x

3.4.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၁၄


ကျမတို့မိသားစု တာချီလိတ်မှာ အချိန်ကာလ တစ်နှစ်တာမျှ နေခဲ့ရပြီး တာလေရွာကို ပြောင်းရတော့မဲ့ အချိန်မှာ အစ်ကိုကြီးကတော့ အထက်တန်းကျောင်း မရှိသေးတဲ့ တာလေရွာကို ဆက်လိုက်နိုင်ခြင်း မရှိတော့တာမို့ ရန်ကုန်မြို့ မင်္ဂလာဒုံမှာရှိတဲ့ အောင်ဆန်းသူရိယ လှသောင်းကျောင်း ဘော်ဒါဆောင်ကို ဝင်ရပါတယ်။ အစ်ကိုနဲ့ နောက်ထပ်တစ်ကြိမ် ပြန်ဝေးရပြန်တယ်။ တာချီလိတ်ကနေ တာလေကို မပြောင်းရွှေ့ခင် တစ်ပတ်လောက် အလိုမှာ ဖေဖေ့တပည့် တစ်ယောက်နဲ့အတူ ရန်ကုန်မြို့ကို လေကြောင်းခရီးစဉ်ကနေ အစ်ကိုကြီး ပြန်သွားတဲ့အတွက် မောင်နှမအားလုံး ဝမ်းနည်းစွာနဲ့ လက်ဝှေ့နှုတ်ဆက်ရင်း ကျန်ခဲ့ကြပြန်တယ်။ တစ်ပတ်ပြီးတာနဲ့ ကျမတို့မိသားစုလဲ တပ်ပြောင်းယာဉ်တန်းနဲ့ အတူ တာချီလိတ်ကနေ တာလေရွာကို စတင်ပြောင်းရွှေ့ကြရပါတယ်။ ကားတန်းကြီးက အရှည်ကြီးဖြစ်သလို လူတွေကလည်း မိသားစုအလိုက် အတော်များပါတယ်။ တစ်ခါမှ တွေ့ကြုံခဲ့ဘူးခြင်း မရှိတဲ့အတွက် အလိုလိုနေရင်း ပျော်နေမိပါတယ်။ ရုပ်ရှင်တွေထဲမှာ ကြည့်ရသလိုပါပဲ မြို့ကြီးတစ်မြို့ရှိ မိသားစု အသိုက်အမြုံများ ပြောင်းရွှေ့သလို ခံစားရတယ်။ တာချီလိတ်ကနေ (၂၉) မိုင်သာရှိတဲ့ တာလေရွာကို ကျမတို့ တစ်နေ့လုံး ကားစီးခဲ့ရပါတယ်။ နေ့ဝက်ခရီးဆိုပေမယ့် အခုလို ကားတန်းရှည်ကြီးနဲ့ ကားတွေ စုစုစည်းစည်း ဖြစ်စေဘို့ကို သတ်မှတ်ပွိုင့်တွေမှာ အားလုံး ရပ်စောင့်ကြရပြီး ကားအားလုံးစုံမှ ခရီးကို ဆက်ကြရတာမို့ သာမန်ထက် အချိန်ပိုကြာပြီး တစ်နေကုန်ကာ ညဖက်အမှောင်ပျိုးစမှာ တာလေရွာကို ရောက်လာပါတယ်။ လမ်းတစ်လျှောက်လုံး ထူပိန်းတဲ့ တောနဲ့ တောင်တွေကိုသာ မြင်နေရပြီး ရွာကြီး ရွာငယ် မတွေ့ရသလောက်ပါ။ ထူထပ်လွန်းတဲ့ တောကို ကားလမ်း ကျဉ်းကျဉ်းလေး ထွင်းဖောက်ထားခြင်းမျိုး ဖြစ်ပါတယ်။ မျက်နှာချင်းဆိုင်ကနေ လာတဲ့ကားများ မရှိသလောက်ရှားပြီး တစ်ခါတစ်ရံ လာတဲ့ကားကိုတွေ့ရင် ဘေးဖက်ကို အတတ်နိုင်ဆုံးကပ်ပြီး ရပ်ထားရပါတယ်။ 'တာလေရွာကို ဝင်လာပြီ'လို့ ဖေဖေပြောတဲ့အခါမှာ မဲမှောင်ပိန်းပိတ်နေတာမို့ သဲသဲကွဲကွဲဘာမှ မမြင်ရပါ။ ကားမီး ထိုးထားလို့သာ တိုက်တန်းလေးတွေကို မြင်ရခြင်းပါ။ တာလေရွာကို စဝင်တာနဲ့ ကားတွေအားလုံး အလျှိုလျှို ကိုယ့်လမ်းကို သွားကြပြီး ကျမတို့ကားလေးသာ တောင်ကုန်းမြင့် တစ်ခုပေါ်ကို တက်သွားပါတယ်။ တောင်ကုန်း အပေါ်ကို ရောက်တဲ့အခါမှာ တိုက်အိမ်တစ်လုံးကို ကားမီးကြောင့် ထင်ထင်ရှားရှား မြင်လိုက်ရပြီး အိမ်ရှေ့ကို ကားရပ်လိုက်တော့ အိမ်ထဲကနေ ဖေဖေ့တပည့် နှစ်ယောက်ထွက် လာပါတယ်။ “ကဲ ရောက်ပါပြီ ဒါကတော့ ဖေဖေတို့နေမယ့်အိမ်ပဲ။ မနက်ကျမှ လျှောက်ကြည့်ကြပေါ့။ ဒီညတော့ မှောင်မှောင်မဲမဲနဲ့ ဘာမှမြင်ရမှာလဲ မဟုတ်ဘူး” လို့ ဖေဖေက ပြောပြောဆိုဆို ကားပေါ်ကဆင်း သွားတော့ ကျမတို့ အားလုံးလည်း နောက်ကနေ လိုက်ဆင်းကြပါတယ်။ အိမ်ထဲမှာ မီးအိမ်လေးတွေ ထွန်းညှိထားပြီး စားစရာတွေ စားပွဲပေါ်မှာ ပြင်ထားပေးတာ တွေ့ရတဲ့အတွက် ဗိုက်ဆာလာတဲ့ ကျမတို့ မောင်နှမတစ်တွေလည်း ခြေ လက်ဆေးပြီး မိသားစု စုံတာနဲ့ ညစာကို စားသောက်ကြပါတယ်။ ကျမ ဘာဟင်းတွေနဲ့ စားခဲ့တယ် ဆိုတာတော့ ပြန်စဉ်းစားလို့ မမှတ်မိတော့တဲ့တိုင် ဗိုက်ဆာလို့ စားကောင်းတာတော့ အသေအချာပါ။

မနက်ရောက်တော့ ပစ္စည်းတွေ သူ့အခန်းကိုယ့်အခန်း ခွဲကြပါတယ်။ ဖေဖေ မေမေ ကူကူး ပူစူးမ နဲ့ ဟတ်စကီးတို့က အခန်းကျယ် တစ်ခန်း၊ ကျမ တူးမာနဲ့ တူတူးက တစ်ခန်း၊ နှင်းကြည် အီဒစ်တို့က တစ်ခန်း နဲ့ ဧည့်ဆောင်အတွက် အပိုအခန်း တစ်ခန်း စုစုပေါင်း အိပ်ခန်း လေးခန်းရှိပြီး ထမင်းစားခန်း မီးဖိုခန်းတို့မှာ အတော်လေး ကျယ်ပါတယ်။ ရေချိုးခန်းနဲ့ အိမ်သာကတော့ အိမ်အတွင်းဖက်မှာ နှစ်စုံရှိပြီး အိမ်အပြင်ဖက်မှာ တစ်စုံရှိပါတယ်။ အိမ်ရဲ့နောက်ဖေးဖက်မှာ မြေပိုတွေရှိသလို တောင်ပေါ်ကို ဆက်တက်သွားရတဲ့ လှေခါးထစ်များ ရှိပါတယ်။ ကျမတို့ကို ဖေဖေက တောင်ပေါ်ဖက် အဝေးကြီးအထိ ဆက်မသွားဘို့ တားမြစ်ထားပါတယ်။ ဒါကြောင့် အောက်ဖက်ဆင်းတဲ့ ကားလမ်းဖက်ကို ပြန်လှည့်လာပြီး စူးစမ်းပါတယ်။ ကားလမ်းက တောင်ပေါ် အိမ်လေးဆီကို ရောက်နိုင်ဘို့ အတက်လမ်း တစ်လမ်းနဲ့ အဆင်းလမ်း တစ်လမ်း ဖောက်ထားပြီး အိမ်ရဲ့ ညာဖက်ကနေ အောက်ကိုဆင်းနိုင်တဲ့ လူသွားလမ်းကျဉ်းလေး တစ်လမ်းကို တွေ့ရတာကြောင့် ကျမတို့မောင်နှမ အကြီးသုံးယောက် အောက်ကိုဆင်းကြပါတယ်။ အတော်လေးကြာတော့ ရေတသွင်သွင် စီးဆင်းနေတဲ့ စမ်းချောင်းတစ်ခု။ စမ်းချောင်းရဲ့ အစပ်မှာ နီနီရဲရဲ သီးနေတဲ့ အပင်ကြီးတွေ မြင်တွေ့ရပါတယ်။ မကြာခင်ပဲ ကျမတို့ရှိတဲ့ နေရာကို ဖေဖေက အခေါ်လွှတ်လိုက်တယ်ဆိုပြီး  ဖေဖေ့တပည့်တစ်ယောက် ရောက်လာတာမို့ ကျမတို့လဲ နောက်ကြောင်း ပြန်လှည့်ကာ အိမ်ပြန်ခဲ့ကြရပါတယ်။ လမ်းမှာအဲဒီ ဦးလေးက ကျမတို့ တွေ့မြင်ခဲ့တဲ့ အပင်နဲ့အသီးဟာ ရေသဖန်းပင်နဲ့ ရေသဖန်းသီးလို့ သိလိုက်ရပါတယ်။ တောတောင်သဘဝရှုခင်း၊ စမ်းချောင်းရေလေးတွေ တစ်သွင်သွင်းစီးနေပြီး ငှက်ပေါင်းစုံရဲ့ သာယာနာပျော်ဘွယ် ကောင်းတဲ့အသံလေးတွေ ကြားနေရတဲ့ တာလေကို ပြောင်းရွှေ့ ခဲ့ရတာ ကျမအတွက်တော့ ရင်ထဲမှာ ကြည်နူးပီတိ ဖြစ်နေမိခဲ့တယ်။
နောက်တစ်နေ့မနက် ကျမတို့နေအိမ်ကနေ ၁၅မိနစ်လောက်သွားတဲ့အခါ တံတားတစ်ခုကို ဖြတ်ကျော်အပြီး မူလတန်း ကျောင်းလေးကျမတို့ မောင်နှမသုံးယောက်ကို ဆည်းကြိုနေပါတယ်။ မေမေကိုယ်တိုင်လဲ မန္တလေး ကွန်ဗင့်ကျောင်းမှာ အလယ်တန်းကို စာသင်ခဲ့သူမို့ ဒီကျောင်းလေးမှာ ကျောင်းအုပ်ဆရာ အဖြစ် တာဝန်ယူပါတယ်။ စတက်တော့ ကျမက ၄-တန်းမှာ တက်ရသလို ညီမတူးမာက ၂တန်း တူတူးက သူငယ်တန်းလေးပါ။ အဲ့ဒီအချိန်ကာလက ၄-တန်း ၈-တန်းနဲ့ ၁၀-တန်းဟာ အစိုးရစစ် ဖြစ်တာကြောင့် ကျမတို့ ၄-တန်း အတန်းတင် စာမေးပွဲ ဖြေဆိုချိန်မှာ တာချီလိတ်ကနေ အဖွဲ့တစ်ဖွဲ့က တာလေကိုလာစစ်တယ်။ အောင်စာရင်းထွက်တော့ တာလေရွာကနေ စာမေးပွဲဖြေသူ အားလုံးအောင်ကြတာမို့ တာလေ အလယ်တန်းကျောင်း ဆိုပေမယ့် ၅တန်းကို တိုးချဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ ကျမက ၅တန်း တူးမာက ၃တန်း တူတူးက သူငယ်တန်းကြီး တက်ကြရတယ်။ ကျမတက်တဲ့ အတန်းမှာ ကျောင်းသား ၃ယောက်နဲ့ ကျောင်းသူ ၄ယောက် စုစုပေါင်း ၇ယောက်ပဲရှိပါတယ်။ တကယ်တော့ ကျမတို့မောင်နှမတွေ အားလုံး အသက်နဲ့ ကိုက်ညီတဲ့အတန်းကို မတက်ဖြစ်ကြပါ။ အကြောင်းက ကျမရဲ့ မကြာခနပေါ်လာတဲ့ ခေါင်းကြီးကိုက် ရောဂါကြောင့် အတန်းတက် နောက်ကျခဲ့ရသလို တူးမာကျပြန်တော့ ကျမတို့ မိသားစုဆီကို ပြန်ရောက်မှ မြန်မာစကား တွေ့ထိရတာမို့ နောက်ကျပြီး ကျောင်းတက်ရပြန်တယ်။ တူတူးတစ်ယောက် ကျပြန်တော့ စာတော်ရက်နဲ့ ကျောင်းမပျော်လို့ နောက်ကျပြန်။ ကျမတို့အတန်းမှာ သင်တဲ့ ဆရာ ဆရာမတွေလည်း တိုင်းရင်းသား ဆရာ ဆရာမတွေ ဖြစ်တဲ့အတွက် စကားဝဲတာကို မနည်းလိုက်ပြီး နားထောင်ရင်းကနေ သူတို့ရဲ့အသံကို ရင်းနှီးကာ နားလည်အဆင်ပြေ လာကြပါတယ်။ အတော်လေး စိတ်ရှည်စွာနဲ့ သင်ပေးကြပြီး လေးစားစရာကောင်းတဲ့ ဆရာ ဆရာမတွေပါ။ ကျမမှာရင်းနှီးတဲ့သူငယ်ချင်း မစိုးငြိမ်းဆိုတာရှိခဲ့ပြီး သူ့ရဲ့မိဘတွေက ခေါက်ဆွဲဆိုင် ဖွင့်ထားပါတယ်။ သူ့ရဲ့ညီမ မစိုးသိန်းကတော့ တူးမာနဲ့ တစ်တန်းတည်း သူငယ်ချင်းတွေ ဖြစ်သလို တူးမာရဲ့ နောက်သူငယ်ချင်း တစ်ယောက်ကတော့ နန်းယုံဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသူလေးတွေ အလွန်စိတ်သဘောထား ပြည့်ဝပြီး ဖြူစင်ကြပါတယ်။ စိုးငြိမ်း စိုးသိန်းတို့ ညီအစ်မနှစ်ယောက်ရဲ့ မောင်လေး စိုင်းကျပြန်တော့ တူတူးနဲ့ကစားဖော် ကစားဖက်ဖြစ်ပြန်တယ်။ တခါတရံ သူတို့အိမ်ကို ကျမတို့ အလည်အပတ် ရောက်တတ်သလို ကျောင်းပိတ်ရက် အချို့မှာလည်း သူတို့မောင်နှမတွေ ကျမတို့အိမ်ကို အလည်လာတတ်ပါတယ်။ မှတ်မှတ်ရရ တစ်နေ့ ကျမတို့ကို ဆရာစာသင်နေရင်း တင်မြင့်ဆိုတဲ့ ကျောင်းသားတစ်ယောက် စာသင်ခုံပေါ်ကနေ အောက်ကို ပစ်လဲပြီး တက်နေတာကို တွေ့ရတော့ ကျမလဲ ကြောက်လန့်သွားပါတယ် ကျမကြောင်ငေးပြီး ကြည့်နေမိချိန်မှာ သူ့ပါးစပ်ကနေ အမြှုပ်တွေ ထွက်လာပြီး ကျမတို့ရဲ့ အတန်းပိုင်ဆရာက တင်မြင့်ရဲ့ ပါးစပ်ထဲကို ထမင်းစားဇွန်း တစ်ချောင်း ကန့်လန့်ထည့်ပြီး ဆရာနောက် တစ်ယောက်က သော့တစ်ချောင်းနဲ့ တင်မြင့်ရဲ့ ကောက်နေတဲ့ လက်တွေကိုဖြောင့်ပေးရင်း လက်ဖဝါး အလယ်ကို နှိပ်နယ်ပေးတာ တွေ့ရပါတယ်။ ဝက်ရူးပြန်ရင် လျှာမကိုက်မိအောင် ပါးစပ်ထဲကို ဇွန်းထည့်ရတာရယ် အကြောတွေ ပြေလျော့သွားအောင် သော့နဲ့လက်ဖဝါးကို နယ်နှိပ်ပေးရတယ်ဆိုတဲ့အသိကို ရခဲ့ပါတယ်။
တာလေမှာ အနေအထိုင် အခြေကျလာပြီ ဆိုတဲ့အချိန်ကို ရောက်လာတော့ တာလေကနေ ၂နာရီလောက် သွားရတဲ့ မိုင်းလင်းရွာလေးကို တနင်္ဂနွေရက်တိုင်း မေမေက ဘုရားရှိခိုးကျောင်း သွားလေ့ရှိပြီး ကူကူးနဲ့အတူ ကျမကတော့ အများဆုံး လိုက်ဖြစ်ပါတယ်။ ကူကူးလိုက်မယ်ဆိုရင် နှင်းကြည်ကို စိတ်မချလို့ မေမေက ကျမကို ခေါ်လေ့ရှိတယ်။ မိုင်းလင်း ဘုရားရှိခိုးကျောင်းမှာ အီကော လားဟူ လီရှော အစရှိတဲ့ ရှမ်းတိုင်းရင်းသားတွေ အများစုကို တွေ့ရပါတယ်။ အဲ့ဒီအချိန်က အီကောလူမျိုးတွေဟာ တစ်နှစ်ကို ရေတစ်ကြိမ်ပဲ ချိုးတယ်လို့ သိရပါတယ်။ နောက်တစ်ချက်က အီကောလူမျိုးတွေဟာ တစ်နှစ်ကို တစ်ကြိမ်ခွေးသားကို စားကြပြီး ကျန်းမာရေးအတွက် တစ်နှစ်စာ ဖူလုံသွားပြီလို့ ယူဆကြောင်း ကြားခဲ့တယ်။ အီကောလူမျိုးတွေ ဝတ်ဆင်တဲ့ အဝတ် အစားလေးတွေက ငွေပြားလေးတွေကို ဦးထုပ် အင်္ကျီ စကတ်တို့မှာ တွဲလောင်းလေးတွေ တပ်ဆင်ထားပြီး ထူးခြားလို့ နှစ်သက်ပေမယ့် တစ်နှစ် ရေတစ်ကြိမ်ပဲ ချိုးတယ်ဆိုလို့ ဘုရား ရှိခိုးကျောင်း ရောက်လို့ နေရာယူတိုင်း သူတို့အနားကို ကျမ ဘယ်တော့မှ ကပ်ထိုင်ခြင်းမျိုး မလုပ်ခဲ့ဘူး။ ဖေဖေက တာလေရွာလေးမှာ နေနေရတဲ့ ကျမတို့ မောင်နှမတစ်တွေကို ကြံဖန်ပြီး ပျော်အောင် တစ်ခု မဟုတ်တစ်ခု စဉ်းစားတွေးတောပြီး စီစဉ်ပေးလေ့ရှိပါတယ်။ တစ်နေ့တော့ ကျမတို့တစ်တွေ ပျော်ပျော်ရွှင်ရွှင် ကစားနိုင်ဖို့ဆိုပြီး အိမ်ရဲ့ နဘေးမြေလွတ်မှာ ရေကူးကန်ပုံစုံ မကျတကျ ရှည်ရှည်လေးတစ်ခု လုပ်ပေးတယ်။ ကလေးတွေအတွက် လုပ်တဲ့ကန်မို့ ရေကန်ရဲ့အနက်ကို လေးပေအနက်လောက်သာ ထားပါတယ်။ အပေါင်းအသင်း ခင်တတ်တဲ့ တူတူးရဲ့ သူငယ်ချင်းတွေလည်း ကျောင်းပိတ်ရက်တိုင်းလိုလို အိမ်လာပြီး ရေကူးကြသလို ကျမကျောင်းကနေ အိမ်ကို ပြန်ရောက်ပြီဆိုတာနဲ့ ကူကူးက ရေဆင်းကစားဖို့ စိုင်းပြင်းပါတော့တယ်။ မေမေက ကူကူးရေကစားရင် ကလေးထိန်းတွေနဲ့ စိတ်မချလို့ ကျမကျောင်းက ပြန်ရောက်မှ ရေကစားဖို့ကို ခွင့်ပြုထားတယ်လေ။ တကယ်တော့ ကျမကိုယ်တိုင်ကလည်း မောင်လေးကို ကလေးထိန်းနဲ့ ရေကစားမှာ စိတ်မချခဲ့သူပါ။ ရေကူးချင်တဲ့ ကူကူးလည်း ကျမရဲ့ ကျောင်းအပြန်ကို မျှော်တတ်လာသလို ကျမပြန်လာတာကို မြင်ပြီဆိုတာနဲ့ ခုန်ပေါက်နေပါတော့တယ်။
ကျောင်းပိတ်ရက် မနက်ပိုင်းမှာ တူတူးနဲ့ သူငယ်ချင်းတစ်ဖွဲ့ အားလုံး ၆ယောက်လောက် ရေဆင်းကူးနေကြတာကို အိပ်ခန်းရဲ့ ပြူတင်းပေါက်ကနေ ကိုယ်နည်းနည်းနွေးပြီး နေမကောင်း ဖြစ်နေတဲ့ ကူကူးတစ်ယောက် မြင်ရာကနေ တားမရအောင် ဂျီတိုက်ပါတော့တယ်။ သူလိုချင်တာ တစ်ခုခုကို မရခဲ့ရင် ဒေါသကြီးပြီး တက်တတ်တဲ့ သူမို့လည်း ၀ိုင်းအလိုလိုက်ရသလို နောက်ဆုံးတော့ မေမေကပဲ အလျှော့ပေး အလိုလိုက်ရတော့တယ်။ ခွင့်ပြုချက်ရတာနဲ့ ကူကူး ပျော်ရွှင်စွာနဲ့ ရေဆင်းကစားပါတော့တယ်။ ကျမလည်း ကိုယ်လုပ်နေတဲ့အလုပ်ကို ရပ်ပြီး ကူကူးဆီကို သွားမယ်တော့ နှင်းကြည်က သူထိန်းထား လိုက်ပါ့မယ် အလုပ်ကိုသာ ပြီးအောင် ဆက်လုပ်ပါလို့ပြောတဲ့တိုင် ကျမ စိတ်မချနိုင်။ နှင်းကြည်က ဟိုငေးသည်ငေး ငေးတတ်တာမို့ တခြားနေရာဆိုရင် အကြောင်းမဟုတ်။ ဒီလိုနေရာက မှားလို့မရဘူးလေ။ ဒါကြောင့်လဲ ကလေးတွေ ရေကူးတာကို ရေကန်ဘောင်ပေါ်ကနေ လိုက်ကြည့်နေမိတယ်။ မကြာခင် ကျမကြိုတွေးထင်တဲ့အတိုင်း တူတူး သူငယ်ချင်းတစ်ယောက် ရေကူးလာရင်း ကူကူးနဲ့ မတော်တဆ တိုက်မိပြီး ကူကူးလက်ထဲက ကိုယ်ဖော့ ပူဖောင်းပစ္စည်းလေးလည်း တခြားတဖက်ကို လွင့်သွားပြီး ကူကူး တစ်ယောက် ရေအောက်ကို မြုပ်သွားပါတော့တယ်။ အားလုံးလိုလို အပျော် လွန်နေကြတာမို့ ကူကူးကို ဘယ်သူမှ သတိထားမိဟန် မတူပါဘူး။ တစ်ချိန်လုံး မျက်စိဒေါက်ထောက် ကြည့်နေတဲ့ ကျမ ချက်ခြင်းရေကန်ထဲ ခုန်ချပြီး ကူကူးကို ဆယ်ယူလိုက်ပါတယ်။ ကံကောင်းစွာနဲ့ ကူကူးတစ်ယောက် ရေသည်းတာကလွဲပြီး အသက်အန္တရာယ် မဖြစ်ခဲ့ပါဘူး။ ကျမရေထဲကို ခုန်ချလိုက်တာမြင်တော့ နှင်းကြည်လဲ မျက်ပြူးဆံပြာနဲ့ သတိထားမိပုံရပါတယ်။
တစ်ခါတစ်လေ ကိုယ်က သေးသေးဖွဲဖွဲ ကိစ္စလို့ထင်ထားတဲ့ အကြောင်းအရာ ကိစ္စတစ်ခုဟာ တိုင်းတာလို့ မရတဲ့ ဆုံးရှုံးမှု တစ်ခုကို ဖြစ်စေတတ်တာမို့ သတိဆိုတာ ပိုတယ်ရယ်လို့ မရှိပါဘူး။ တစ်နှစ်တာကာလ ပြီးဆုံးသွားလို့ ကျမလည်း အတန်းသစ် တက်ရတော့ ဆဌမတန်းကို ရောက်လာချိန် တစ်နေ့ညနေ ကျောင်းဆင်းချိန်မှာ ကျမခေါင်းတွေကိုက်ပြီး လူကလည်း တစ်ကိုယ်လုံး မီးအုံးထားသလို တရှိန်းရှိန်းဝေဒနာကို ခံစားရပါတယ်။ အရင်လို ဖြစ်လေ့ဖြစ်ထရှိတဲ့ ခေါင်းကြီးကိုက်တာမျိုးနဲ့ မတူပဲ တမူကွဲပြားနေတယ်လို့ သတိထားမိလိုက်တယ်။ ကျမရဲ့ ခြေထောက်တွေက လေးလံပြီး ရှေ့ကို လှမ်းလို့မရပဲ နောက်ဘက်ကို ဆွဲနေပါတယ်။ အတန်းပိုင်ဆရာက ကားမောင်းသူကို သေသေချာချာမှာပြီး ကျမကို အိမ်ပြန်စေခဲ့တယ်။ အိမ်ကိုပြန်ရောက်တဲ့အခါ တစ်ကိုယ်လုံး ချမ်းတုန်လာတာမို့ မေမေက နဖူးကိုစမ်း ကြည့်ပြီး “ဟင် ကိုယ်တွေကလည်း ခြစ်ခြစ်တောက် ပူနေပါလား လုလု အခန်းထဲသွားလှဲနေလိုက် ဆရာဝန်ခေါ်ပေးမယ်” လို့ ပြောပြောဆိုဆို ကားမောင်းသူကို တစ်ဆက်တည်း ဆရာဝန် ပင့်ဘို့ ခိုင်းလိုက်ပါတယ်။ ကျမရဲ့ ကိုယ်ပေါ်မှာ ဂွမ်းစောင်တွေ အထပ်ထပ် မေမေတင်ပေးပေမယ့် အပေါ်မေးရိုး အောက်မေးရိုး ရိုက်ခတ်ရင်း ခိုက်ခိုက်တုန်နေတာ မပြေပါ။ အပူရှိန်ကလည်း မလျော့သွားတဲ့အပြင် ပိုတိုးလို့သာလာပါတယ်။ ဆရာဝန် ရောက်လာပြီး ကျမရဲ့ လက်ရှိ အခြေအနေကို စစ်ဆေးစမ်းသပ်ပြီး အဖျားတိုင်းကြည့်တော့ ပြဒါးတိုင် အဆုံးထိနီးပါးလောက် အဖျားတွေ မြင့်တက်နေတာကြောင့် ဆရာဝန်က ချက်ခြင်း သွေးဖောက် စမ်းသပ်မှု ပြုလုပ်ပါတယ်။ ဆေးထိုးပေးပြီး နားခိုင်းပါတယ်။ ဆရာဝန်နဲ့မေမေတို့ ဧည့်ခန်းမှာ စကားပြောသံတွေကို ကြားနေပြီး ခဏအကြာမှာ ကျမအိပ်ပျော်သွားပါတယ်။ ညဦးပိုင်း အိပ်ယာက နိုးလာတဲ့အခါမှာတော့ အဖျားသွေး လုံးဝမရှိတော့ပဲ တစ်ကိုယ်လုံး အေးနေပါပြီ။ မနက်မိုးလင်းတော့ လူကောင်းတစ်ယောက်လို လန်းလန်း ဆန်းဆန်းနဲ့ ပုံမှန်လိုဖြစ်နေတာမို့ ကျောင်းသွားခွင့် ရပါတယ် မေမေက နားစေချင်ပေမယ့် အတန်းသစ်လေးကို တက်နေရတဲ့ ကျမအဘို့ ကျောင်းမပျက်ချင်ပါ။ ညနေကျောင်းဆင်းခါနီးမှာ မနေ့ကပုံစံအတိုင်း ထပ်ဖြစ်ပြန်တယ်။ ထုံးစံအတိုင်း အိမ်ရောက်တော့ အဖျားကအတော်တက်နေပြီ လူကလည်း ခိုက်ခိုက်တုန်အောင် ချမ်းလာတယ်။ ဆရာဝန်ရောက်လာပြီး ကျမမှာ မလေးရီးယားလို့ခေါ်တဲ့ ငှက်ဖျားရောဂါ ဝင်နေတယ်လို့ ပြောပါတယ်။ မေမေလည်း စိုးရိမ်စွာနဲ့ ဖေဖေ့ကို တပည့်တစ်ယောက်နဲ့ လူလွှတ်ပြောခိုင်းပါတယ်။ ဆရာဝန်က ကျမကို ဆေးလုံးခါးကြီး ၆လုံးတိုက်တဲ့အခါ အဲဒီဆေးလုံးကြီးတွေကို ကျမ ခက်ခက်ခဲခဲ မျိုချရပါတယ်။ အရသာက ခါးလိုက်တာမှ လွန်ပါရော။ ကျမရဲ့ခန္ဓာကိုယ်မှာ ငှက်ဖျားရောဂါပိုး အစပျိုးလို့ နေရာယူခဲ့ပါတယ်။ ဆရာဝန်ရဲ့ ပြောပြချက်အရကတော့ ငှက်ဖျားရောဂါကို အမြစ်မဖြတ်နိုင်ပဲ တာရှည်သွားရင် ငှက်ဖျားပိုး ဦးနှောက်ထဲရောက်ပြီး အသက်အန္တရာယ်ရှိတဲ့ အကြောင်း တကယ်လို့ အသက်မသေခဲ့ရင်လည်း ရူးသွပ်သွားနိုင်တယ်လို့ ပြောပါတယ်။ ဖေဖေလည်း ကျမကိုငှက်ဖျားရောဂါ အမြစ်ပြတ်တဲ့အထိ ကုသဖို့ စတင်ကြိုးစားပါတော့တယ်။ ကျမတို့နေတဲ့ ဖွံ့ဖြိုးစ တာလေရွာလေးမှာ ငှက်ဖျားရောဂါဖြစ်သူ အတော်များတယ်လို့ သိရပါတယ်။ ကျမအနေနဲ့ ခေါင်းကြီးကိုက်ရောဂါ အခံကြောင့် ကိုယ်ခံအားနည်းချိန်မှာ ငှက်ဖျားရောဂါပိုး ဝင်လွယ်တာလို့ ဆရာဝန်က ပြောပါတယ်။ ကျမဆေးကုသမှုကို ခံယူနေစဉ်အတွင်း ကျောင်းမသွားရတော့သလို ကူကူးလည်း ရေမကူးရတော့ပါ။ ကျောင်းပြန် တက်ရတဲ့တိုင် ငှက်ဖျားဆေးတွေ ဆက်တိုက် သောက်နေရဆဲပါ။ စားဆေး ထိုးဆေးများနဲ့ ကုသရင်း တစ်နှစ်လောက် အကြာမှာတော့ ကျမမှာတွယ်ညိနေတဲ့ ငှက်ဖျားရောဂါပိုး အမြစ်ပြတ်သွားခဲ့ပါတယ်။
(ညီမလေးတူးမာရဲ့ သူငယ်ချင်း နန်းယုံရဲ့ သမီးဖြစ်သူ မိုးငွေ့ကိုကျမ ဘလော့ဂါအနေနဲ့ဆုံတွေ့ခွင့်ရခဲ့ပါတယ်)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz