x

5.8.14

အကြောင်းပြချက်များနှင့်ကျမ


အကြောင်းပြချက်များစွာနဲ့ ကျမရဲ့ဘလော့လေးကို လစ်လျူရှုခဲ့တာ မနေ့က ၄-လတင်းတင်း ပြည့်သွားခဲ့ပြီ။ အဓိက အကြောင်းအရင်းကတော့ ကျမအသုံးပြုနေတဲ့ ၀ိုင်မက်စ် ကွန်နက်ရှင် မရတော့တာကနေ အစပြုခဲ့ပြီး ပို့စ်တင်ခွင့်မရခဲ့တာပါ။ ခရီးမကြာခဏ ထွက်နေရခြင်းကြောင့်လဲ ကွန်နက်ရှင် ပြန်ကောင်းအောင် အားမထည့်နိုင်ပြန်။ ရန်ကုန်ပြန်ရောက်တိုင်း ပို့စ်ရေးဘို့အတွေးသာ ရှိခဲ့ပြီး လက်တွေ့ အကောင်အထည် ဖေါ်ခွင့်မရခဲ့ပါ။ မေလနဲ့ဇွန်လမှာ သားငယ်ဆီရောက်နေချိန်မို့ ပို့စ်တင်နိုင်အောင် ကြိုးစားမိပေမယ့် Acer Window-8 လက်တော့ပ်မှာ သုံးနေကျ ဇော်ဂျီဝမ်း မြန်မာဖောင့်က သွင်းမရ။ ကိုယ့်ရပ်ဌာနေ ပြန်ရောက်ချိန်မှာတော့ ဖေ့ဘုတ်ပေါ်ကို 3G ကွန်နက်ရှင်နဲ့ အချိန်တိုလေးတွေ ရောက်ခဲ့ပါတယ်။ ဖုန်းနဲ့ပို့စ်ရေးဘို့ကျပြန်တော့ အခက်အခဲရှိခဲ့တာမို့ မရေးဖြစ်။ ခြုံငုံသုံးသပ်လိုက်ရင် အကြောင်းပြချက် အမျိုးမျိုးကြောင့် ဘလော့လေးနဲ့ဝေးနေတဲ့ အကျိုးကို ရခဲ့တယ်။ ၀ိုင်မက်စ်ရဲ့ ကွန်နက်ရှင်မရတာကြောင့် ကွန်ပလိန်း တင်ရတာလဲ အခါခါ Spare parts တွေလဲခဲ့တဲ့နောက် ကွန်နက်ရှင်က မမိတစ်ချက်မိတစ်ချက် ပတ်ဝန်းကျင်မှာ သစ်ပင်ကြောင့် ဖြစ်တယ်ဆိုလို့ ရေစင်ပေါ်မှာတင်ထားတဲ့ တိုင်အမြင့်ကို ၂-ဆမြှင့်ခဲ့ပြန်။ နောက်ဆုံးတော့လဲ ရက်ပြောင်းလညောင်း ကြာမြင့်ခဲ့သည့်တိုင် အခြေအနေက မထူးမခြာနား။ မနေ့ကတော့ စိတ်ကိုဒုံးဒုံးချ ဆုံးဖြတ်လိုက်ပါတယ်။ လစဉ်ကြေး တစ်လ $75 သွင်းနေတာကို ရပ်ဆိုင်းလိုက်ပြီး ဒီကနေ့လို 3-Gနဲ့လက်တော့ပ် ချိတ်တဲ့နည်းနဲ့သာ အသုံးပြုတော့မယ်ပေါ့။ ဘလော့တွေ လည်ဖတ်တဲ့အချိန်လောက်သာ အွန်လိုင်းတက်မယ်လို့လဲ တွေးတောထားပါတယ်။

အလည်မရောက်တာ ကြာခဲ့ပြီဖြစ်တဲ့ ဘလော့ရွာကြီးကိုလဲ အချိန်ရရင် ရသလို အရင်လို ပုံမှန်လည်ပတ်မှာပါ။ မှတ်တိုင်လေးတွေကို စိတ်ရှည်စွာနဲ့စောင့်ဖတ် အားပေးနေတဲ့ ဘလော့ဂါများနဲ့ စာဖတ်သူတို့ကိုလဲ ကျမကျေးဇူးတင်လျှက်ရှိကြောင်းနဲ့ ရက်ပေါင်းများစွာ ပို့စ်တင်တာ ပျက်ကွက်မှုအတွက် အားနာစွာတောင်းပန်ပါရစေ။ မကြာခင်ရက်မှာ ရှေ့ဆက်မည့် မှတ်တိုင်းလေးတွေကို အတွေးနဲ့တင်မဟုတ် လက်တွေ့ ဆက်လက်ရေးသွားမှာ ဖြစ်တဲ့အတွက် ဆက်လက်အားပေး ဖတ်ရှုကြပါလို့မေတ္တာရပ်ခံရင်း အိပ်မောကျနေတဲ့ ကျမရဲ့ဘလော့လေးကို ပြန်လည်လို့ နိုးထစေခဲ့ပါတယ်။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz