x

31.3.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၁၃


ကျောက်မဲကနေ ကျမတို့မိသားစု မန္တလေးဖက်ကို ပြောင်းရတော့မယ်ဆိုတာ ကြားခါစမှာ မြူနှင်းတွေ အုပ်ဆိုင်းနေပြီး သာယာရှုမောဖွယ်ရာ ကောင်းလှတဲ့ တောင်တန်းကြီးတွေရယ် စိမ်းစိုပြီး နေချင်စဖွယ် သဘာဝရှုခင်းတွေနဲ့ ဝေးရတော့မယ်ဆိုပြီး စိတ်မကောင်းဖြစ်ခဲ့ပါတယ်။ ဖေဖေ့ရဲ့အရိပ်မှာ ခိုလှုံနေရတဲ့ ကျမတို့အဖို့ ပျော်ရာဒေသမှာ နေခဲ့လို့မှမရတာမို့ ဖခင်နောက်ကို လိုက်ရတာ အဆန်းတကျယ်တော့ မဟုတ်ပါ။ ရှမ်းပြည်တစ်ခွင်မှာ နေခဲ့ရတဲ့ အချိန်လေးတွေကို ကုန်မြန်လွန်းတယ်လို့ ထင်ခဲ့မိသလို ရှမ်းပြည်ဖက်ကိုလည်း တစ်နေ့နေ့တစ်ချိန်ချိန် ပြန်ရောက်ပါစေရယ်လို့ ကျမ ထုံးဖွေးဖွေးစေတီလေးကို အာရုံပြုပြီး ဆုတောင်းခဲ့မိတယ်။ ကျမဆုတောင်းလေး ပြည့်ခဲ့တယ်လို့ ဆိုရမယ်။ ကျမဖေဖေကိုယ်တိုင် ဦးစီးပြီး ကချင်(၅)တပ်ရင်းအသစ် ဖွဲ့စည်းဘို့ရာ မြို့သစ်တစ်မြို့အဖြစ် အသွင်ပြောင်းမဲ့ ရှမ်းပြည်က တာလေရွာလေးကို မသွားခင်မှာ တာချီလိတ်မှာ ယာယီနေရမှာဖြစ်ပြီး တာချီလိတ်ကို မသွားခင် မန္တလေးမှာ ခဏနေဖြစ်မယ်လို့ ဖေဖေကပြောတော့ ကျမ အတော်လေး ပျော်သွားခဲ့တယ်။ တချိန်က ဦးလေး အဒေါ် အဖွားတို့နဲ့ အတူတကွ နေထိုင်ခဲ့ကြတဲ့ ဒီဒေသ ဒီမြို့လေးကို ပြန်ရောက်ခွင့် ရတာရယ် ကျမရဲ့ မွေးမေမေ အုတ်ဂူလေး ရှိနေတာကြောင့်ရယ်ပါ။ ဒါကြောင့်ကျမ အရင်ပြောင်းရွှေ့ခဲ့တဲ့ နေရာတွေလို အပျော်သက်သက် မဟုတ်တော့ပဲ ပိုမိုလို့ ကြည်နူးစွာ ရင်ခုန်နေခဲ့တယ်။ မန္တလေးမြို့ကနေ ခွဲခွာခဲ့ရတဲ့အချိန်ကစပြီး ပထမဦးဆုံး အကြိမ် ပြန်လည်လို့ ရောက်ခွင့်ကြုံ ဆုံခွင့်ရမဲ့ အခြေအနေ စိတ်ခံစားချက်လေးပေါ့။ မန္တလေးရောက်တာနဲ့ ထုပ်ပိုးပစ္စည်းတွေကို မဖွင့်မဖြစ်တဲ့ အသုံးလို ပစ္စည်းတွေ ထည့်ထားတဲ့ သေတ္တာတွေလောက်သာ မေမေကဖွင့်စေပြီး ကျန်သေတ္တာတွေကိုတော့ ရှေ့ဆက်ရမယ့် ခရီးအတွက် အလွယ်တကူ သယ်သွားနိုင်အောင် သီးသန့် အခန်းတခုမှာ စနစ်တကျ သိုလှောင်ထားစေတယ်။
အစ်ကိုကြီးနဲ့လဲ အရင်လိုခွဲပြီး မနေရတော့ဘူးဆိုတဲ့ အသိစိတ်ကြောင့် ပိုပျော်မိပြန်တယ်။ အတိတ်က အဖြစ်အပျက် ပုံရိပ်ကလေးတွေလည်း အလိုလို ခေါင်းထဲဝင်လာတာကြောင့် အစ်ကိုကြီးရဲ့ ကျောင်းပိတ်ရက် တစ်ရက်မှာ ကျမတို့ အရင်နေခဲ့ဖူးတဲ့ အိမ်ကြီးကို တစ်ခေါက်လောက် သွားကြည့်ဖို့ ဖေဖေ့ကို ခွင့်တောင်းတယ်။ ဝင်းလက်နေတဲ့ ဖေဖေရဲ့မျက်နှာလေး တမဟုတ်ခြင်း ညှိုးနွမ်းသွားတာကို တွေ့ရတဲ့အခါမှာတော့ “ဒီလိုဆိုလည်း မသွားတော့ဘူးလေ ဘာရယ်လို့ မဟုတ်ပါဘူး ဖေဖေရဲ့ ကိုယ်နေခဲ့အိမ် ကြည့်ချင်ရုံ သက်သက်ပါ” လို့ ကျမက ဖေဖေ့ကို စိတ်ပြေအောင် ပြန်ပြောလိုက်ပေမယ့် ဖေဖေက “သွားချင်သွား ကြလေ သိတ်တော့ မကြာနဲ့နော် ခြံအပြင်ကပဲကြည့်ပေါ့ ခြံထဲဝင်ရင် သူများတွေ အားနာစရာကောင်းပါတယ်” လို့ ပြောပါတယ်။ ကျမတို့မောင်နှမ သုံးယောက် အစ်ကိုကြီး ကျမနဲ့ တူးမာတို့ ကားပေါ်ကို တက်မယ်အပြု “တူတူးလည်း လိုက်မယ် တူတူးလည်း လိုက်မယ်” ဆိုပြီး တူးတူး ပြေးလာတာကြောင့် တူတူးကိုပါ ကျမတို့ ခေါ်သွားကြပါတယ်။ နန်းတွင်း အရှေ့ဖက် မုဒ်ဦးတံခါးပေါက်က ဝင်ခဲ့ကြပြီး ကျမတို့ရဲ့ မွေးမေမေ ဖွားဖွား အဒေါ်တွေနဲ့ အတူနေခဲ့တဲ့ အိမ်ကြီးအရှေ့ကို ရောက်ခဲ့တယ်။ ကျမတို့ ကစားခဲ့တဲ့ နေရာဟောင်းလေးတွေ တက်ခဲ့တဲ့ မန်ကျည်းပင်တွေ သူခိုးပုလိပ် ကစားခဲ့တဲ့ တောင်ကုန်းလေးတွေကို ပြန်မြင်ရတဲ့အခါ စိတ်ထဲမှာ ဖော်ပြလို့မရတဲ့ ဝမ်းနည်းကြေကွဲ လွမ်းဆွေးမှုလေးတွေ တဒင်္ဂအာရုံမှာ စိုးမိုးလာခဲ့ပြီး ‘ဒါကြောင့်ဖေဖေက မသွားစေချင်တာကိုး’ လို့ အသိ စိတ်လေး တိုးဝင်လာခဲ့တယ်။ မောင်လေးတူတူးကတော့ မူတူးလူကအစ ဘာတစ်ခုမှ မှတ်မိပုံမရ။ ကားပေါ်မှာသီချင်း တကျော်ကျော် အော်ဆိုနေပါတယ်။ အပြန်လမ်းမှာတော့ ကျမတို့ ကျောင်းပိတ်ရက်တွေမှာ သွားကစားခဲ့ဖူးတဲ့ ဗုတ္တလုတ်ကန်ကို တစ်ပတ် ပတ်ကြည့်ပြီး ပြန်လာခဲ့ကြပါတယ်။
ကျမက မီးဖိုချောင် ထုပ်ပိုးပစ္စည်းတွေကို ဖွင့်ဖို့ လုပ်တိုင်း မေမေကမဖွင့်နဲ့အုံး ခနနေအုံးနဲ့ပဲ အချိန်တွေကုန်လွန်ရင်း မနက်စာနဲ့ ညစာကိုတော့ အများအားဖြင့် ကျမတို့အိမ်နဲ့ သုံးအိမ်ကျော်လောက်မှာရှိတဲ့ ဖေဖေ့မိတ်ဆွေ ဦးလေးခင်မောင်နဲ့ ဒေါ်လေးမြတို့အိမ်မှာ ပုံမှန်စားဖြစ်ကြပါတယ်။ မစားဘူးပြောလဲ မရလောက်အောင် မလာမချင်း စောင့်ခေါ်တတ်တဲ့ သဘောပြည့်မနောပြည့် လင်မယားပါ။ ဦးလေးနဲ့ဒေါ်လေးတို့မှာ အေးချမ်းလွန်းတဲ့ သမီးလေးတစ်ယောက် ရှိပြီး အိမ်လေးကအမြဲလိုလို တိတ်ဆိတ်နေတတ်ပါတယ်။ တစ်နေ့မှာ ဒေါ်လေးမြရဲ့ သမီးဆီကနေ ဖုန်းဝင်လာတယ်။ သူမဖေဖေ သတိလစ်သွားလို့ ဆေးရုံကို ပို့လိုက်ရတယ်ဆိုတဲ့ သတင်း။ ဖေဖေမှာ သူငယ်ချင်းရဲ့ သတင်းကြားကြားခြင်း ဆေးရုံကို လိုက်သွားခဲ့ပေမယ့် ဦးလေးခင်မောင် ဆုံးပြီဆိုတဲ့ သတင်းဆိုးကို စိတ်မကောင်းစွာနဲ့ ကြားခဲ့ရတယ်။ ယောက်ျားအပေါ် တစ်သက်လုံး အားကိုးပြီး ပတ်ဝန်းကျင်နဲ့ ထိတွေ့မှု ရှားခဲ့တဲ့ မျက်ရည်မဆည်နိုင်တဲ့ ဒေါ်လေးမြ လောကအလယ်မှာ အထီးကျန်စွာ သမီလေးနဲ့ ကျန်ရစ်ခဲ့တာမို့ အချိန်ရရင် ရသလို မေမေကတော့ နေ့နေ့ညည ဒေါ်လေးမြကို သွားအားပေးရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်ဆုံးခဲ့တယ်။ ဦးလေးခင်မောင်လဲ ဒေါ်လေးမြတို့ သားအမိကို စိတ်မချစွာနဲ့ ထားခဲ့ရလို့ ထင်ပါရဲ့ ဒေါ်လေးမြရဲ့ တအိမ်လုံးမှာ ဆေးရုံအနံ့တွေ ရက်လည်တဲ့နေ့အထိ ခံရခက်အောင် မွှန်ထူနေခဲ့တယ်။ ကျမလဲ ဒေါ်လေးမြရဲ့ အခြေအနေကို မြင်ရပြီး အတွေးတစ်ခု ဖျတ်ကနဲ ၀င်လာတာကတော့ လူ့ဘ၀ကြီးထဲမှာ ကံကြမ္မာရဲ့ အလှည့်အပြောင်းကို ခံနိုင်ရည်စွမ်းရှိဘို့ တစ်ယောက်ယောက်ကို မှီတွယ်နေမဲ့အစား ကိုယ့်ကိုယ်ကို အားကိုးနိုင်ဘို့ပါ။ တစ်နေ့ညနေမှာတော့ ဖေဖေက “ဖေဖေတို့ တာချီလိတ်ကို နောက် တစ်ပါတ်ဆိုရင် ပြောင်းရတော့မယ်” လို့ ပြောလာတော့ ကျမမေးချင်နေတာ ကြာပြီဖြစ်တဲ့ မေးခွန်းကို မေးဖြစ်လိုက်တယ်။  “တာချီလိတ်ဆိုတာ ဘယ်မှာလဲဖေဖေ”။ “ရှမ်းပြည်ဖက်မှာပဲလေ ယိုးဒယားနယ်စပ်မှာပေါ့ တံတားလေးပဲ အလယ်မှာခြားတာ တံတားကို ကျော်ဖြတ်လိုက်တာနဲ့ ယိုးဒယားနိုင်ငံထဲ ရောက်သွားရော” လို့ ဖေဖေက ပြန်ရှင်းပြရင်း “လောလောဆယ် ထုတ်သုံးထားတဲ့ ပစ္စည်းတွေလည်း သေချာပြန် ထုပ်ပိုးကြအုံးနော် အချိန်က သိတ်မရှိတော့ဘူး” လို့မေမေ့ကို ကြည့်ပြီး ပြောပါတယ်။ တစ်ရက် နှစ်ရက် သုံးရက် တဖြည်းဖြည်းနဲ့ ကျမတို့ တာချီလိတ်ကိုပြောင်းဖို့ရက် နီးကပ် လာတာနဲ့အမျှ မန္တလေးမှာ ရှိတဲ့ဖေဖေ့မိတ်ဆွေ မေမေ့မိတ်ဆွေအိမ်တွေကနေ တစ်လှည့်စီ ထမင်းစား ဖိတ်ကြွေးရာကို သွားစားရင်းနဲ့ ပြောင်းရွှေ့မဲ့ရက်ကို ရောက်လာပါတယ်။ ကျမတို့ဒီတစ်ခါ ခရီးသွားရင် အရင်လို ကားနဲ့ ရထားနဲ့ မဟုတ်တော့ပဲ လေယာဉ်ခရီးစဉ်နဲ့ သွားရမယ်လို့ ဖေဖေ ပြောတဲ့နေ့ ကစပြီး မောင်နှမတွေ အားလုံး တစ်ကြိမ်တစ်ခါမျှ မစီးဖူးသော လေယာဉ်ပျံကြီးကို စီးရတော့မယ်ဆိုပြီး စကားကြုံတိုင်း ဝိုင်းဖွဲ့ပြောကြ အပျော်ကြီး ပျော်နေကြရင်း ခရီးသွားမဲ့ရက်ကို ရောက်ဘို့ နီးကပ်လာပါတော့တယ်။ ကျမတို့ ခရီးမသွားခင် မေမေ့ရဲ့ အုတ်ဂူလေးဆီ ဖေဖေနဲ့အတူ သွားရောက် နှုတ်ဆက်ဖြစ်ကြပါတယ်။
ကျမတို့ တာချီလိတ်ကို သွားရမဲ့နေ့ရက် ရောက်လာတဲ့နေ့မှာ မနက်စာအဆာပြေ ကော်ဖီနဲ့ မုန့်စားပြီး လေယာဉ်ကွင်းကို ဆင်းကြပါတယ်။ လေယာဉ်ပေါ် ရောက်တော့ လေ့လာမိတာက ကျမတို့ စီးမဲ့လေယာဉ်ဟာ တာချီလိတ်ကို တစ်လတစ်ကြိမ်သာ သွားပြီး လစဉ်(၈) ရက်နေ့မှာ ထွက်လေ့ရှိတဲ့ ဒါကိုတာလေယာဉ် ဖြစ်ပါတယ်။ အဲ့ဒီအချိန်အခါက မြန်မာ့လေကြောင်းမှာ ဒါကိုတာနဲ့ ဖော်ကာနှစ်မျိုးသာ အသုံးပြုတယ်လို့ သိခဲ့ရပါတယ်။ အခုခေတ် လေယာဉ်ကြီးတွေလို ဇိမ်ကျကျ တစ်ယောက် တစ်ခုံ ထိုင်ရတာမျိုး မဟုတ်ပဲ ဘေးတိုက်ခုံတန်း အရှည်ကြီးဖြစ်ပါတယ်။ လူတွေအားလုံး လေယာဉ်ပေါ်မှာ ဘေးတိုက် ထိုင်ကြရခါ ပတ်ဖို့ခါးပတ် ပါ မပါတော့ ကျမလဲ မမှတ်မိတော့ပါဘူး။ လေယာဉ်ထွက်တာနဲ့ လူတိုင်း မိမိ လဲပြိုကျမသွားအောင် တစ်ခုခုကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားရတာကို ကျမ မှတ်မိနေပါသေးတယ်။ အချိန် ၃နာရီကျော်လောက် စီးရပြီး တာချီလိတ်မြို့ကို ကျမတို့ နေ့လည်မှာ ရောက်ခဲ့ပါတယ်။ ကျမတို့မိသားစုနဲ့အတူ အသုံးလို ပစ္စည်းသေတ္တာတစ်ချို့သာ ကျမတို့နဲ့ တပါတည်းပါပြီး ကျန်ပစ္စည်းတွေကိုတော့ တစ်လလောက်ကြာမဲ့ ကုန်းလမ်းခရီးကနေ သွားစေခဲ့ပါတယ်။ တာချီလိတ်မှာ ကျမ နေရတဲ့အိမ်က ကျယ်ဝန်းပြီး နှစ်ထပ် ပြင်ထောင်အိမ် တစ်လုံးဖြစ်ပါတယ်။ မြို့လယ်ခေါင်မှာရှိပြီး သစ်သီးယိုစုံ လုပ်ငန်းကို လုပ်ကိုင်ခဲ့တဲ့ ရှမ်းတရုတ် သူဌေးတစ်ယောက် ပိုင်ဆိုင်တာဖြစ်တယ်လို့ ပြောပါတယ်။ ယိုးဒယားဖက်ကို အပြီးထွက်သွားတယ်လို့လဲ သိရပါတယ်။ ဒါကြောင့်လဲ အဲဒီအိမ်ရဲ့ အောက်စတိုခန်းထဲမှာ သစ်သီးယိုစုံ အမျိုးမျိုးကို သေတ္တာအလိုက် သိုသိမ်းထားတာ တွေ့ရပါတယ်။ ကျမတို့ကို နေရာထိုင်ခင်းကစပြီး အစစအရာရာ ကူညီပေးတဲ့ ဦးလေးဘကြည်က ကျမတို့ကို သစ်သီးယိုတွေ ကြိုက်သလို ယူစားလို့ ရတယ်လို့ပြော သွားတဲ့အတွက် မောင်နှမတွေ စားချင်စိတ် ပေါ်လာတိုင်း သစ်သီးယို အထုတ်မျိုးစုံကို သွားသွားယူပြီး စားကြတယ်။ အိမ်ရဲ့ ပတ်လည်မှာတော့ လမြိုင်သီးပင်တွေ ပတ်ချာလည်ရှိပြီး သီးချိန်ကျပြီဆိုရင် အိမ်အပေါ်ထပ်ကနေ လွယ်လွယ်ကူကူ ချွေယူပြီး စားလို့ရပါတယ်။ လမြိုင်သီးရဲ့ပုံစံက လိုက်ချီးစ်သီးလို ဖြစ်ပြီး အရသာကတော့ လိုက်ချီးစ်ထက် အချိုပေါ့ပါတယ်။
ကျမတို့ မောင်နှမတွေ တာချီလိတ် အထက်တန်းကျောင်းမှာ စပြီးတက်ချိန်မှာ မန္တလေးမှာ ဘော်ဒါနေတဲ့ အစ်ကိုကြီးလည်း တာချီလိတ်မှာပဲ ကျောင်းဆက်တက်ခွင့် ရခဲ့ပါတယ်။ ပူစူးမက အသက် ၂နှစ်ရှိပြီး ကူကူးက ၃နှစ် မို့အိမ်မှာပဲ ကလေးထိန်းတွေနဲ့ နေခဲ့လေ့ရှိပါတယ်။ မေမေ နောက်ထပ်မောင်လေးတစ်ယောက် ‘ဟတ်စကီး’ ကို တာချီလိတ်နေအိမ်မှာပဲ သူနာပြုဆရာမကြီး တစ်ယောက်ကိုခေါ်ပြီး မွေးဖွားခဲ့ပါတယ်။ အဲ့ဒီအချိန်အခါက ဟတ်စကီး ဘတ်တောဆိုတဲ့ လေယာဉ်တွေ ပေါ်ခါစ အချိန်အခါမို့ မွေးဖွားလာတဲ့ သားကို ဟတ်စကီးလို့ နာမည်ပေးခဲ့ခြင်း ဖြစ်တယ်လို့ ဖေဖေကပြောပါတယ်။ ဟတ်စကီးကို မွေးလာတဲ့အခါမှာ ကူကူးရဲ့ အထိန်းတော် နှင်းကြည်နဲ့ ပူစူးမရဲ့ အထိန်းတော် အီဒစ်တို့နှစ်ယောက်လဲ အရင်ထက်အလုပ် ပိုများတဲ့အတွက် ဦးလေးဘကြည်က ထမင်းချက် တစ်ယောက် ထပ်ပေးထားခဲ့ပါတယ်။ ကျမ ကျောင်းကနေ အိမ်ပြန်ရောက်လာရင် ဟတ်စကီးကို ထိမ်းတဲ့အလုပ် လုပ်ရပြီး ဟတ်စကီးကို ချီထားချိန်မှာ လက်ညောင်းလွယ်တာမို့ ဘယ်လက်ကနေ ညာလက် ခဏကြာရင် ညာလက်ကနေဘယ် မကြာခန ပြောင်းချီရပါတယ်။ ပူစူးမကို ထိန်းစဉ်က အခြေအနေနဲ့ မတူရခြင်းမှာ မေမေမွေးတဲ့ အငယ်သုံးယောက်ထဲမှာ ဟတ်စကီးက အထွားဆုံးဖြစ်ပြီး မွေးစကထဲက ၁၀ပေါင်ခန့် ရှိတယ်လို့ သူနာပြုဆရာမက ပြောပါတယ်။ ဟတ်စကီးရဲ့ ညာဖက် လက်တစ်ချောင်းလုံး နီရဲနေပြီး မွေးရာပါ အမှတ် ဖြစ်ပါတယ်။
တာချီလိတ်မှာ ကျမတို့နေစဉ်ကာလ ကျောင်းပိတ်ရက်များမှာ မေမေနဲ့အတူ ယိုးဒယား တစ်ဖက်ကမ်းကို တစ်ခါ တစ်ရံဈေးဝယ် ထွက်လေ့ရှိပြီး အဲ့ဒီအချိန်ကာလမှာ နာမည်ကြီးတဲ့ မယ်ဆိုင်နဲ့ အိုပီ ဆိုတဲ့ ဆိုင်ကြီးနှစ်ဆိုင်ဟာ အပြိုင်အဆိုင်ပါ။ အခုအချိန်မှာတော့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရအောင် ကွာခြားနေပါပြီ။ ယိုးဒယားဖက် ကမ်းစပ်မှာ တာချီလိတ်ကနေ လှမ်းမြင်နေရတဲ့ တောင်ကုန်းလေး တစ်ခုနဲ့အတူ စေတီလေး တစ်ဆူရှိပြီး ဦးအောင်ဇေယျ တည်ထားခဲ့တဲ့ စေတီလို့လည်း သိရပါတယ်။ ပါးစပ်ရာဇ၀င်အရ သိခဲ့ရတာကတော့ စေတီလေးဟာ ထီးမရှိပါဘူး။ ယိုးဒယားဘက်ကနေ ထီးတင်နိုင်ဘို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် အောင်မြင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ဆက်နွယ်ပြီး အဲ့ဒီအချိန်က ယိုးဒယားနိုင်ငံ နယ်စပ်မှာ မြန်မာလူမျိုးများကို ပုဆိုးကွက်တွေနဲ့ အလည်အပတ် လာခြင်းခွင့်မပြုပါ။ အကြောင်းရင်ကတော့ ပုဆိုးကွက်များ ၀တ်ဆင်ထားတဲ့ မြန်မာတွေကို မြင်ရင် ယိုးဒယားလူမျိုးများ အထိတ်တလန့် ဖြစ်ကြတာကြောင့်လို့ ပြောစမှတ်ရှိခဲ့ပါတယ်။ ကျမတို့ တာချီလိတ်မှာ အေးချမ်းစွာ နေရချိန်မှာ ဖေဖေက သူ့တပည့်များနဲ့အတူ တာချီလိတ်မှ (၂၉) မိုင်ဝေးတဲ့ တာလေရွာကို တစ်ပတ်မှာ (၃) ရက် အသွားအပြန် လုပ်နေရရှာပါတယ်။ လမ်းခရီး ကြမ်းတမ်းလွန်းတဲ့အတွက် (၂၉) မိုင်ခရီးကို နေ့ဝက် ကျိုးအောင် သွားရတဲ့အထိပါ။ ဖေဖေ့ရဲ့ ပြောပြချက်အရ ကျမတို့ တာချီလိတ်မှာ တစ်နှစ်လောက်နေပြီးရင် တာလေရွာကို ပြောင်းရွှေ့ရမယ်လို့ ဆိုပါတယ်။ ကျမနှစ်သက် သဘောကျခဲ့တဲ့ ရှမ်းပြည်ရဲ့ အငွေ့အသက်တွေကို ပြန်လည်ထိတွေ့ခွင့် ရခဲ့သလို အဆုံးအစမရှိတဲ့ ရှမ်းတောင်တန်းပြာကြီးတွေကို အချိန်ပြည့် မြင်တွေ့နေရတာမို့ ကျမရဲ့ ဘ၀လေး အေးချမ်းပျော်ရွှင်နေခဲ့ပါတယ်။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz