x

18.8.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၁၈


ရက် လ နှစ်ပေါင်းများစွာ ရှမ်းပြည်တစ်ခွင်လှည့်လည် နေလာခဲ့ရတာမို့ အခုလို သင်္ဘောကြီးစီးပြီး ရေလမ်းခရီးကို လိုက်ပါလာရတဲ့ ကျမရဲ့ အမြင် အာရုံတွေ ပြောင်းလဲလို့နေပါတယ်။ ပတ်လည်ဝိုင်းနေတဲ့ တောင်တန်းပြာကြီးတွေကို မမြင်မတွေ့ရတော့ပေမယ့်လဲ မြူတွေဆိုင်းနေတဲ့ ပတ်ဝန်းကျင်ရဲ့ လေနုအေးအေးလေးတွေရဲ့ ထိတွေ့ခံစားခဲ့ရတဲ့ အေးချမ်းကြည်နူးမှုမျိုးနဲ့ မခြား ရေလမ်းခရီးတစ်လျှောက် ထိတွေ့ခံစားခွင့်ရခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ အချိန်ကာလမို့ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ နေရာဒေသကို ပြောင်းရွှေ့တဲ့အခါ ကုန်းလမ်းနဲ့တစ်ဖုံ ရေလမ်းနဲ့တစ်မျိုး ပြောင်းလဲစီးနင်း လိုက်ပါလာရခြင်းပါ။ ရေကျချိန်နဲ့ ကြုံတာမို့ ခရီးတစ်ဝက်မှာ ကျမတို့ စီးနင်းလိုက်ပါလာတဲ့ သင်္ဘောကြီး သောင်တင်သွားတာကြောင့် ရေလယ်ခေါင်မှာ ရေတက်သည်အထိ တစ်ညတာ ကျောက်ချလို့ နေခဲ့ရပြန်တယ်။ နောက်တစ်နေ့မိုးသောက်ချိန် ခရီးဆက်နိုင်ခဲ့ပြီး နေ၀င်ရီသရောမှာ ပုသိမ်မြို့ကြီးကို ဆိုက်ကပ်လို့လာပါတယ်။ နေရာသစ်ကို ရောက်ရှိလာတဲ့အတွက် စူးစမ်းလေ့လာစရာတွေကလဲ ဒုနဲ့ဒေး။
ကျောက်စာ ကျမ်းဂန်များအရတော့ ‘မွန်တိ မွန်စ မွန်ည ဟူသော မွန်သုံးရပ်တို့ အချင်းချင်း အညမည ပေါင်းစပ်သောအားဖြင့် တိုင်းဖွဲ့အပ်သော ရာမညတိုင်းဟု နာမပညတ် သမုတ်ခြင်း’ လို့ဆိုထားပါတယ်။ ပုသိမ်မြို့ကို အမည်အမျိုးမျိုး သတ်မှတ်ကြပုံနဲ့ တစ်ဖန် ပုသိမ်မြို့ကို နိဗ္ဗာန်ကူးဆိပ်လို့ အမှတ်ပြုကြပုံ အစရှိတာတွေနဲ့ ပတ်သက်ပြီး ကိုနိုင်ဇော်ရဲ့ ‘ပုသိမ်မြို့အကြောင်း’ကနေ လေ့လာတွေ့ရှိခဲ့ပြန်ပါတယ်။ ဒီမြို့မှာလဲ အချိန်ဘယ်လောက်ကြာကြာနေပြီး နောက်တစ်နေရာကို ပြောင်းရအုံးမလဲဆိုတဲ့ အတွေးနဲ့ မေမေက ပစ္စည်းတွေကို လိုအပ်တာလောက်သာ ထုတ်ဘို့ အားလုံးကိုပြောထားပါတယ်။ အသုံးလိုတဲ့ ပစ္စည်းတွေကို ထုတ်သုံးလိုက်ရတာ လွယ်ကူသလောက် စနစ်တကျ ပြန်သိမ်းဆည်းတဲ့အခါမှာ ခက်ခဲကြံ့ကြာတာကို မကြာခဏကြုံတွေ့နေကျမို့ ကျမကိုယ်တိုင် ဦးစီးပြီး လိုအပ်သလောက်ပဲ ထုတ်ပေးခြင်းကို ပြုလုပ်ခဲ့ပါတယ်။ ရောက်ခါစမှာ ရုံးသမားလဲ ရုံး ကျောင်းသမားလဲ ကျောင်းနဲ့ အားလုံးလိုလို အလုပ်ရှုပ်နေကြပေမယ့် တစ်လလောက်အကြာ အနယ်ထိုင်လာတဲ့အခါ မေမေတစ်ယောက် ပုသိမ်မြို့ရှိ စည်ကားပြီး ဈေးသက်သာတယ်ဆိုတဲ့ သားငါးဈေးကို နေ့စဉ် မမောမပမ်း သွားလေ့ရှိပါတော့တယ်။ ကျောင်းပိတ်ရက်လို နေ့များမှာ ကျမပါလိုက်သွားပြီး မေမေသွားလဲ သွားချင်စရာကောင်းလောက်အောင် ဈေးဝယ်ရတာ ပျော်စရာဆိုတာကို ကျမသတိချပ်မိတယ်။ ပုဇွန်ထုပ်ကြီးတွေ ကြိုက်သလိုရွေး တစ်ပိဿာကို ၅ကျပ် ၆ကျပ် ပုဇွန်ဆိတ်လေးတွေဆိုရင် ပိဿလုံးကို ၂ကျပ်တဲ့။ ဈေးဝယ်မပျော်ပဲ ဘယ်သူရှိပါ့မလဲလေ သစ်သီးဝလံကလဲ အလျှံပယ်။ အထူးသဖြင့် ငါး ပုဇွန်တို့ လှိုင်လှိုင်ပေါတဲ့ ပုသိမ်မြို့လို ဈေးမျိုး ကျမအတွက် ပထမဆုံးအကြိမ် ရောက်ဖူးခဲ့ခြင်းပါ။
ဂိုဂယ်လ်မှ ကူးယူဖေါ်ပြခြင်းပါ
ပုသိမ်မြို့ရောက်ပြီး သုံးလလောက်အကြာမှာ ဖေဖေက အလုပ်အားလို့ ညနေစောစော ပြန်ရောက်တဲ့ ရက်များမှာ ကျမကို အခြေခံ ကားမောင်း အတတ်ပညာကို သင်ကြားပေးလေ့ရှိပြီး ကားမောင်းသူ တစ်ယောက်ရဲ့ လိုအပ်တဲ့ အရည်အချင်း လမ်းစည်းမျဉ်း စည်းကမ်းကအစ ကားတစ်စီးကို မောင်းတော့မယ်ဆိုရင် ကားကို အရင်ဆုံး စစ်ဆေးရမည့် အချက်အလက် ဆီပျောက် မီးပျောက် ကိုင်တွယ်ပုံ အဆုံး သင်ပေးပါတယ်။ စနစ်ကြီးတဲ့ ဖေဖေက ကျမတို့ မောင်နှမတစ်တွေ ကားမောင်းလိုင်စင် အလွယ်တကူ ရတာကို မလိုလားပဲ ဥပမာ တစ်ခုအနေနဲ့ ကားကို ပတ်ကင်ထိုးပြီဆိုရင် နောက်ကြည့် မှန်များကနေသာ ကြည့်ပြီး ကားကို နောက်ဆုတ်စေပြီး ပါကင်ထိုးစေပါတယ်။ ခေါင်းကို နောက်လှည့်ပြီး လည်ပြန်ကြည့်တာမျိုးကို လုံးဝလက်မခံတဲ့ ဖေဖေပါ။ စနစ်တကျ နာယူစေခဲ့တဲ့ ဖေဖေ့ရဲ့ သင်ကြားမှုတွေရဲ့ တန်ဘိုး ကြီးမားပုံတွေဟာ ကျမတို့ မောင်နှမတစ်တွေ အသက် ရလာတာနဲ့အမျှ နားလည် သဘောပေါက် လာကြပါတယ်။ တစ်လလောက် သင်ကြားပေးပြီးတဲ့အခါမှာတော့ ကျမအတော်လေး ကားမောင်းတတ်နေပါပြီ။ အစ်ကိုလဲ တောင်ကြီး တက္ကသိုလ်ကနေ ပုသိမ်တက္ကသိုလ်ကို ရွှေ့ပြောင်းဘို့အတွက် ရောက်လာချိန်ဖြစ်တာကြောင့် ဖေဖေ့ကိုယ်စား အစ်ကိုက ကျမ အစမ်းမောင်းလေရာ နေရာတိုင်းကို အဖေါ်အဖြစ် လိုက်ပါခဲ့ပါတယ်။
ရာသီဥတု အပြောင်းအလဲကြောင့်ထင်ပါရဲ့ နွေရာသီအ၀င်မှာ ကျမရဲ့မောင်လေး နို့ညှာအပြင်းဖျားပြီး တစ်အိမ်လုံး စိုးရိမ်ပူပန်ရတဲ့ အခြေအနေပါ။ အလားတူ ကျိုင်းတုံမြို့မှာ နေခဲ့စဉ်ကလဲ ဖြစ်ခဲ့ဘူးတာမို့ အိမ်ရှိလူအားလုံး မောင်လေးအတွက် သက်ပြင်းတချချနဲ့ ဆုတောင်းပေးနေကြရခြင်းပါ။ ကျိုင်းတုံမြို့မှာ အသည်းအသန် ဖြစ်စဉ်တုန်းကတော့ ရန်ကုန်မြို့ကို အရေးပေါ်လေယာဉ်နဲ့ ပို့ဆောင်ပြီး မင်္ဂလာဒုံ စစ်ဆေးရုံကြီးမှာ နေ့ ညမပြတ် ကြပ်မတ်ကုသရင်း တစ်လအကြာမှာ ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ နို့ညှာနေမကောင်းဖြစ်ပြီဆိုရင် သူများနဲ့မတူပဲ အသက်ရှူကြပ်ပြီး တက်တက်နေတတ်သလို ကိုယ်အပူချိန်က ပြဒါးတိုင်ဆုံးခါနီးလောက်ထိ ပူတာမို့ အားလုံး ထိတ်လန့်နေကြရတယ်။ အဲ့ဒီအချိန်က အိမ်မှာ မွေးထားတဲ့ အိမ်စောင့် ခွေးကြီးနှစ်ကောင်ရှိပြီး မောင်လေးအသည်းအသန်ဖြစ်တဲ့ညမှာပဲ နှစ်ကောင်ထဲက ရန်လုံကြီး အလိုလိုနေရင်း သေသွားတာကို မြင်ရပါတယ်။ တိုက်ဆိုင်တယ်လို့ ဆိုရမလားမသိ။ နောက်တစ်နေ့ မောင်လေးပြန်နေကောင်းလာတာကို တွေ့ရပြန်တယ်။ လူကြီးတွေ ဆိုစကားအရ ခွေးတွေက သခင်အတွက် သေပေးတတ်ကြပေမယ့် ကြောင်တွေကတော့ အိမ်မှာ လူမမာရှိပြီဆိုတာနဲ့ အိမ်ကနေ ထွက်ပြေးတတ်ကြတယ်လို့ ပြောကြတဲ့အတိုင်း မောင်လေး အတော်လေး နေမကောင်းဖြစ်နေချိန်မှာ အိမ်မှာရှိတဲ့ ကြောင်မကြီးလဲ အမှန်တကယ်ကို ပျောက်သွားခဲ့တယ်။ ပုသိမ်မြို့မှာ ကျမတပ်တွင်းကျောင်း နေခဲ့ရပြီး ကျိုင်းတုံမှာ မပြီးဆုံးခဲ့တဲ့ အဌမတန်း တစ်ဝက်တစ်ပျက်ကို အဆုံးသတ်ခဲ့ပါတယ်။ ပုသိမ်ရောက်ပြီး တစ်နှစ်အကြာမှာ မေမေမှန်းထားတဲ့အတိုင်း နောက်တစ်နေရာကို ပြောင်းရွှေ့ဘို့ သတင်းရောက်လာပါတော့တယ်။ ဒီတစ်ခေါက် ဖေဖေပြောင်းရမည့် နေရာက စိတ်ကူးထဲတောင် ပုံဖေါ်လို့မရအောင် ထူးခြားနေတယ်။ ရေခြားမြေခြား မိုင်းပေါင်းများစွာ ဝေးကွာတဲ့ ဂျပန်နိုင်ငံကို စစ်သံမှူးအဖြစ်သွားရောက် တာဝန်ထမ်းဆောင်ဘို့ ဖြစ်ပါတယ်။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz