x

15.8.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၁၇


ကျိုင်းတုံမြို့မှာ ကျမနေစဉ်အချိန်ကာလက မြို့အလယ်မှာ အထက်တန်း ကျောင်းတစ်ကျောင်းသာ ရှိပါသေးတယ်။ အိမ်နဲ့နီးတဲ့ တပ်တွင်း အလယ်တန်းကျောင်း ရှိပေမယ့် ဖေဖေက ရှေ့ရေးမျှော်တွေးပြီး ရည်ရွယ်ချက် ကြီးကြီးထားကာ ကျမကို သတ္တမတန်းတက်ဘို့ အထက်တန်းကျောင်းမှာ ထားခဲ့တယ်။ အတန်းသစ်ကို စတက်ခါစမှာတော့ မိတ်ဆွေအဖေါ်မရှိပဲ တစ်ယောက်ထဲ ကြောင်အမ်းအမ်းနဲ့ တက်ခဲ့ရပါတယ်။ တစ်ပတ်လောက် အကြာမှာတော့ ခုံချင်းကပ်ရက်က ရှမ်းမလေး တစ်ချို့နဲ့ ခင်မင်သိကျွမ်းလာခဲ့တယ်။ တစစနဲ့ မာဂရက် နန်းလှယဉ် နန်းစံနွမ်းတို့အပြင် နာမည် မမှတ်မိတော့တဲ့ သူငယ်တွေ တဖြည်းဖြည်းများလာတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေ များလာပြီမို့ ကျမလဲ ကျောင်း စတက်ခါစကလို ကျောင်းတက်မပျင်းတော့ပါ။ ကျောင်းရောက်ရင် သူငယ်ချင်းတွေနဲ့ ထွေရာလေးပါး ပြောကြဆိုကြ ရယ်မောကြဘ၀လေးကို နှစ်သက် ပျော်ရွှင်မိတဲ့ကျမ စာဘက်မှာတော့ အလယ်လတ်လောက်တောင် မဟုတ်ပဲ ညံ့တဲ့အထဲမှာ ပါပါတယ်။ မကြာခဏ ကျောင်းကပြောင်းရနဲ့ အထူးသဖြင့် သင်္ချာ အင်္ဂလိပ်စာတို့မှာ ခက်ခက်ခဲခဲ လိုက်နာမှတ်သားခဲ့ရတယ်။ ကျမကိုကညံ့တာပါ အိမ်မှာဖေဖေနဲ့ မေမေ စကားပြောရင် မြန်မာစကားကြားမှာ အင်္ဂလိပ်လို ညှပ်ညှပ်ပြောတတ်ကြတယ်။ မောင်နှမတွေထဲမှာ ဦးနှောက်အထိုင်းဆုံးလို့ ဆိုလို့ရပါတယ်။ အတန်းထဲမှာ စာတွေနဲ့လုံးခြာလိုက်ရင်း မရှေးမနှောင်း အတန်းတင်စာမေးပွဲကြီး စတင်လို့ဖြေရပါတော့တယ်။ ကျမညံ့တဲ့ သင်္ချာနဲ့ အင်္ဂလိပ်စာမှာ အောင်မှတ်တောင် ရပါ့မလားလို့ စာမေးပွဲဖြေပြီးတိုင်း တွေးတောမိခဲ့တယ်။ ဘာသာစုံ ဖြေပြီးသွားတဲ့အခါမှာတော့ မေ့မေ့ပျောက်ပျောက်ပေါ့။ ကျောင်းကြီးပိတ်နေတာမို့ သူငယ်ချင်းတွေက အလည်လာလိုက် မိသားစုနဲ့ လျှောက်လည်လိုက် ဒီလိုနဲ့ အချိန်တွေ ကုန်မှန်းမသိ ကုန်လာခဲ့ပြီး အောင်စာရင်းတွေ ထွက်မည့်နေ့မှာ သူငယ်ချင်းတွေနဲ့ ကျောင်းရဲ့အုတ်ခုံ ဆုံနေကျနေရာမှာချိန်းပြီး ဆုံကြတယ်။ စာတော်တဲ့ သူငယ်ချင်းတွေကြားမှာမို့ အားငယ်နေမိတာတော့ အမှန်ပါ။ သူငယ်ချင်း တစ်ဖွဲ့လုံး အောင်စာရင်းကပ်တဲ့ နို့တစ်ဘုတ်နားရောက်လာတဲ့အခါ တစ်ကြိမ်တစ်ခါမျှ မဖြစ်ဘူးတဲ့ နှလုံးခုန်နှုန်း ပိုမြန်လာသလို ရင်တလှပ်လှပ်ဝေဒနာကို ခံစားလာရတယ်။ အောင်စာရင်းကို ကျမ မကြည့်ရဲပါ။ အဲ့ဒီအချိန်မှာ သူငယ်ချင်း နန်းစံနွမ်းရဲ့ အသံကို ကြားလိုက်ရပါတယ်။ ‘ဟဲ့ တင့်တင့် နင့်နာမည်ရှာမတွေ့ဘူး’တဲ့ ကျန်သူငယ်ချင်းတွေက ‘ဟုတ်ပါ့မလား မဖြစ်နိုင်ပါဘူး’လို့ ပြန်ပြောရင်း သူတို့လဲ ၀ိုင်းရှာပေးကြတယ်။ ကျမကတော့ ကိုယ့်ကိုယ်ကို နကိုယ်ကမှ အားမရတာမို့ ‘ငါစာမေးပွဲ ကျတာသေချာပါတယ်ဟာ’ လို့ ပြောပြီး သူငယ်ချင်းအုပ်စုကြားကနေ ခြာကနဲ လှည့်ထွက်ခဲ့တယ်။
အိမ်ရောက်တယ်ဆိုရင်ပဲ ကျမရဲ့အဖြေကို စောင့်စားနေတဲ့ ဖေဖေနဲ့မေမေ့ကို မြင်ရတော့ ပြောရမှာကို အားနာနေမိတယ်။ အချိန်ကုန် ငွေကုန်ခံပြီး အထက်တန်းကျောင်းမှာ ထားပေးခဲ့ပေမယ့် စာမေးပွဲ မအောင်တာကြောင့် နှုတ်ကပြောမထွက်ခဲ့ပါ။ ဒါကိုအကင်းပါးတဲ့ ဖေဖေက ‘ဒီနှစ်မအောင်လဲ နောက်နှစ်ပေါ့ လုလုရယ်။ ကျောင်းတွေက ခဏခဏပြောင်းနေရတော့လဲ သင်္ခန်းစာတွေ လိုက်ရတာ မနိုင်မနင်းဖြစ်မှာပေါ့ ခေါင်းထဲကထုတ်ပလိုက်တော့’ လို့အားပေးစကား ပြောပါတယ်။ တဆက်ထဲ မေမေက ‘ကဲ လာကြ ထမင်းစားကြရအောင် လူစုံအောင်စောင့်နေတာ’လို့ ပြောပြောဆိုဆို ထမင်းစားခန်းထဲကို ၀င်သွားပါတယ်။ အချိန်တိုလေးတော့ စိတ်မကောင်း ၀မ်းနည်းမှု ဖြစ်လိုက်ပေမယ့် ကိုယ်တိုင်က ညံ့ပြီး ကြိုးစားမှုအားနည်းလို့ ဖြစ်တာပဲလို့ စိတ်ကို ပြန်ဖြေလိုက်ပါတယ်။ ကျောင်းတွေပြန်ဖွင့်တော့ အတန်းကျထားတဲ့ကျောင်းမှာ ဆက်တက်ခဲ့ရင် သူငယ်ချင်းတွေက အတန်းသစ်ကိုတက်ပြီး ကျမကတော့ အတန်းဟောင်းမှာ စိတ်မကြည်မသာ ဖြစ်နေရှာမှာပဲဆိုတဲ့ ဖေဖေ့အတွေးကြောင့် ကျမကို တပ်တွင်းကျောင်းကို ပြောင်းပေးခဲ့တယ်။ ကျောင်းသစ်ရောက်တော့လဲ မိတ်ဆွေ အပေါင်းအသင်းသစ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် စာအံရင်း စာမေးပွဲကျခဲ့တာကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့တယ်။ တပ်တွင်းကျောင်းရဲ့ စာသင်ခုံတွေက အထက်တန်း ကျောင်းက ခုန်တွေလို တစ်ယောက်တစ်ခုံ မဟုတ်ပဲ စားပွဲတန်းရှည်နဲ့ ထိုင်ခုံတန်းရှည်လေးတွေ ဖြစ်ပါတယ်။ တစ်ခုံမှာ သုံးယောက်ထိုင်ကြရပြီး စာမေးပွဲတွေ ဖြေဆိုချိန်မှာတော့ တစ်ခုံမှာ နှစ်ယောက် အစွန်တစ်ဖက်ဆီမှာ ထိုင်ပြီး ဖြေဆိုကြရပါတယ်။ ကျမနဲ့ရင်းနှီးခင်မင် သိကျွမ်းခဲ့တဲ့ သူငယ်ချင်း အေးအေး အေးအေးစိုး မောင်မောင်မြင့် ညွန့်ဝေတို့ကိုလဲ အခုအချိန်ထိ သတိတရ ရှိနေဆဲပါ။ မောင်မောင်မြင့်ကိုတော့ ဗိုလ်ကြီးမောင်မောင်မြင့် အဖြစ်ပြန်ဆုံခွင့်ရခဲ့သလို အေးအေးက ကျောင်းဆရာမလေးအဖြစ် အသက်မွေး ၀မ်းကြောင်းနေပြီး ညွန့်ဝေကတော့ လယ်သမားအလုပ် လုပ်နေတယ်လို့ သိရပေမယ့် အေးအေးစိုးနဲ့တော့ အဆက်အသွယ် မရခဲ့ပါ။ ဘ၀ရဲ့ ဂယက်လှိုင်း အကွေ့အကောက် အနိမ့်အမြင့်ကြားမှာ ကျမတို့တစ်တွေ ကြုံရဆုံရ ခွဲခွာကြရတာ ဓမ္မတာပါ။
နွေရာသီ ကျောင်းပိတ်ရက်မှာ ကျမအစ်ကိုလဲ ဆယ်တန်းစာမေးပွဲ ဖြေပြီးပြီမို့ ကျိုင်းတုံကို ရောက်လာပါတယ်။ အချိန်ကို တန်ဘိုးထားတတ်တဲ့ ဖေဖေက အစ်ကို့ကို ကျမတို့ကျောင်းမှာ လုပ်အားပေး ကျောင်းဆရာအဖြစ် ၀င်ရောက် လုပ်ကိုင်စေပါတယ်။ စနေ တနင်္ဂနွေလို ကျောင်နားရက်တွေမှာတော့ စာမလိုက်နိုင်တဲ့ ကျောင်းသားတွေကို အိမ်မှာ ကျူရှင်ပြစေတယ်။ ရက်လတွေ ကြာလာတဲ့အခါ လုပ်အားပေးဆရာလေး ကျမအစ်ကိုက အဌမကျောင်းသူလေး နန်းစောထွေးဆိုတဲ့ ရှမ်းမလေးကို သဘောကျခဲ့တယ်။ ဆရာနဲ့ တပည့်ဖြစ်နေတာမို့ ထင်ထင်ပေါ်ပေါ် မချစ်ရဲသော်လဲ အိမ်ပြန်ရောက်တာနဲ့ တစ်အိမ်လုံး နားညည်းလောက်အောင် နန်းစောထွေးကို ပါးစပ်ဖြားကမချပါ။ ကျိုင်းတုံကနေ တက္ကသိုလ် ဆက်တက်ဘို့ ရန်ကုန်ပြန်ခါနီး အစ်ကိုဆိုခဲ့တဲ့ သီချင်းလေး တစ်ပုဒ် ကျမရဲ့ခေါင်းထဲမှာ အခုချိန်အထိ စွဲနေပါသေးတယ်။ ♪ ♬♪ ♬♪ ♬♪ ♬♪ တောင်တွေရံတယ် ကျိုင်းတုံဝယ် လုပ်အားပေးခဲ့တယ်… အဖြူရောင်ပေါ်ဝယ် အစိမ်းရောင်ခြယ်၊ လွယ်အိတ်စိမ်းလေး ဘေးကလွယ်… သွားပုံလာပုံလေးရယ် မြင်သူတိုင်းပဲ ငေးလောက်တယ်။ ပြောပုံဆိုပုံလေးရယ် ဒီရင်ထဲစွဲနေပြီ ပြောချင်ပါတယ် ပျိုမေရယ် နောက်ဆုံးမို့ပါကွယ်.. ချစ်မိတယ် စောထွေးရယ် ကိုယ့်အလွန်ကို ခွင့်လွှတ်ကွယ်” သူတို့တွေ ချစ်သူရည်စား ဖြစ်မဖြစ်တော့မသိဘူး။ တောင်ကြီးတက္ကသိုလ်မှာ အစ်ကို စတက်တဲ့အချိန်မှာ ကျမကိုစာတိုလေးတစ်ခု ဖတ်ဘို့ပို့လိုက်တယ်။ ‘ပြောချင်ပါတယ် ဆရာရယ် နောက်ဆုံးမို့ပါကွယ် အမုန်းမဖက်တယ် အပြုံးနဲ့ရယ် ဆရာ့အလွန်ကို ခွင့်လွှတ်မယ်’ … :P။ အတန်းတင် စာမေးပွဲကြီး ဖြေဆိုတဲ့အချိန်မှာ အရင်နှစ်ကလို စိတ်လေးပင်ခြင်း အလျဉ်းမရှိပဲ စိတ်ကြည်လင်စွာနဲ့ ဖြေဆိုနိုင်ခဲ့သလို အောင်စာရင်းမှာလည်း ကျမနာမည် ပါလာခဲ့တယ်။ အတန်းသစ် အဌမတန်းကို တက်ရောက် သင်ကြားနေဆဲမှာပဲ ကျမဖေဖေ ပုသိမ်တိုင်းကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရမယ်ဆိုတဲ့ သတင်းရောက်လို့လာပြန်တယ်။ ကျိုင်းတုံမြို့မှာ ကျမတို့မိသားစု နေထိုင်ရတာ အချိန်ကြာလာတာနဲ့အမျှ ပြန့်ကြဲနေပြီဖြစ်တဲ့ ပစ္စည်းတွေကို ပြန်လည် စုစည်းရင်း အဌမတန်း တစ်ပိုင်းတစ်စကို ပုသိမ်မြို့မှာ အဆုံးသတ်ရမှာပါလားလို့ တွေးတောမိရင်း သက်ပြင်း ချခဲ့မိပြန်တယ်။ ကျမချစ်တဲ့ ညို့ညို့မှိုင်းမှိုင်း တောင်တန်းတွေနဲ့ အေးချမ်းတဲ့ ရာသီဥတုကို ခွဲခွာရတော့မှာမို့ စိတ်မကောင်းဖြစ်မိတယ်။ 

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz