရင်ဆိုင်ဖြေရှင်းနိုင်ခြင်းပါ။ တခါကျောက်မဲမြို့ကနေ ကျုံးအရှေ့ဘက်ခြမ်း မန္တလေးတောင်ခြေကို ပြောင်းရွှေ့ရပြန်တယ်။ 

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်
ကွန်မန့်ပေးလိုသူများ အောက်က စာအုပ်ပုံလေးကို နှိပ်ပြီး ကွန်မန့်ပေးနိုင်ပါတယ်ရှင်။

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz