x

8.4.14

ထာဝရသင်္ကြန်


သင်္ကြန်အကြိုနေ့ လွန်မြောက်လို့ သင်္ကြန်အကျနေ့ ရေပက်ခံ ထွက်ကြရမှာကို ကျမတို့ မောင်နှမတွေ သိတ်ပျော်နေကြတယ်။ အရင်နှစ်တွေလဲ အခါသင်္ကြန် ရောက်တိုင်း မောင်နှမ အရင်းတွေ ၀မ်းကွဲတွေ စုလိုက်ရင် အင်အား ၂၀လောက် အသာလေးရတာမို့ အခုလို ပျော်ကြစမြဲပါ။ ညပိုင်း ထမင်းစားအပြီးမှာ ထုံးစံအတိုင်း မောင်နှမတစ်တွေ ဧည့်ခန်းမှာ စုထိုင်မိကြတဲ့အခါ- "၀တ်စုံတွေ အားလုံး အဆင်သင့်ပဲလား" အစ်ကိုကြီးရဲ့ အမေးကို အငယ်တွေအားလုံးက "ဟုတ်" လို့ တစ်ပြိုင်နက်တည်း ဖြေကြတယ်။ သားသမီး ၈-ယောက်ရဲ့ ပညာရေး စားဝတ်နေရေးတို့ကို အချိန်နဲ့ တပြေးညီ ဖေဖေ့လစာ တစ်ခုနဲ့သာ ဖြေရှင်းပေးနေရတဲ့ အချိန်ကာလမို့ ကိုယ်ပိုင်ကား မရှိတဲ့ကျမတို့ ထုံးစံအတိုင်း ဖေဖေ့ရဲ့ မပေးချင် ပေးချင်နဲ့ ခေါင်းညိတ်ခဲ့တဲ့ မာစတာဂျစ်ကို အသုံးပြုဘို့ မောင်နှမတွေ ကိုယ်စား အစ်ကိုကြီးက ခွင့်တောင်းပြီးသားမို့ ရေပက်ခံ သွားလာရေးအတွက် ပူပင်စရာမလိုသလို နေ့လည်ပိုင်း အိမ်မှာခဏနားချိန်မှာ အစားအသောက်ကို မေမေက စီစဉ်ပေးနေကျပါ။ နေ့လည်ပိုင်း ခဏအနားယူပြီးလို့ ရေပက်ခံ ပြန်ထွက်တဲ့အခါ ကမ်းနားလမ်းဘက်မှာ ဖေဖေရဲ့ ရုံးရှိတာမို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်အောင် ကားရဲ့ ခရီးလမ်းကြောင်းကို ဗိုက်ဆာချိန်နဲ့ ချိန်ကိုက်ပြီး ပန်းဆိုးတန်းလမ်းကြောကို ဦးစားပေး ဆွဲထားတယ်။ ရေပက်ခံထွက်ကြမယ့် တစ်ဖွဲ့သားလုံး အရင်နှစ်တွေကလို ဂျင်းဘောင်းဘီရှည် အပြာရောင်နဲ့ စစ်အရောင် ရှပ်အင်္ကျီ လက်ရှည်တို့ကို ၀တ်ဆင်ကြမှာ ဖြစ်ပါတယ်။ ကျမတို့ရဲ့ ရေပက်ခံထွက်မယ့် ကားရဲ့ အလယ်မှာ ရေခဲတုံးကြီးတွေ ထည့်ထားတဲ့ ရေခဲရေ ဆိုဒ်စီဘီ ပုံးပြာကြီးတစ်ပုံး၊ ခွက်ကလေးတွေနဲ့ ရေပြွတ်ပိုက်လေးတွေက နေရာယူထားပါတယ်။ သောက်ရေပုလင်းကို ကြိုတင်စီစဉ် ယူသွားကြပါတယ်။ အားလုံးကို မနက် ၈နာရီ အိမ်ကစထွက်မယ်လို့ အစ်ကိုကြီးက ညထဲက အားလုံးကို ကြိုတင်မှာထားတာကြောင့် ကျမအပါအ၀င် ကျန်မောင်နှမတွေ အားလုံး မနက် ၇နာရီ ၄၅မိနစ်မှာ အဆင်သင့်ဖြစ်နေကြပါပြီ ရေပက်ခံထွက်ကို လိုက်ပါမယ့် ၀မ်းကွဲမောင်နှမတွေကို သွားတဲ့လမ်းကြောင်းအပေါ် မူတည်ပြီး ခေါ်ဆောင်သွားမှာ ဖြစ်တာမို့ ကားမရောက်ခင် ကြိုတင်ပြီး စောင့်နေကြဘို့ကိုလဲ မှာထားခဲ့ပြီး ဖြစ်တယ်။
မနက် ၈နာရီအတိမှာ အိမ်ကစထွက်ပြီး နောက်ဆုံးပွိုင့်ဖြစ်တဲ့သူဆီ ၈နာရီ ၅၀မိနစ်မှာရောက်ကာ လူစုံပြီမို့ ရေပက်ခံ အစီအစဉ် စပါတယ်။ အဲ့ဒီအချိန်အခါက ရေပူဖောင်းနဲ့ ပေါက်တဲ့သူရယ်လို့ မရှိသလို ရေကစား မဏ္ဍာပ်ကို ရေပက်ခံကား ၀င်တဲ့အခါမှာလဲ တစ်ဦးနဲ့တစ်ဦး ကြည်နူးပျော်ရွှင်စွာ ရေလောင်း ရေပက် ပြုမူချင်းမျိုးသာ ရှိခဲ့တာမို့ ရေပက်ခံထွက်ရတာ ပျော်စရာကောင်းသလို မိတ်ဆွေ သူငယ်ချင်းများလဲ ပိုမိုလို့ တိုးပွားလာခဲ့တယ်။ ကြိုတင် အစီအစဉ်ဆွဲထားတဲ့ မနက်ပိုင်းကို အင်းစိန်လမ်းတကြော လာပြီး ပြည်လမ်းဖက်ကို ပြန်ကွေ့ကာ အင်းယားလမ်းဘက်ရှိ မဏ္ဍာပ်တွေကို ၀င်ပြီး တက္ကသိုလ်လမ်းကနေ ကမ္ဘာအေးဘုရား လမ်းကြောင်းအတိုင်း ရေပက်ခံထွက်ကြတယ်။ မဏ္ဍာပ်တိုင်းလိုလို ရေကစားသူများက ရေပိုက်များနဲ့ ထိုးပက်ရင်း ပျော်ရွှင်စွာ ရေကစားကြပါတယ်။ ရေပက်ခံထွက်တဲ့ တလမ်းလုံးလဲ ကျမတို့မှာ ရုံးကားဖြစ်တာကြောင့် မကြာခဏ ၆-၁ ၆-၁လို့ ၀ိုင်းအော်တာ ခံရပေမယ့် အားလုံးပျော်ပျော်ပါးပါး အိမ်ကနေ ကြိုတင်စပ်ခဲ့တဲ့ ဟာသနှောတဲ့ သံချပ်လေးတွေကို တိုင်တည်ရင်း အချိန်တွေ ကုန်လွန်စေခဲ့တယ်။ ခဏလေးအတွင်း ရောက်ရှိလာတဲ့ နေ့လည်၁၂နာရီမှာတော့ တစ်ဖွဲ့သားလုံး ဟယ်လ်ပင်လမ်းက ကျမတို့ရဲ့ အိမ်မှာပဲ တစ်လှည့်ဆီ ရေမိုးချိုးပြီး မေမေစီစဉ်ထားတဲ့ ထမင်း ဟင်းတို့ကို စားသောက်ပြီး အနားယူကြတယ်။ နေ့လည် ၂နာရီမှာ တစ်ခေါက်ပြန်ထွက်ကြတဲ့ အခါမှာတော့ ကမ်းနားလမ်းဘက်အခြမ်း လမ်းကြောင်းအတိုင်း ဆင်းကာ ကုန်သည်လမ်း ဆူးလေလမ်း အနော်ရထာလမ်း ဗိုလ်ချုပ်လမ်းကနေ တဆင့် ပန်းဆိုးတန်းလမ်းကို ဆင်းပြီး ညနေစောင်းမှာ ကျမတို့ ဖေဖေရဲ့ လယ်ယာကိုင်းကျွန်းနဲ့ ဥယျာဉ်ခြံမြေထွက် ရုံးခန်းမှာတစ်ထောက် နာရီဝက်ခန့် နားနေချိန်မှာ ဖေဖေစီမံပေးတဲ့ အစားအသောက်များကို စားသောက်ကြပြီး ရေပက်ခံဆက်ထွက်ကာ ညနေ ၆နာရီမှာ အိမ်ကိုပြန်ဝင်ကြပါတယ်။ ဒုတိယအကြိမ် တစ်လှည့်ဆီ ရေချိုးပြီးချိန်မှာတော့ ကော်ဖီ ပူပူလေး တစ်ခွက်ဆီနဲ့ မုန့်ပဲ သရေစာတို့ကို စားသောက်ပြီး အချိန်ရှိခိုက် လုံလ္လစိုက်ကာ သင်္ကြန်သံချပ်ပြိုင်ပွဲတွေကို တစ်နေရာပြီး တစ်နေရာ လှည့်ပတ်ကြည့်ကြရင်း ည၁၀နာရီခန့်မှာ အိမ်ပြန်ရောက်ကြပါတော့တယ်။ ကျမတို့ အိမ်မှာဆင်းပြီး ကျန်မောင်နှမ ၀မ်းကွဲများကို မနက်ပိုင်း လမ်းကြောင်းအတိုင်း ပြန်ပို့ပေးပါတယ်။ အကြပ်နေ့မှာတော့ ကန်တော်ကြီး ကျောက်မြောင်း တာမွေ ရန်ကင်းဘက်တွေကို လှည့်လည်ရင်း ရေပက်ခံ ထွက်ကြတယ်။ ထုံးစံအတိုင်း နားချိန်နား ညပိုင်းလည်ပတ်ကာ အိမ်ကိုပုံမှန် ည ၁၀နာရီ ပြန်ရောက်ပြီး အနားယူကြပါတယ်။ အတက်နေ့မှာ ကျန်မရောက်သေးတဲ့ နေရာရာတွေကို ရေပက်ခံထွက်ကြတယ်။ အဲ့ဒီအချိန်ကာလက သင်္ကြန်လည်ချိန်က အကြိုနေ့ကို ရေမပက်သလို အလည်အပတ်များ မလုပ်ကြသေးတာကြောင့် တစ်ချို့နှစ်များမှာ အကျ အကြပ် အတက် သုံးရက်သာ ရေကစားရင်း ပြီးဆုံးသွားတတ်ပါတယ်။
ကလေးဘ၀ အသက် ၁၀-နှစ်အောက် အချိန်ကာလရဲ့ သင်္ကြန်ပွဲတော် ရက်များမှာ မေမေနဲ့အတူ မဏ္ဍာပ်ကိုသာ အားကိုးပြီး သွားသွားလာလာ လူများကို ရဖလားလေးနဲ့ ပျော်ရွှင်မြူးတူး ခုန်ပေါက်ကာ ရေပက်ကစားခဲ့ဘူးတယ်။ လူလတ်ပိုင်း ရောက်လာပြန်တော့ မောင်နှမတွေနဲ့ ရေပက်ခံကားပေါ်ကနေ မဏ္ဍာပ်ပေါ်က ရေပက်သူများကို ကဗျာမပီ စာမညီတဲ့ ကိုယ်တိုင်စပ် စာသားလေးတွေနဲ့ ဟာသနှောသံချပ်လေးတွေ ၀ိုင်းအော်ရင်း ကားထဲမှာပါလာတဲ့ ရေခဲရေနဲ့ တန်ပြန်ပက်ပြီး ပျော်ရွှင်စွာ ရေကစားခဲ့ကြတယ်။ တတိယအရွယ်ရဲ့ သင်္ကြန် ကာလမှာတော့ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်စေဘို့ ကောင်းမှုကုသိုလ် ပြုနိုင်သလောက် ပြုရင်း သင်္ကြန်အခါ သမယကို စိတ်အေးချမ်းစွာနဲ့ ကျော်ဖြတ်ခဲ့ပြန်တယ်။ တိုတောင်းတဲ့ လူ့ဘ၀မှာ ပျော်ရွှင် ကြည်နူး ၀မ်းသာမှု၊ ကြေကွဲ ၀မ်းနည်း စိတ်ဆင်းရဲမှု၊ ကြုံတွေ့ရမှုတိုင်းဟာ ပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်လာတာထက် မိမိကိုယ်တိုင် ဖန်တီး ရယူခြင်းက ရာခိုင်နှုန်း ပိုများပါတယ်။ နှစ်စဉ်နှစ်တိုင်း မပျက်မကွက် အချိန်မှန်ရောက်လာမယ့် ထာဝရသင်္ကြန်ပွဲတော်ကို လူသားအားလုံး အေးချမ်း ပျော်ရွှင်စွာဖြင့် ဖြတ်သန်းနိုင်ကြပါစေ။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz