x

5.3.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၈


အငယ်ဆုံးမောင်လေးတူတူး အသက်(၂)နှစ် မိခင်နို့ကို စို့လို့ပင်မဝသေးတဲ့ အရွယ်။ နို့ညှာဖြစ်တဲ့ ညီမလေးတူးမာက အသက်(၅)နှစ် ကျမလုလုအသက်(၇)နှစ်နဲ့ အစ်ကိုကြီးတီးတိုး အသက်(၉)နှစ်မှာ ကျမတို့ မောင်နှမလေးယောက်ကို လူ့လောက အလယ်မှာ စိတ်ချစွာ ထားရစ်ခဲ့ပြီး မေမေကတော့ တမလွန်ဘ၀ကို သွားခဲ့ပါပြီ။ ကျမတို့ မောင်နှမလေးယောက်နဲ့ ဘဝကိုရင်ဆိုင်နိုင်ဖို့ ဖေဖေ့အတွက် ကြီးမားတဲ့ အခက်အခဲမို့ ‘တစ်ပင်လဲမူတစ်ပင်ထူ’ ဆိုသလို တစ်နှစ်အကြာမှာ ကျမတို့ မောင်နှမလေးယောက်ကို ထိန်းသိမ်းကွပ်ကဲမှု ရှိစေဘို့အတွက် လိုအပ်တဲ့ မိခင်နေရာမှာ မေမေအသစ်ကို အစားထိုးရင်း ဘဝအသစ် တစ်ခုကို ထူထောင်ခဲ့ပါတယ်။ ဖွားဖွား အဒေါ်တွေနဲ့ ဦးလေးတို့ဟာ အမိမဲ့ ကျမတို့ မောင်နှမ လေးယောက်ကို အစစအရာရာ ဂရုစိုက်သလို မေမေရှိစဉ်က ကျမတို့ကို မေမေပြုစုသလို ဝိုင်းဝန်း ပြုစုပေးကြပါတယ်။ ကျမကတော့ ထုံးစံအတိုင်း မေမေဆုံးပြီးနောက်ပိုင်း ကျန်းမာရေး မကောင်းတဲ့အတွက် ကျောင်းပင်မှန်မှန် မတက်နိုင်သလို စာမေးပွဲတိုင်းလည်း မဖြေဖြစ်တာက ခပ်များများရယ်။ ကျမကျောင်းကို မပျက်ချင်ခဲ့ပါဘူး အကြောင်းရင်းက မနက်ကျောင်းသွားတိုင်း ဖွားဖွားက တစ်ယောက်ကို မုန့်ဖိုး ၂၅ပြားစီ ပေးတဲ့အတွက် ကျမ ကျောင်းတက်ရမှာ ပျော်နေခဲ့သူပါ။
နောက်ထပ် အိမ်ထောင်သစ်ကို ဖေဖေ ထူထောင်ပြီးသွားသည့်တိုင်အောင် ကျမရဲ့ ကျန်းမာရေးကတော့ မထူးခြားခဲ့ပါ။ ထူထူထောင်ထောင် ဖြစ်လာလိုက် ကောင်းမယ်ကြံ ပြန်လဲသွားလိုက်နဲ့ ကျောင်းမကြာခဏ ပျက်သလို စာမေးပွဲ ဖြေတိုင်းလည်း အိပ်ယာထဲ လဲနေတဲ့ အချိန်နဲ့ တိုက်ဆိုင်တဲ့အတွက် စာမေးပွဲ ဖြေဆိုရတဲ့အချိန် မရှိသလောက်ပါပဲ။ အစ်ကိုဖြစ်သူနဲ့ ညီမလေးတူမာတို့ မနက်တိုင်းကျောင်းကို ထွက်သွားပြီဆိုရင် ကျန်ခဲ့တဲ့ကျမ ကုတင်ပေါ်မှာ အချိန်များများ ကုန်ဆုံးခဲ့ရပါတယ်။ ဒါပေမယ့် ကျမမပျင်းပါ အကြောင်းက ကျမရဲ့မောင်လေး တူတူး ကျမဘေးနားမှာ အမြဲလိုလိုလာပြီး ကစားနေတတ်လို့ပါ။ ကျမမေမေ ဆုံးစမှာတော့ တူတူးဟာ မေမေရှိတတ်တဲ့ နေရာတိုင်းကို လိုက်ရှာတတ်သလို ပါးစပ်ကလဲ ‘မေမေ မေမေ’လို့ ခေါ်လေ့ ရှိခဲ့ပေမယ့် အချိန်တွေ ကြာလာတာနဲ့အမျှ သူ မေမေ့ကို မေ့သွားပြီထင်ပါတယ်။ ကျမလည်း တူတူးနဲ့ နေရတဲ့အချိန်လေးတွေမှာ သူ့စိတ်ကြိုက် တစ်ခုခု အမြဲကစားလေ့ ရှိပါတယ်။ ဖွားဖွား ထမင်း ဟင်းချက်ပြုတ်ပြီးလို့ ရေချိုးဘို့ အပေါ်ထပ်ကို တက်လာတဲ့ခြေသံ ကြားပြီဆိုရင်တော့ ကျမ အသာအယာ ကုတင်ပေါ် ပြန်တက်ပြီး လှဲနေလိုက်ပါတယ်။ တခါတလေ ဖွားဖွားတက်လာသံကို မကြားမိတဲ့အခါမျိုး တူတူးနဲ့ ကျမတို့ နှစ်ယောက် ကစားနေတာတွေ့ရင် “ပူလူးရယ် နေမကောင်းလို့ ကျောင်းတောင်မသွားနိုင်တာ ဒီလိုကစားနေရင် ပိုဆိုးတော့မပေါ့ တက် တက် ကုတင်ပေါ်မှာ လှဲနေလိုက်” လို့ ပြောပြောဆိုဆို ကျမကို တွဲခေါ်ပြီး ကုတင်ပေါ်တက်ခိုင်းလေ့ ရှိသလို တဆက်တည်း တူတူးကိုထိန်းတဲ့ မူတူးလူဖက်သို့လှည့်ပြီး “ဟဲ့ မူတူးလူ ကလေးကို ဖျားတဲ့သူအနား မထားရဘူးလို့ ပြောရတာလဲ အခါခါပဲ။ ကလေးကို အဖျားကူးသွားမှဖြင့်ဒုက္ခ သွား သွား အောက်ထပ်ကိုခေါ်သွား” လို့ ပြောတဲ့နေ့များမှာတော့ ကျမတစ်ယောက်တည်း အထီးကျန်စွာနဲ့ ကုတင်ပေါ်မှာလှဲရင်း အိပ်ပျော်ခဲ့ရတဲ့ ရက်များပင်။
ကျမမောင်လေး တူတူးက လေယာဉ်ပျံ သင်္ဘော စစ်သား အရုပ်ကလေးတွေကို နှစ်ခြိုက် သဘောကျတဲ့ အတွက် ဖေဖေကကြုံရင် ကြုံသလို တူတူးနှစ်သက်တဲ့ အရုပ်ကလေးတွေကို ဝယ်လာပေးလေ့ ရှိပါတယ်။ ကျမတို့အိမ်ကို မေမေအသစ် ရောက်လာခဲ့ပေမယ့် တူတူးကလွဲပြီး ကျန် မောင်နှမသုံးယောက်က မေမေအသစ်ကို စိတ်ထဲက စိမ်းနေသလို ခံစားရတဲ့အတွက် သိတ်မကပ်ကြပါဘူး။ မေမေအသစ်က ကျောင်းဆရာမ ဆိုတော့ ဖေဖေရုံးသွားတိုင်း ဖေဖေ့ကားနဲ့ ပါသွားပြီး ညနေဖက်ဖေဖေ ရုံးကပြန်လာမှသာ ပြန်ပါလာတတ်တာမို့ အိမ်မှာ ရှိတဲ့အချိန်က နည်းနေတာကလည်း ရင်းနှီးမှုမရတဲ့ အကြောင်းရင်းတစ်ချက်ပါ။ ရုံးပိတ်ရက်တွေမှာလည်း အပြင်ကိစ္စတွေကြောင့် အိမ်မှာအနေနည်းတတ်တာကြောင့် ကျမတို့မောင်နှမတွေနဲ့ အနေစိမ်းနေ ခဲ့တာပါ။ တူတူးကတော့ ညနေဖေဖေတို့ ပြန်လာပြီဆိုတာနဲ့ အပြေးအလွှားသွားကြိုပြီး ဖေဖေ့ကို ချီခိုင်းပါတယ်။ ဖေဖေက သူ့ကိုချီပိုးလိုက်ပြီဆိုရင် သဘောတွေကျပြီး တခစ်ခစ်နဲ့မြူးတူးစွာ အော်ရီတတ်လေ့ ရှိပါတယ်။ မေမေအသစ်ကလည်း တူတူးကို သူအားလပ်တဲ့ အချိန်လေးတွေမှာ အခန်းထဲ ခေါ်ထားလေ့ ရှိတဲ့အတွက် တူတူးကတော့ မေမေအသစ်ပေါ် ချစ်ခင်တွယ်တာနေပုံရပါတယ်။
မေမေအသစ် ရောက်မလာခင်က မကြာခဏ နေမကောင်းဖြစ်တတ်တဲ့ ကျမ နေကောင်းနေတဲ့ အချိန်လေးတွေမှာ ဖေဖေက  တစ်အိမ်လုံးအတွက် ခရီးလေးတွေထွက်ဘို့ စီစဉ်ပေးလေ့ရှိပါတယ်။ ခရီးထွက်လိုက်ရင် စိတ်တွေပေါ့ပါးပြီး လန်းဆန်းကာ ကျန်းမာရေးအတွက် အရင်ထက် ပိုကောင်းလာစေဘို့ ရည်ရွယ်ခြင်းပါ။ ကျမကို အရိပ်တကြည့်ကြည့်နေတဲ့ ဖေဖေကို ကျမအရမ်းချစ်ပါတယ်။ မေမေကိုယ်စား ပေါင်းပြီး ပိုချစ်လာပါတယ်။ ရုံးကအိမ်ပြန်ရောက်ရင် 'လုလု နေကောင်းရဲ့လား'လို့ မေးတတ်တဲ့ ဖေဖေပါ။ ပြီးမှ 'တူတူးရော ကစားနေလား' ဆိုတာ ဒုတိယမေးခွန်းပေါ့။ ခရီးထွက်ရာက ပြန်ရောက်တိုင်း ကျမကတော့ နေမကောင်းဖြစ်မြဲ။
မှုန်ကုပ်ကုပ်နဲ့ လုလု၊ အလယ်ကတီးတိုးနဲ့ ရှေ့ကတူတူး ဂါဝန်အကွက်လေးက တစ်ဝမ်းကွဲညီမ ဘိုမ
တူးမာက မန္တလေးကို ပြန်မရောက်သေးတာမို့ ဓာတ်ပုံမှာမပါပါ။
ဖေဖေကတော့ အမြဲအရိပ်တကြည့်ကြည့် ဓာတ်ပုံရိုက်နေတာတောင်
လုလုကိုပဲ အာရုံစိုက်နေတာ
တစ်နှစ်ခန့်အကြာ ကျမအသက် (၉)နှစ်မှာ မေမေအသစ်က မောင်လေးကူကူးကို မွေးဖွားလာတယ်။ ကျမတို့လည်း သွေးကစကားပြောတော့ မနေသာပေါ့၊ ကျမတို့ရဲ့ မောင်လေးကူကူးကို အချိန်ရရင် ရသလို အခန်းထဲ ဝင်ဝင်ကြည့်ကြသလို ကူကူးကို ကျမတို့မောင်နှမတွေ အတော်လေးချစ်ကြတယ်။ ဒီလိုနဲ့ကျမတို့ တစ်တွေ မေမေအသစ်နဲ့ စတင်ရင်းနှီးမှု ရလာခဲ့တယ်။ တစ်နေ့မှာ ဖေဖေရုံးကပြန်လာတော့ ဖွားဖွားက ဖေဖေ့ကိုကြည့်ပြီး “ကိုကြည် နေမကောင်းဖူးလား မျက်နှာလည်း မကောင်းပါလား” လို့ မေးသံကြားတာနဲ့ အဒေါ်တွေရော ကျမတို့ပါ အိမ်ရှေ့ခန်းကို ရောက်လာကြတယ်။ အဲဒီအချိန်မှာ ဖေဖေ က “နေကောင်းပါတယ် မမရယ်။ စိတ်မကောင်းစရာ သတင်းရလာလို့ပါ။ မပြောလည်း ပြီးမှာမဟုတ်ဘူး ကျနော် ကျိုက်ထိုတပ်ကို တာဝန်အရ ပြောင်းရွှေ့ရမယ်” ဖေဖေ့စကားအဆုံးမှာ အားလုံးက “ဟင်” ဆိုပြီး အခိုက်အတန့် ငြိမ်သက်သွားကြတယ်။ အဲဒီမှာတင် မိသားစုတွေ ခေါင်းချင်းဆိုင် တိုင်ပင်ကြရပါတော့တယ်။ အကြောင်းရင်းက ဖေဖေ့နောက်ကို ကျမတို့ မောင်နှမလေးယောက် လိုက်သွားရေး မလိုက်သွားရေးကို အဓိကထားပြီး လူကြီးတွေ တိုင်ပင်ကြခြင်းပါ။ ဖွားဖွားကတော့ ကျမတို့ကို သူနဲ့နေခဲ့စေချင်သလို အဒေါ်တွေကလည်း ကျမတို့ကို ငယ်ငယ်ထဲက ထိန်းကျောင်း လာခဲ့ရတော့ ဖွားဖွားပြောတာကို ထောက်ခံကြတယ်လေ။ ဖေဖေကျပြန်တော့လည်း ကျမတို့ကို ခွဲမထားခဲ့ချင်။ မေမေအသစ်ကလည်း ကျမတို့ကို အတူတကွ ခေါ်သွားချင်ပြန်တယ်။ အချိန်အတော်ကြာအထိ တိကျပြတ်သားတဲ့ အဖြေက ထွက်မလာခဲ့ပါဘူး။
ဒီလိုနဲ့ ဖေဖေပြောင်းရွှေ့ရမဲ့ရက်က နီးသထက် နီးကပ်လာတာမို့ တစ်နေ့မနက် ထမင်းစားပွဲမှာ လူစုံချိန် ဖေဖေကပဲ စတင်ပြီး “ကျနော် ကလေးတွေကို ခေါ်သွားဖို့ ဆုံးဖြတ်လိုက်ပြီ မမ။ ဒီတော့ မမတို့လည်း စိတ်မကောင်း ဖြစ်မနေပါနဲ့” လို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ချပြီးပြောလိုက်တော့ ဖွားဖွားက “အင်းပေါ့ ကိုကြည်ရယ် မင်းက အဖေတစ်ယောက်ပဲလေ ငါလည်းနားလည်ပါတယ်။ မင်းတို့မိသားစု ကျိုက်ထိုကိုပြောင်း သွားပြီးရင်တော့ ငါတို့အားလုံးလည်း ရန်ကုန် အလုံအိမ်မှာပဲ ပြန်နေတော့မယ်။ ကျိုက်ထိုကိုတော့ အဆင်ပြေတဲ့ အခါ လာလည်မှာပေါ့” လို့ ဖေဖေကျေနပ်အောင် ဖွားဖွားက ပြောလိုက်ပေမယ့် ဖွားဖွားရဲ့ ရင်ထဲက ဝမ်းနည်းတဲ့ ခံစားချက်ကြောင့် အသံတွေကတော့ တုန်ခါနေပါတယ်။ ဖွားဖွားစကားအဆုံးမှာ အစ်ကိုက “တီးတိုးလည်း ဘော်ဒါမှာပဲ နေခဲ့ချင်တယ် အခုကျောင်းမှာ စာမေးပွဲလည်း နီးနေပြီ ကျောင်းအသစ် မပြောင်းချင်ဘူး”လို့ ဖေဖေ့ကို တောင်းဆိုလာပါတယ်။ ပညာရေးပိုင်းမှာ ထူးချွန်တဲ့အစ်ကို့အတွက် လူကြီးတွေ နောက်ထပ်တစ်ကြိမ် ခေါင်းချင်းဆိုင် ဆွေးနွေးကြပြန်တယ်။ နောက်ဆုံးတော့ ဖေဖေကပဲ “ကောင်းပြီလေ ဘော်ဒါမှာ နေခဲ့ချင်တယ်ဆိုရင် ထားပေးမယ်။ တကယ်လို့ တီးတိုဘော်ဒါမှာ နေရတာ မပျော်ဘူးဆိုရင်တော့ ဖေဖေ့ကို ဖွားဖွားတို့ကနေတဆင့် လှမ်းပြောလိုက်နော် ဖေဖေချက်ခြင်းလာခေါ်မယ်” လို့ပြောတော့ ကျမအစ်ကို “ဟုတ်ကဲ့”လို့ မဆိုင်းမတွ ပြန်ဖြေတယ်။ အတော်လေး ပျော်သွားပုံလည်း ရပါတယ်။ မပျော်နိုင်သူကတော့ ကျမပေါ့။ ညအိပ်ယာဝင်တော့ ညီမလေးက ကျမကို “မမ ကိုကိုက လိုက်ဖူးဆိုတော့ တူးမာတို့ ပျင်းတော့မှာပဲနော်”လို့ ကျမကိုပြောတော့ အစ်ကိုဖြစ်သူနဲ့ ခွဲခွာပြီး နေရတော့မှာမို့ ကျမအတွက် ဒုတိယအကြိမ် ဝမ်းနည်းရမဲ့အချိန် မကြာခင် ရက်ပိုင်းအတွင်း ရောက်လာတော့မှာပါလားလို့ တွေးမိလိုက်တယ်။
ကျမတို့ ကျိုက်ထိုမြို့ကို မရွှေ့ပြောင်းခင် တစ်ပတ်အလို တနင်္ဂနွေနေ့မှာ အစ်ကိုဖြစ်သူကို ဖေဖေက စိန်ပီတာကျောင်း (မန္တလေး)မှာ ဘော်ဒါအပ်ဖို့အတွက် ခေါ်သွားခါနီး ကျမတို့ မောင်နှမတွေအားလုံး ထမင်းအတူ စားဖြစ်ခဲ့ပါတယ်။ အစ်ကိုက ဝမ်းနည်းနေတဲ့ကျမကို “လုလု ဝမ်းနည်းမနေပါနဲ့ ကိုကို ကျောင်းပိတ်ရက်တိုင်း လုလုတို့ဆီကို အလည်ပြန်လာမှာပဲဟာ တူးမာနဲ့ တူတူး ကူကူးတို့ကိုလည်း ဂရုစိုက်နော် ကြားလား” လို့ မှာကြားနေချိန်မှာ ကျမရဲ့အစ်ကိုကို စကားတွေဖောင်ဖွဲ့ပြီး ပြန်ပြောချင်ပေမယ့် ပြန်ပြောနိုင်ဖို့ အင်အားမရှိခဲ့ပါ။ ဖွင့်ဟလို့ ပြောမပြတတ်တဲ့ ခံစားမှုမျိုးကိုသာ ကျမခံစားနေရပါတယ်။ ဒီလိုနဲ့ပဲ ဖေဖေနဲ့အတူ ကျမတို့ပြောင်းရွှေ့ဖို့ရာ ရက်ကိုရောက်လာပါတော့တယ်။ ဘူတာရုံကို ဖွားဖွား အဒေါ်နဲ့ ဦးလေးတွေ လိုက်ပို့ကြပါတယ်။ ဖွားဖွားက စီးကျလာတဲ့ မျက်ရည်စလေးတွေကို ဝတ်ဆင်ထားတဲ့ အဖြူရောင် ပဒုမ္မာအင်္ကျီ လက်ရှည်ထိပ်အစလေးနဲ့ တို့တို့ပြီးသုတ်နေသလို အဒေါ်တွေအားလုံးလည်း မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့ စိတ်မကောင်းစွာ တွေ့ရပါတယ်။ ဖွားဖွား အဒေါ် ဦးလေး အစ်ကိုတို့နဲ့ ခွဲခွာရတော့မယ့် ကျမလည်း ပါးပြင်ပေါ်ကျဖို့အတွက် တင်းခံနေတဲ့ မျက်ရည်ကြောင့် ထုံးစံအတိုင်း ရင်ထဲမှာ တင်းကျပ်ပြီး လည်ပင်းမှာလည်း ဆို့နင့်နေတဲ့ဝေဒနာကို ခံစားနေရပြန်တယ်။ ဒီအချိန်မှာ မူတူးလူက “တူတူး ကျိုက်ထိုကို လိုက်သွားတော့မယ်ဆိုရင် ကျမလဲ ရွာပြန်တော့မယ်” ဆိုပြီး တစ်ရှုံ့ရှုံ့ငိုရင်း တူတူးကို ပွေ့ဖက် နမ်းရှုံ့ပါတော့တယ်။ ကြုံရဆုံရ လူ့ဘုံဘဝမှာ ပျော်ကြရွှင်ကြနဲ့ ခရီးလမ်းကို လျှောက်လှမ်းခဲ့ကြရပေမယ့် အရာရာမမြဲတဲ့ တရား အနတ္တဆိုတဲ့ သူ့သဘောသူဆောင်ပြီး ကွေကွင်းကြ ဝမ်းနည်းပူဆွေးကြနဲ့ ရှေ့ဆက်လို့ ကျမတို့အားလုံး လျှောက်လှမ်းကြရအုံးမှာပါ။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz