x

3.3.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၇


ဒီလိုနဲ့ပဲ ညီမလေးအိမ်ကိုရောက်တာ တစ်လလောက်အကြာမှာ ညီမလေးနဲ့ အတူလာတဲ့ မေမေ့အစ်မ အဒေါ်ဖြစ်သူက ညီမလေးကို အပြီးထားခဲ့ပြီး ရန်ကုန်ကို ပြန်ဆင်းသွားပါတယ်။ အဒေါ်ပြန်မဲ့နေ့ကတော့ ညီမလေးတူးမာက အဒေါ့်ကိုဖက်ပြီး ရှိုက်ကြီးတငင်ငင် ငိုနေတာကို ကျမမြင်ရတော့ စိတ်ထဲ အတော်လေး မကောင်းဖြစ်ခဲ့သလို ညီမလေးကိုလည်း သနားမိပါတယ် ကျမရင်ထဲမှာ နာကျင်တဲ့ ဝေဒနာကို ခံစားရတိုင်း မျက်ရည် တစ်စက်မှ မကျခဲ့ရိုးအမှန်ပါ။ ကျမ အတိတ်ကို ပြန်တွေးကြည့်ရင် မျက်ရည် အတော်ခိုင်ခဲ့ပါတယ်။ အစ်ကိုတွေနဲ့ ကစားရာကနေ ချော်လဲပြီး သွေးထွက်သံယို ဖြစ်တာမျိုး တစ်ခုခုကြောင့် ထိခိုက်ရှနာ ဖြစ်မိတာမျိုး အဆိုးဆုံး ပြောရရင်တော့ ကျမ အိမ်ခေါင်မိုးပေါ်ကနေ ပြုတ်ကျပြီး လက်ကျိုးတဲ့ အချိန်တုန်းကလည်း မျက်ရည်တစ်စက် မကျခဲ့သလို ကြောက်ရွံ့ပြီး ငိုယိုတာမျိုးလည်း အလျင်းမဖြစ်ခဲ့ပါဘူး။ ကျိုးတဲ့လက်ကို ဆရာဝန်က စမ်းသပ်ပြီးတဲ့နောက် ဆွဲဆန့်လိုက်တဲ့အခါ အတော်လေး နာကျင်တာကို အံကြိတ်ခံပြီးနေခဲ့တယ်။ မျက်ရည်မကျပဲ ရင်ထဲမှာ မွမ်းကြပ်ပြီး အသက်ရှူမဝတဲ့ ခံစားမှုမျိုးကို ခံစားတတ်သလို ရင်ဘတ်ထဲမှာ အောင့်နေပြီး လည်ပင်းမှာ ဆို့ဆို့နင့်နင့် ခံစားတတ်ပါတယ်။ အတိတ်သံသရာကနေ ကျမ ရုန်းထွက်သင့်မှန်း သိနေပေမယ့် ရင်ထဲမှာ စွဲငြိနေတာမို့ ဒီကနေ့တိုင် မေ့ပျောက်ဖို့ရာ မလွယ်ကူခဲ့ပါဘူး။ ကျမ လက်ကျိုးသွားတဲ့နေ့ကစပြီး ဖွားဖွားက ကျမကို အစ်ကိုတွေနဲ့ ကစားတာ တားမြစ် ပိတ်ပင်ခဲ့ပါတယ် ကျမမှာ စိတ်တိုင်းကျ ကစားခွင့် မရှိတော့တာမို့ အစ်ကိုတွေ ကစားတိုင်း ငေးမောကြည့်ရင်း အချိန်တွေ ပျင်းရိစွာနဲ့ ဖြတ်သန်းရင်း ကုန်လွန်စေခဲ့ပါတယ်။ အိမ်ရဲ့ အပေါ်ထပ်ကနေ အောက်ကိုမျှော်ကြည့်နေတဲ့ ကျမကို ညီမလေးတူးမာက မကြာခဏဆိုသလို အဖေါ် လုပ်ပေးတဲ့အတွက် တစ်နေ့တစ်ခြား ညီမလေးအပေါ် ပိုမိုလို့သံယောဇဉ်တွယ်ပြီး ချစ်လာခဲ့မိတယ်။
တစစနဲ့ ရက်ညောင်း လပြောင်းရင်း ၃-လလောက်အကြာ တမနက်စောစော ကျမရဲ့ ခြင်ထောင်ထဲကို ညီမလေးဝင်လာပြီး “ထတော့ထတော့ မုန့်ဆင်းစားမယ် ငါဗိုက်ဆာတယ်” လို့ပြောတော့ ကျမအံ့သြသွားတယ်။ သူတောင် မြန်မာလိုအတော်လေး တတ်နေပြီပဲပေါ့ ဒါပေမယ့် ‘ငါ’ ဆိုတဲ့ စကားအသုံးအနှုံးက ကျမနားထဲမှာ ကန့်လန့်ဖြစ်နေတာကြောင့် “တူးမာ ကိုယ့်ထက် အသက်ကြီးတဲ့သူနဲ့ စကားပြောရင် ‘ငါ’ လို့မပြောရဘူး သိလား ၊ အဲဒီလိုပြောရင် ငရဲကြီးတယ်။ ကိုယ့်နာမည်ကို ထည့်ပြောရတယ် မှတ်ထားနော်” လို့ ကျမကပြောပြတော့ ညီမလေးက “အေး” လို့ပြန်ပြောပြန်တယ်။ “အဲဒီလို ‘အေး’ လို့ ပြန်ပြောတာလဲ ရိုင်းတာပဲ ကိုယ့်ထက် အသက်ကြီးသူတွေက ပြောရင် ‘ဟုတ်ကဲ့’ လို့ပြန်ဖြေရတယ် အဲဒါလည်း မှတ်ထားနော် တဖြည်းဖြည်းနဲ့တော့ စကားကို လိမ်လိမ်မာမာ ယဉ်ယဉ်ကျေးကျေး ပြောတတ်လာမှာပါ ၊ မမကို သိချင်တာရှိလဲ မေးနော် ကြားလား” လို့ ကျမကပြောတော့ ညီမလေးက လုံးစေ့ပတ်စေ့ နားလည် မလည်တော့ မသိဘူး ကျမကို “ဟုတ်ကဲ့” လို့ပြန်ပြောရင်း ခေါင်းပါ ညိတ်ပြခဲ့ပါတယ် ။ ဒီလိုနဲ့ ကျမကပဲ ညီမလေး စကားအပြောအဆို ယဉ်ကျေးလာအောင် သင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အစ်ကိုတွေနဲ့ ကစားဖို့ အခွင့်အရေး မရတဲ့အချိန်တွေမှာတော့ ကျမအဖို့ စကားပြောဖော် ညီမလေးတူးမာ ရှိနေတာမို့ အပျင်းပြေနေပါပြီ။
ကျမက အစ်ကိုတွေနဲ့ စစ်တိုက်တန်းကစားရင် မြင်းစီးပြီး ကစားတတ်ပါတယ်။ တစ်ယောက် တစ်လှည့် မြင်းလုပ်ပြီး ကျောပိုးရပါတယ်။ တစ်နေ့မှာ အိမ်အောက်ထပ် ဆင်းလာပြီး အပြင်ဖက်ကို ကြည့်လိုက်တော့ အစ်ကိုတို့အဖွဲ့ စစ်တိုက်တန်း ကစားနေတာကိုမြင်ပြီး ကျမလည်း ကစားချင်လာတယ် ညီမလေးကို “တူးမာ မြင်းစီးမလား မမ မြင်းလုပ်ပေးမယ် တူးမာက ကျောကုန်းပေါ်တက် ဆိုပြီး ကျမ ငုတ်တုတ် ထိုင်ပေးလိုက်တယ် ညီမလေးက ကျမရဲ့ ကျောကုန်းပေါ်ကိုတက်အပြီး ကျမလဲမတ်တပ်ထ ရပ်လိုက်ချိန်မှာ မကြာခဏ နေမကောင်းဖြစ်တတ်တဲ့ ကျမမှာ မိုက်ခနဲဖြစ်ပြီး နောက်ဘက်ကို ယိမ်းယိုင်သွားခဲ့တယ် ကျောပေါ်ရောက်နေတဲ့ ညီမလေးလည်း အရှိန်မထိန်းနိုင်ပဲ ပက်လက်လန်ပြီး အောက်ကိုပြုတ်အကျ လှေခါးထစ်ထောင့်က စောင်း နဲ့ဆောင့်မိပြီး ခေါင်းပေါက်ပါလေရော။ သူက အသံကုန် “နာတယ် နာတယ်” လို့ ဟစ်အော်ငိုချိန်မှာ မီးဖိုထဲကနေ ဖွားဖွားက “ဟဲ့ အိမ်ရှေ့မှာ ကလေးငိုသံကြားတယ် ထွက်ကြည့်ကြပါအုံး အလန့်တကြား” လို့ ပြောပြောဆိုဆို ခြေသံတွေကိုလည်းကြားရော ကျမအတော် လန့်သွားတယ် ကြီးမားတဲ့ ပြစ်မှုတစ်ခုကို ကျူးလွန်မိတဲ့ကျမ ဘာကိုမှ တွေးတော ဆင်ခြင်နိုင်စွမ်း မရှိတော့ပဲ အနားရှိ လှေကားအောက်ထဲကို ပြေးဝင်ပြီး ပုန်းနေလိုက်တယ်။ လဲကျနေတဲ့ ညီမလေးကိုလည်း မြင်ရော အဒေါ်အလတ်(ဖေဖေ့ညီမ) က ပွေ့ချီပြီး ဆေးခန်းကို ပြေးပါတော့တယ်။ ခေါင်းဘယ်နှစ်ချက် ချုပ်လိုက်တယ်တော့ ကျမ မသိပါဘူး။ ကိုယ့်ဒုက္ခနဲ့ကိုယ် လှေကားအောက်မှာ အစာငတ် ရေငတ်တဲ့ ဒုက္ခကို အချိန်ကြာမြင့်စွာ ရင်ဆိုင်နေရပါတယ်။ အချိန်အတော်လေး အကြာမှာ ခြံထဲကို ကား ဝင်လာသံကြားတော့ လှေခါးထစ်အောက်ကနေ နားစွင့်နေမိတယ်။ ကားပေါ်က ဆင်းလာသံတွေကြားပြီး “ပူလူး ဘယ်ရောက်သွားလဲမသိဘူး ရှာကြပါအုံး။ ဒီကလေးမ သူ့ကြောင့်ဖြစ်တယ် ဆိုပြီး ဘယ်ကိုများ သွားပုန်းနေလဲမသိဘူး” လို့ ဖွားဖွားပြောသံကို ကြားနေရပေမယ့် ကျမ အသက်တောင် ပြင်းပြင်းမရှူရဲပဲ တိတ်တိတ်လေး ငြိမ်နေခဲ့တယ်။ ဗိုက်ထဲကတော့ ဆာလွန်းလို့ တဂွီဂွီနဲ့ တချက်ချက် ထထမြည်နေတဲ့ အသံကို လူကြီးတွေကြားသွားမှာ စိုးရိမ်စိတ်က ပိုများနေမိပါတယ်။
ကျမရဲ့ ကျောပေါ်ကနေ လိမ့်ကျခဲ့ရဲ့ ညီမလေးကို ထွက်တွေ့ချင်ပေမယ့် အပြစ်လုပ်ခဲ့မိတာကြောင့် ကျမ ပုန်းမြဲ ဆက်ပုန်းနေခဲ့တယ်။ ညနေ ဖေဖေရုံးကပြန်လာတော့ ဖေဖေ့ကို အဒေါ်အလတ်က မနက်က အဖြစ်အပျက် အလုံးစုံကို ပြန်ပြောဆိုနေသံ ကျမကြားနေရပါတယ်။ ဖေဖေက စိုးရိမ်စွာနဲ့ “ဒါဆိုရင် လုလုကို အမြန်ရှာကြပါအုံး ကြောက်လန့်ပြီး အိမ်ကထွက်ပြေးသွားရင် ဒုက္ခပဲ မန္တလေးမှာ အရူးတွေကလည်း ပေါကပေါပါဘိနဲ့ လိုအပ်ရင် လူထပ်တိုးပြီး ရှာနိုင်အောင် လုပ်ရမှာပေါ့၊ ‘မမ’ တို့ကလည်း (ဖွားဖွားကို ဖေဖေက မမ လို့ခေါ်ပါတယ်) သိသိချင်း ကျနော့်ရုံးကို လှမ်းပြောတာ မဟုတ်ဘူး ကျနော်စီစဉ်ပေးမှာပေါ့” ဆိုပြီး ကျမကြောင့် အပြစ်မရှိတဲ့ ဖွားဖွားတို့ ဖေဖေ့ရဲ့ အပြစ်တင်သံကို ကြားလိုက်ရတော့ ကျမအတော်လေး စိတ်မကောင်း ဖြစ်သွားပါတယ်။ ကိုယ့်ကြောင့် ညီမလေးခေါင်းပေါက် လူကြီးတွေစိတ်ပူရ အပြစ်မရှိပဲ အပြစ်တင်ခံရ ကိုယ်တိုင်လည်း အစာငတ် ဆိုတာတွေကို တွေးမိပြီး ‘အပြစ်ရှိလို့ အရိုက်ခံရရင်လည်း အရိုက်ခံရပါစေတော့’ လို့တွေးပြီး ပုန်းနေတဲ့ လှေခါးအောက်ကနေ ကျမ အပြင်ဘက်ကို ထွက်လိုက်ပါတယ်။ ကျမအတွေးနဲ့ လက်တွေ့ဟာ လုံးဝ တက်တက်စင်အောင် လွဲနေပါတော့တယ်။ ကျမကို အရင်ဆုံးမြင်တဲ့ ဖွားဖွားက “ဟင် ပူလူး ဘယ်သွားနေတာလဲကွယ် ဖွားဖွားတို့ အားလုံး ဝိုင်းပြီး ရှာနေကြတာ တစ်နေ့လုံးပဲ” လို့ပြောနေတုန်း ဖေဖေအနားကို ရောက်လာတယ် ပြီးတော့ ဖေဖေက “လုလု စိတ်မပူနဲ့တော့ ညီမလေး ခေါင်းကို ချုပ်ပြီးသွားပြီ အခုသွေးမထွက်တော့ဘူး လုလုက အားနည်းနေတော့ တူးမာကို ဘယ် မ နိုင်ပါ့မလဲ ဘယ်တော့ဖြစ်ဖြစ် အလုပ်တစ်ခုခုကို လုပ်တော့မယ်လို့ စဉ်းစားပြီးရင် ဒီအလုပ်ကို လုပ်သင့် မလုပ်သင့် အရင် စဉ်းစားရမယ်” လို့ပြောပြီး တဆက်တည်း “နောက်ကို အခုလို အမှား တစ်ခုခုဖြစ်ခဲ့ရင် ကိုယ့်အပြစ်ကို ရှောင်ပြီး ပုန်းတဲ့အလုပ် မလုပ်ရဘူးနော် ကိုယ့်မှာအပြစ်ရှိရင် ဝန်ခံလိုက်ရတယ် ဒါဆိုရင် အမှားတစ်ခုအတွက် အမှန်ကိုရောက်သွားနိုင်မှာပေါ့ အမှားကို ဝန်ခံတဲ့သူကိုလည်း ဘယ်သူကမှ အပြစ်မတင်ဘူး။ အမှားကို ဖုံးကွယ်ပြီး ကိုယ်လွတ်ရုံးရင် အမှားတစ်ခုကနေ အမှားနှစ်ခုဖြစ်သွားတတ်တယ် ဖေဖေပြောတာနားလည်တယ် မဟုတ်လား မှတ်ထားနော် လုလု” လို့ ဖေဖေက လေပြေအေးအေးလေးနဲ့ ရှင်းပြတော့ ကျမ သတ္တိနည်းပြီး ရှောင်ပုန်းမိတဲ့ အပြစ်ကို ရှက်ပြီးဝမ်းနည်းသွားသလို နောင်တလည်း ရမိပါတယ်။ အဲဒီအချိန်ကစပြီး ကျမ ဘယ်တော့မှ လူကြီးတွေ စိတ်ပူစေမယ့် အလုပ်မျိုးကို မလုပ်မိတော့ပါဘူး။
ကျမရဲ့ ခေါင်းကိုက်ဝေဒနာဟာ နောက်ပိုင်းမှာ အခြေအနေ ဆိုးရွား လာပါတယ် ခေါင်းကိုက်ပြီ ဆိုရင် ခေါင်းထဲကို သံပူနဲ့ထိုးသလိုမျိုး ခံစားရပြီး မျက်စေ့ထဲမှာ အလင်းရောင်ကို လုံးဝကြည့်လို့မရပါဘူး ဥပမာ မျက်စေ့အရှေ့မှာ ရှိနေတဲ့ ကားနံပါတ်၎လုံးက အလိုလိုထပ်သွားပြီး တစ်လုံးသာ မြင်ရပါတော့တယ်။ ဒီအပြင် အန်ချင်တဲ့စိတ်က တားမရအောင် ပေါ်လာပြီး စားထားသမျှ အဖတ်နဲ့ သောက်ထားသမျှ အရည်အားလုံးကို အန်ထုတ်ရပါတော့တယ်။ အန်လိုက်မှ လူကနေသာ ထိုင်သာ ရှိသွားပါတယ်။ ဖေဖေက ကျမကို ဆေးရုံခေါ်သွားပြီး ဆေးစစ်ရာကနေ ဆရာဝန်က ကျမရဲ့ မကြာခဏဖြစ်တဲ့ ခေါင်းကြီးကိုက်ဝေဒနာ (Migraine) နဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။ ဒီခေါင်းကြီးကိုက် ရောဂါဟာ အထူးသဖြင့် စိတ်အာရုံ ရှုပ်ထွေးစေတဲ့အခါမျိုး စိတ်ကျဉ်းကြပ်တဲ့ အခါမျိုး အိပ်ရေးမဝတဲ့အခါမျိုး ပူပြင်းတဲ့နေရောင်နဲ့ ငယ်ထိပ် ထိတွေ့တဲ့အခါမျိုး အစားအသောက်နဲ့ ပတ်သက်ပြီး အဆီအဆိမ့်တွေ များများစားတဲ့ အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ် ဒါကြောင့် အနေအထိုင် အစားအသောက် ဆင်ခြင်ဖို့ရယ် အဲဒီရောဂါ စဝင်လာပြီဆိုရင် ကာယကံရှင်က ကြိုပြီးသိနေတတ်တာမို့ အဲဒီအချိန်မှာ (Anti Migraine or Ever Mirgraine) ဆေးတစ်ခုခုကို အရင် ဦးအောင်သောက် ဆေးသောက်ပြီးရင် မျက်စေ့ကို အလင်းမဝင်အောင် အကာတစ်ခုခု စည်းနှောင် တားပေးထားပါ။ အေးတဲ့အခန်းထဲမှာ အိပ်ပျော်အောင် နားခိုင်းလိုက်လိုက်လို့ အိပ်ပျော်သွားရင် ဒီရောဂါဟာ နိုးလာတဲ့အခါမှာ ပျောက်သွားပါလိမ့်မယ်” လို့ ဖေဖေ့ကို ရှင်းပြပါတယ်။
ဒီကနေ့ဟာ ဧပြီလ ၅ရက်နေ့ ကျမအိပ်ယာက နိုးလာတဲ့အချိန်မှာ အိမ်ရဲ့အောက်ထပ်ကနေ လူတွေရဲ့ စကားသံတွေကို ကြားနေရတယ်။ ကျမကတော့ ထုံးစံအတိုင်း နေမကောင်းပြန်ဘူးလေ ဒီတစ်ခါတော့ နေမကောင်းတဲ့ရက်က နည်းနည်းရှည်လို့ထင်ပါတယ် ကျမအနားမှာ ညီမလေး ရှိမနေပါဘူး ဒါနဲ့ ကျမအပေါ်ထပ်မှာရှိတဲ့ ဝရံတာကို ထွက်လာခဲ့တယ်။ အဲဒီ ဝရံတာရဲ့ ထောင့်လေးမှာ ကျမနေမကောင်းလို့ အောက်ထပ်ကို မဆင်းရတဲ့အခါတိုင်းမှာ အောက်ထပ်ကို မျှော်ကြည့်လို့ရတဲ့ ထိုင်ခုံလေး တစ်ခုံကို ဖွားဖွားကစီစဉ် ထားပါတယ်။ အဲ့ဒီ ခုံလေးအပေါ်မှာ ကျမထိုင်ပြီး အပေါ်ကနေ အိမ်အောက်ဖက် မြက်ခင်းပြင်ထဲကို လှမ်းကြည့်လိုက်တော့ လူတွေအများကြီး ခြေချင်းလိမ်ပြီး အလုပ်ရှုပ်နေကြတာကို တွေ့ရပါတယ်။ အဲဒီလူတွေရဲ့ အနားမှာ ညီမလေးကိုလည်း ဟိုသွားလိုက် သည်သွားလိုက် လုပ်နေတာကိုလည်း လှမ်းမြင်နေရပါတယ်။ ကျမအတွေးထဲမှာ တစ်ခု ဝင်လာတာကတော့ ‘ဘာလိုလိုနဲ့ မေမေဆုံးတာ တစ်နှစ်ထဲကို ရောက်လာပါပြီ လာမည့် ဧပြီလ ၁၈ရက်နေ့ဆိုရင် ကျမအသက် (၈)နှစ်ပြည့်တော့မယ် မေမေဆုံးတာ တစ်နှစ်တင်းတင်းပြည့်ပြီပေါ့’
အပေါ်ထပ်ကို အဒေါ်အကြီးဆုံး(ဖေဖေ့ညီမ) တက်လာတာကို မြင်တော့ “မေကြည် အောက်ထပ်မှာ ဘာဖြစ်လို့ လူတွေရှုပ်နေတာလဲဟင်” လို့ ကျမကသိချင်စိတ်နဲ့ မေးကြည့်လိုက်တော့ မေကြည်က “ဒီကနေ့ လုလုရဲ့ ဖေဖေက လုလုတို့ မောင်နှမ(၄)ယောက် အတွက် မေမေအသစ် ရှာပေး တဲ့နေ့လေ ဖေဖေနဲ့ နောက်မေမေအသစ် တို့ရဲ့မင်္ဂလာဆောင်တဲ့ နေ့ပေါ့။ မြက်ခင်းပြင် ထဲမှာ မင်္ဂလာပွဲ ကျင်းပမလို့ အလုပ်ရှုပ်နေကြတာ လုလုရဲ့” တဲ့။ ကျမ ရင်ထဲမှာ ကျမဖေဖေ့အတွက် ဝမ်းသာသွားပါတယ် အမြဲတန်း အထီးကျန်စွာ နေနေရတဲ့ ဖေဖေ့ကို အရင်လို ပြုံးပျော်နေတာမျိုး မြင်ချင်တာကြောင့်ပါ။ ကျမတို့မောင်နှမ (၄)ယောက်လုံးက မေမေအသစ်ကို နွေးနွေးထွေးထွေး ကြိုဆိုလိုက်ကြပါတယ်။ ဖေဖေနဲ့ မေမေအသစ်တို့ရဲ့ မင်္ဂလာပွဲလေးဟာ စည်ကားသိုက်မြိုက်စွာနဲ့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။
မင်္ဂလာပွဲလေးကျင်းပပြီးတဲ့နောက် ကျမနေကောင်းတဲ့ တစ်နေ့မှာ ဖေဖေက ကျမကိုဖက်ထားပြီး တူတူးကတော့ မေမေအသစ်ပေါင်ပေါ်ထိုင်ကာ အစ်ကိုတီးတိုးက ညီမလေးတူးမာကို ဖက်ထားလို့ 
မိသားစုအမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz