x

20.8.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၁၉


ဂျပန်နိုင်ငံ တိုကျိုမြို့ကို ဖေဖေက စစ်သံမှူးအနေနဲ့ သွားရောက် တာဝန်ထမ်းဆောင်ရတော့မည့် သတင်းဟာ ဆွေမျိုး မိတ်ဆွေ အသိုင်းအ၀န်းတွေအထိ သတင်းပျံ့နှံ့သွားသလို နေ့စဉ်ရက်ဆက် ကျမတို့အိမ်လဲ ဧည့်သည်မပြတ်လောက်အောင် စည်ကားနေပါတော့တယ်။ ဖေဖေကတော့ တရားသဘောနဲ့ အဲ့ဒီအချိန်က ပြောခဲ့ဘူးပါတယ်။ ဖေဖေပင်စင်သွားရင် လာနေကျ ဧည့်သည်တောင် လာတော့မှာမဟုတ်ဘူး ဒီလိုဖြစ်ရပ်ဟာ သဘာဝတရားတွေမို့ နားလည်ထားရမယ်တဲ့။ ဂျပန်မသွားခင် မိသားစုရန်ကုန်မှာ တစ်လနေရပြီး စီစဉ်ဆောင်ရွက်စရာ ရှိတာလေးတွေကို ဖေဖေက အပြီးသတ် စီစဉ်ဆောင်ရွက်ရပါတယ်။ ပုသိမ်တက္ကသိုလ်မှာ ပညာသင်နေတဲ့ အစ်ကိုကြီးလဲ စစ်တက္ကသိုလ် ၀င်ရောက်ဖြေဆိုတာ အောင်မြင်သွားတဲ့အတွက် မေမြို့စစ်တက္ကသိုလ် အပတ်စဉ် (၁၅)ကို တက်ရောက်ဘို့ ရန်ကုန်ကနေ ထွက်ခွာသွားပါပြီ။ ဖေဖေ့ရဲ့ နောက်ဆုံးအတည်ပြုချက်က ကျမတစ်ယောက်သာ န၀မတန်းပညာသင်နှစ်ကို ရန်ကုန်မြို့ ဒဂုံ(၃)မှာ ဆက်လက်တက်ရောက် သင်ကြား ကျန်ရစ်ရန်နဲ့ နွေရာသီ ကျောင်းပိတ်ရက် ရောက်လာမှသာ ဂျပန်နိုင်ငံကို အလည်သဘော လိုက်ခဲ့ဘို့ကို ဆုံးဖြတ်ခဲ့ပါတယ်။ ကျန် မောင်နှမ ၆ယောက်က ဖေဖေတို့နဲ့ တစ်ပါတည်း ပါသွားကြမှာမို့ ကြားကြားခြင်းတော့ ၀မ်းနည်းသလို စိတ်မကောင်းဖြစ်မိပေမယ့် ဖြစ်ချင်တာထက် ဖြစ်သင့်တာကို အဆုံးအဖြတ်ပေးခဲ့တဲ့ ဖေဖေ့ရဲ့ စကားကို အလေးအနက်ထားရင်း ဖေဖေ့ရဲ့ ညီမအကြီးဆုံး အဒေါ်ရဲ့ အိမ်မှာ နေဘို့စီစဉ်ပေးခဲ့ပါတယ်။ မန္တလေးမှာ အတူတကွ နေထိုင်ဘူးခဲ့တဲ့ ဖွားဖွား ဦးလေး အဒေါ်တွေနဲ့ တစ်ကျော့ ပြန်နေရမှာဆိုတော့လဲ စိတ်မကောင်းဖြစ်တာတွေ ပျောက်ကွယ်သွားပြီး ၀မ်းသာ ကြည်နူး ပျော်ရွှင်လာပါတော့တယ်။
အဒေါ်ကြည်က န၀မတန်းအတန်းပိုင်ဆိုတော့ တူမတော်ကြောင့် မျက်နှာ မပျက်ရလေအောင် စာညံ့တဲ့ကျမအဘို့ ဘာသာစုံအောင်ဘို့ အတော်လေး ပင်ပန်းခက်ခဲစွာ ကြိုးစားရပါတယ်။ ပညာသင်နှစ်တိုင်းလိုလို အတည်တကျမရှိပဲ နယ်ပေါင်းစုံကို လှည့်လည်ပြီး ကျောင်းပေါင်းစုံ ပြောင်းခဲ့ရတဲ့ ရလာဒ်ကတော့ အသေအကြေ ကြိုးစားတဲ့တိုင် မကျရုံတမယ်ပါ။ သူ့ထက်ငါနိုင် အပြိုင် စာကြိုးစားကြတဲ့ ကျောင်းသူတွေကြားမှာ လူပမ်းစိတ်ပမ်းနဲ့ ကျမဘ၀မလှခဲ့ပါဘူး။ ကျမရဲ့ အခြေအနေကို တစ်ချိန်လုံး အကဲခတ်နေတဲ့ အဒေါ်ဟာ ကျမအားနည်းတဲ့ ဘာသာရပ်တွေကို အဒေါ်ရဲ့ မိတ်ဆွေသူငယ်ချင်း အတန်းထဲမှာ သင်ကြားပေးနေတဲ့ ဘာသာရပ်ဆိုင်ရာ ဆရာမတွေဆီမှာပဲ အပ်နှံပြီး အချိန်လွတ်တွေမှာ သင်ကြားစေခဲ့ပါတယ်။ ကျမတို့ ပညာသင်ချိန် ကာလက ကျူရှင်ယူတာကို တစ်ခြားသူသိမှာ အမှန်တကယ် စိုးရိမ်ကြပါတယ်။ အကြောင်းက စာညံ့သူများသာ ကျူရှင်ယူလေ့ရှိတာမို့ပါ။ တကယ်တော့ ဘာသာရပ်ဆိုင်ရာ သင်ကြားပေးနေတဲ့ ဆရာမတွေ အားလုံး တော်ကြပါတယ်။ သင်္ခန်းစာရပ်တိုင်းကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်သာအောင် စိတ်ရှည်စွာနဲ့ သင်ကြားပေးလေ့ ရှိကြပါတယ်။ တပည့်တွေအပေါ် စေတနာထားပြီး ဘက်လိုက်ခြင်းကင်းတဲ့ ဆရာမတွေမို့ စာသင်ကျောင်းသူတိုင်းရဲ့ လေးစားခြင်းကို ခံခဲ့ကြရပါတယ်။ မိဘနဲ့ဝေးနေတဲ့ ကျမကို သမီးတစ်ယောက်လို အစစအရာရာ ဂရုတစိုက် စောင့်ရှောက်ပေးတဲ့ ကျေးဇူးရှင် အဒေါ်၊ စာညံ့တဲ့ ကျမကို ဆူလိုက်ချော့လိုက် သင်ပေးရင်း တစ်နေ့တစ်နေ့ အိမ်စာတွေ တစ်လှေကြီး ပေးခဲ့တဲ့ ရူပဗေဒဘာသာရပ်နဲ့ ဓါတုဗေဒ ဘာသာရပ်သင်ပေးတဲ့ ဆရာမ ဒေါ်ကေသီဖေ ဇီဝဗေဒဘာသာရပ် ဆရာမ ဒေါ်လှသိန်းနုနဲ့ သင်္ချာဘာသာရပ် ဆရာမ ဒေါ်တင့်တင့်ကြည်တို့ကို ယနေ့တိုင် သတိတရ နေ့စဉ်ကန်တော့မြဲပါ။ အတန်းတင်စာမေးပွဲကြီး ဖြေဆိုပြီးသွားပြီမို့ ကျမလဲ မိသားစုရှိရာ ဂျပန်နိုင်ငံကို အလည်လိုက်သွားရမှာကြောင့် ဖေဖေ့ရဲ့ ခေါ်စာကို စောင့်မျှော်ရင်း အိပ်မပျော် စားမ၀င်လောက်အောင် ပျော်နေမိတယ်။

ရှမ်းပြည်တစ်ခွင် နေစဉ်ခါက စီးဘူးခဲ့တဲ့ ဖော့ကာ ဒကိုတာ လေယာဉ်တွေနဲ့ ခြားနားပြီး ကြီးမားတဲ့ လေယာဉ်ကြီးဖြစ်တဲ့ ဘိုးရိန်း 747 နဲ့ ဂျပန်နိုင်ငံကို သွားရမည့်ရက်ကို ရောက်လာချိန်မှာတော့ အပျော်လေးတွေအပေါ်မှာ စိုးရိမ် ကြောက်ရွံ့မှုလေးတွေ တဒင်္ဂ ဖုံးလွှမ်းခဲ့ပါတယ်။ အကြောင်းရင်းက အဖေါ်တစ်ယောက် တစ်လေမှ မပါပဲ ကျမတစ်ယောက်တည်း သွားရမည့် ပြည်ပခရီးစဉ်ဖြစ်နေလို့ပါ။ မေးပါများစကားရ ဆိုရအောင် မေးဘို့အတွက် အင်္ဂလိပ်စကားက မတတ်။ ခရီးဆုံးရင် ရွာရောက်မယ် ဆိုပေမယ့် သွားရမည့်ခရီးက ဘယ်ဆီမသိ။ ဟောင်ကောင်မှာ ထရန်စစ်က လုပ်အုံးမယ်တဲ့။ အဲ့ဒီအချိန်ကာလ ထရန်စစ်ဆိုတာတောင် တိတိပပ နားမလည်ခဲ့။ လေယာဉ်ပေါ်ရောက်တော့ ကျမက အစွန်ဆုံး ပြူတင်းပေါက်နားက ထိုင်ခုံမှာ ထိုင်ရပြီး ကျမရဲ့ ဘေးမှာ အနောက်နိုင်ငံကလို့ ထင်ရတဲ့ အရပ်မြင့်မြင့် အသက်ကြီးကြီး နိုင်ငံခြားသား တစ်ယောက်ထိုင်ပါတယ်။ အဲ့ဒီအချိန်အခါက ဟောင်ကောင်ရဲ့ လေယာဉ်ကွင်းဟာ ရေပတ်လည်ဝိုင်းတဲ့ နေရာမျိုးမှာ ဆောက်လုပ်ထားတဲ့ အတွက် မြေပြင်ကို လေယာဉ်ဆင်းတဲ့အခါ ရေထဲကိုထိုးဆင်းသလို သဲထိတ်ရင်ဖိုရယ်။ ဟောင်ကောင် လေဆိပ်ကို ဆိုက်ရောက်ပြီးတဲ့အခါ လေယာဉ်ပေါ်ရှိ ခရီးသည်အားလုံး ဆင်းကြရပါတယ်။ ခရီးသည်တွေရဲ့ အရိပ်အခြေကို ကြည့်ပြီး ကျမလဲနောက်ကလိုက်သွားကာ သူတို့ထိုင်တဲ့ နေရာမှာ လိုက်ထိုင်ရင်း အချိန်ကို ကုန်လွန်စေပါတယ်။ နှစ်နာရီအကြာလောက်မှာ ဂျပန်နိုင်ငံကို ဆက်ထွက်ဘို့ အတွက် ကြေငြာပြီး လူခေါ်တာကို ကျမလဲ အမှတ်တမဲ့ ဖြစ်သွားခဲ့တယ်။ ပါစင်ဂျာ ထင်ထင်ထိန်းဆိုတာကို ကြားနေပေမယ့် ကိုယ့်ကိုခေါ်မှန်းမသိသလို ခရီးသည်ပျောက်ရှာမှန်းလဲ မသိခဲ့ပါ။ ခဏကြာတော့ လေယာဉ်ဝန်ထမ်းလို့ ထင်ရတဲ့ လူ သုံးယောက် ကျမအနားကို ရောက်လာပြီး ဘာသာကွဲ စကားတွေနဲ့ ကျမကို မေးတယ်။ ကျမလဲ ဘာမေးမှန်းမသိတော့ ကိုယ်သိတဲ့ ‘အိုင် ဒုန်းနိုး’ တစ်လုံးပဲ သူတို့ကို ပြန်ဖြေခဲ့တာကြောင့် ခေါင်းကုပ်ပြီး ပတ်စ်ပို့စ်လို့ ပြောကြတယ်။ ဒီတော့မှ ကျမရဲ့ ပတ်စ်ပို့စ် စာအုပ်ကို မေးတာရယ်လို့ သဘောပေါက်ပြီး ထုတ်ပြလိုက်ချိန်မှာ ကျမကို မပြေးရုံတမယ် သုံးယောက်သား ဆွဲခေါ်သွားကြပြီး ကျမစီးရမည့် လေယာဉ်ပေါ်ကို တင်ပေးလိုက်ပါတယ်။ အဖြစ်ကတော့ အဲ့ဒီလို အတော်လေးဆိုးခဲ့ပါတယ်။
လေယာဉ်ပေါ်ရောက်တော့ လူစုံနေပြီး အားလုံးလိုလို နောက်ကျတဲ့ ကျမကို ၀ိုင်းကြည့်နေကြတယ်။ ကျမလဲ အားနာနာနဲ့ ကုတ်ကုတ်လေး ကိုယ့်နေရာကိုယ် ပြန်ထိုင်လိုက်ပါတယ်။ ကျမဘေးမှာထိုင်တဲ့ နိုင်ငံခြားသားကြီးက ကျမကို ကျမနားမလည်တဲ့ မေးခွန်းတွေ မေးနေပေမယ့် ကျမက ‘အိုင် ဒုန်းနိုး’နဲ့သာ အဆုံးသတ်ခဲ့ပါတယ်။ ကျမရဲ့အခြေအနေကို သဘောပေါက်သွားတဲ့ အဲ့ဒီလူက တစ်လုံးချင်းမေးပါတယ်။ ကျမ ဂျပန်ကို ဘာသွားလုပ်မှာလဲ။ ဘယ်သူရှိလဲ အစရှိတာလေးတွေကို တစ်လုံးချင်းမေးတော့ ကျမနားလည် သဘောပေါက်ပေမယ့် လိုက်လျောညီထွေတဲ့ အဖြေကို မဖြေတတ်ခဲ့ပြန်။ လေယာဉ်မယ်လေးတွေ လာရောက်ချပေးတဲ့ အစားအသောက်များကိုလဲ အစကအဆုံးအထိ နိုင်ငံခြားသားကြီး စားတဲ့အတိုင်း ဇွန်း ခရင်း ဒါးတွေနဲ့ ကိုင်တွယ် စားသောက်ခဲ့တယ်။ ခေါင်းထဲမှာ တစ်ခုတွေးမိတာတော့ ဒီတစ်ခေါက် မေမေနဲ့တွေ့ရင် အင်္ဂလိပ်လိုပဲ ပြောတော့မယ်လို့။ အချိန်ကြာကြာ စီးခဲ့ရတဲ့ လေယာဉ်ကြီး ဂျပန်နိုင်ငံကို ဆိုက်ရောက်လာချိန်မှာတော့ ဖေဖေလာကြိုမှာမို့ အားတက်နေမိတယ်။ ခရီးသည်တွေနောက်ကနေ တောက်လျှောက်လိုက်သွားပြီး အုပ်စုအများစု ၀င်တဲ့တံခါးပေါက်တွေကနေ ၀င်လိုက်သွားရင်း နောက်ဆုံးအခြေအနေမှာ တံခါးခြောက်ပေါက် ရှိပြီး ခရီးသည်တွေက မျှမျှတတ အလျှိုလျှိုဝင်သွားတဲ့အခါ ကျမဘယ်တံခါးပေါက်ကို ဆက်လိုက်ရမှန်း မသိတော့ပဲ အနားမှာရှိတဲ့ ခုံရှည်ပေါ်မှာ ထိုင်နေမိတယ်။ အချိန်တန်ရင် ဖေဖေရောက်လာမှာပဲလို့ ကိုယ့်စိတ်ကို အားပေးရင်း ဆက်ထိုင်နေမိတယ်။ လေယာဉ်ကွင်း လုံခြုံရေးတွေ တစ်ယောက်ပြီး တစ်ယောက် ဘာအကူအညီပေးရမလဲ လာမေးကြပေမယ့် နိုးသိုင်းစ်လို့သာ ဖြေရင်း ဟိုမျှော် ဒီမျှော် မျှော်ရင်း ဆက်စောင့်နေပါတယ်။ လေယာဉ်တွေကတော့ စဉ်ဆက်မပြတ် ဆိုက်နေတာမို့ ခရီးသည်တွေလဲ မပြတ်တန်း ထွက်နေကြတာကို ကြည့်ရင်း အချိန်ကြာလာတော့ စိုးရိမ်လာပြန်တယ်။ အဲ့ဒီအချိန်မှာပဲ လူနှစ်ယောက် အပြေးအလွှားလေး ရောက်လာပြီး ‘သမီးဖေဖေ လေယာဉ်ကွင်းမှာ ကြိုဘို့ အိမ်ကနေ အစောကြီး ထွက်လာတာ လမ်းမှာ ယာဉ်တိုက်မှုတစ်ခုကြုံနေတော့ ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်နေတာနဲ့ ဦးတို့ကို ဖုန်းလှမ်းဆက်ပြီး ကြိုခိုင်းလိုက်တာ အိမ်ကိုပြန်နှင့်လို့ မှာလိုက်တယ် အိမ်မှာပဲ တွေ့ကြမယ်တဲ့’ လို့ဆိုပြီး ဖေဖေနေထိုင်ရာ နီတိုက်တိုက်ရပ်ကွက်ကို လိုက်ပို့ပေးပါတယ်။
ကျမခြံထဲဝင်လာချိန်မှာပဲ ဖေဖေ့ကားလဲ နောက်ကနေ၀င်လာပါတယ်။ ဆင်ဝင်အောက်ကို ကားရပ်လိုက်တဲ့အခါ တစ်နှစ်လောက် ဝေးကွာနေတဲ့ မောင်နှမတွေအားလုံး ကျမဆီကို ပြေးလာပြီး ဖက်လဲတကင်း နှုတ်ဆက်ကြပါတယ်။ အငယ်လေးတွေက ခုန်ပေါက်ပြီး ပျော်နေကြသလို ရောက်မဆိုက် မေမေက ဂျပန်အိုင်စကရင်ဆိုပြီး ကျမကို လာကျွေးပါတယ်။ မြန်မာပြည်မှာ တွေ့ဘူးတဲ့ အိုင်စကရင်ထက် အဆပေါင်းများစွာ ကြီးတဲ့အိုင်စကရင်ကြီးကို ကျမလဲစားရင်း ဖေဖေ မေမေတို့ မေးတာတွေကို ဖြေရင်းနဲ့ ညဥ့်အတော် နက်သွားမှ အိပ်ယာဝင်ကြပါတယ်။ ကုတင်ပေါ်ရောက်ပြီး ပိုးစောင်လေးကို ယူခြုံလိုက်တဲ့အခါ မီးစလေးတွေကို မြင်ရပြီး ဓာတ်လိုက်သလို တဖြတ်ဖြတ်အသံနဲ့ အတူ ခံစားမှုလေးကို ခံစားလိုက်ရပါတယ်။ အနွေးဓာတ်နဲ့ အအေးဓာတ် ဆုံတဲ့အခါ ဖြစ်လေ့ဖြစ်ထ ရှိတတ်တာမို့ ရှမ်းပြည်မှာ နေစဉ်ကာလက မကြာခဏကြုံတွေ့ဘူးတဲ့ ခံစားချက်မျိုးမို့ မဆန်းတော့ပါ။ မနက်အိပ်ယာနိုးတော့ ရေမိုးချိုးပြီး အောက်ထပ်ကိုဆင်းလာတော့ ‘အိုဟိုင်းရော ဂိုဇိုင်းမတ်စ်’ လို့ အဖွားအိုတစ်ယောက်နဲ့ အဖိုးအိုတစ်ယောက်က ခါးလေးတွေ ညွတ်ပြီး ကျမကို နှုတ်ဆက်ပါတယ်။ ကျမလဲ ခါးလေးကို ညွတ်ပြီး သူတို့ပြောသလို ပြန်ပြောလိုက်ပါတယ်။ မေမေက ဒီအဖိုးကို ‘အိုကြီးစံ’လို့ ခေါ်ပြီး အဖွားကိုတော့ ‘အိုကားစံ’လို့ ခေါ်နော်လို့ သင်ပေးပါတယ်။ အိမ်ရဲ့အနေအထားကို ညီမလေးရဲ့ ဦးဆောင်မှုနဲ့ လှည့်ပတ်ကြည့်တဲ့အခါ မြေအောက်အထပ် အပါအ၀င် စုစုပေါင်း လေးထပ်ဖြစ်ပြီး အတော်လေးကြီးပါတယ်။ မြေအောက်ထပ်မှာ လျှော်ဖွပ်ထားတဲ့ အ၀တ်အစားများကို စနစ်တကျလေး လှန်းထားပြီး ရေနွေးစက် ရေအေးစက်နဲ့ တစ်ခြား စက်တွေကို အခန်းလေးတွေ ခွဲပြီး စနစ်တကျထားတဲ့အပြင် စတိုခန်းလေးတွေကိုလဲ တွေ့ရပါတယ်။ မြေညီထပ်မှာတော့ ဧည့်ခန်းကျယ် တစ်ခု၊ ဆက်ရက် စာဖတ်ခန်းနဲ့ ထမင်းစားခန်း မီးဖိုခန်းတို့ရှိပြီး လှေခါးအောက်က စတိုးခန်းမှာတော့ မြန်မာပြည်က သယ်လာသမျှ စားစရာတွေ သိုလှောင်ထားပါတယ်။ ပထမထပ်မှာ ဧည့်သည်တွေ အတွက် သီးသန့်စီစဉ်ထားတဲ့ ထမင်းစားခန်းကျယ် တစ်ခုရှိပြီး ဧည့်သည်တည်းခိုဘို့ ရေအိမ်နဲ့တွဲလျက် အိပ်ခန်း နှစ်ခန်းရှိပါတယ်။ ကျမတို့ မိသားစုက ဒုတိယထပ်မှာ နေကြပြီး အိပ်ခန်း လေးခုရှိကာ အခန်းတိုင်း ရေအိမ်တွဲလျက်ပါပါတယ်။ တီဗွီကိုတော့ အထပ်တိုင်းမှာ တပ်ဆင်ထားပေးပြီး မိသားစုကတော့ အပေါ်ထပ်က တီဗွီခန်းမှာပဲ အကြည့်များပါတယ်။ ကျမရောက်ပြီး တစ်ပတ်အကြာမှာ စစ်တက္ကသိုလ်တက်နေတဲ့ အစ်ကိုကြီးလဲ ခွင့် (၁၀)ရက်ရလို့ ကျမတို့ဆီကို အလည်ရောက်လာပါတယ်။ မိသားစုအားလုံး စုံစုံလင်လင်ရှိသွားတဲ့အခါ ဖေဖေက ဖူဂျီရာမတောင်တက်ဘို့ အပျော်ခရီး စီစဉ်ပေးပါတယ်။ ခရီးမထွက်ခင်လေး အမှတ်တရ ဓာတ်ပုံလေးတွေ အိမ်မှာရိုက်ဖြစ်တယ်။
 ဖေဖေဦးကြည်သိန်းနဲ့ မေမေဒေါ်မာဂရက်
 သူရသိန်း
 အမြဲနေမကောင်းတဲ့ သူငယ်ချင်းမာလာနဲ့ ကျမ အန်တီတင့် 
ညီမ မြမြသိန်း(လှလှသိန်း) 
မောင်ငယ် ထွန်းဝင်းသိန်း (တူတူး)
 မောင်လေး မြတ်ကျော်သိန်း (Kevin)
 ညီမလေး ချိုချိုသိန်း (Rose)
 မောင်လေး တင်ကျော်သိန်း (ဟတ်စကီး)
ညီမအငယ်ဆုံး လဲ့လဲ့သိန်း (Natalie) 
 သမီးကြီးနှစ်ယောက်နဲ့ မေမေ
 ညီအစ်ကိုသုံးယောက်
အငယ်ဆုံးနှစ်ယောက်
ဆုံခဲပေခြင်း မောင်နှမ ၈-ယောက်
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz