x

24.8.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၂၀


ကျမတို့ မိသားစု ဖူဂျီရာမ(ဖူဂျီတောင်)ကို အလည်သွားစဉ်က ဖေဖေကပြောတယ် အခုလို ပွင့်လင်းရာသီမှာသာ အလည်အပတ် သွားလို့ရပြီး ကျန်တဲ့ အချိန်တွေမှာ ဆီးနှင်းတွေ ဖုံးလွှမ်းနေတာမို့ တောင်တက်လမ်းတွေကို လုံခြုံရေးအရ ပိတ်ထားတဲ့အကြောင်း ရှင်းပြပါတယ်။ တောင်ကြော တစ်လျှောက် တိမ်တွေထဲ ထိုးဖောက်သွားရတဲ့အခါ ဖေဖေ ရှမ်းပြည်မှာ နေခဲ့စဉ်အခါက လွယ်မြွေတောင်ပေါ် တက်ခဲ့တဲ့အချိန်က အခုလိုပဲ တိမ်တွေကြားကနေ ထိုးဖောက်ပြီး တက်ရတဲ့ အကြောင်းလေးကို ပြန်သတိရမိတယ်။ ပေတစ်သောင်း နှစ်ထောင်ကျော်မြင့်တဲ့ ဖူဂျီတောင်ဟာ ဂျပန်လူမျိုးတွေအတွက် ယဉ်ကျေးမှုနဲ့ ဘာသာရေးအရပါ တန်ဖိုးထားရတဲ့နေရာလို့ ဆိုရင်မမှားပါဘူး။ ဂျပန်နိုင်ငံသားများအပြင် နိုင်ငံခြားသားခရီးသွားများ အကြားမှာ ထင်ရှားကျော်ကြားလျှက် ရှိတာနဲ့အမျှ ကျမတို့နားနေတဲ့ နေရာလေးမှာလဲ အလည်အပတ်လာသူများ ကိုယ့်အုပ်စုနဲ့ကိုယ် အုပ်စုဖွဲ့ပြီး နေရာအနှံ့ မြင်တွေ့ရပါတယ်။ ကျမအလည်အပတ် သွားစဉ် အချိန်ကာလက ဖူဂျီတောင်ခြေမှာ လက်ရှိ နာမည်ကြီးတဲ့ Fuji-Q High Land ကစားကွင်းဆိုတာ မရှိသေးတာကြောင့် တောတောင်ရိပ်တွေ များပြားလွန်းလှပါတယ်။ စကီးစီးသူ စကိတ်စီးသူတွေကြည့်ပြီး လိုက်စီးချင်စိတ် ပေါ်လာတာကြောင့် ဖေဖေက မောင်နှမတွေကို အိုင့်စ်စကိတ်စီးစေတယ်။ အတွေ့အကြုံရှိပြီးသား အငယ်တွေ စီးတာကို မြင်တော့ လွယ်မယောင်နဲ့ ပထမဦးဆုံး အကြိမ်စီးတဲ့ ကျမအတွက်တော့ လက်တွေ့မှာ မလွယ်ပါဘူး တစ်ဘိုင်းဘိုင်း လဲနေတာကြောင့် ၁၅မိနစ်လောက်အကြာမှာ ကျမလက်လျှော့ခဲ့မိတယ်။ ဖူဂျီတောင်ကနေ အပြန်မှာ ကျမတို့ကို ဘောရိန်းဝင်ကစားစေပြန်တယ်။ အလေ့အကျင့် မရှိတဲ့ ကျမအဘို့တော့ ဘော်လုံးနဲ့ တစ်ပါတည်း ပါမသွားတာပဲ ကံကောင်း။ ကျမတို့မိသားစု မိုးချုပ်မှ အိမ်ကို ပြန်ရောက်ကြပြီး အိုဂျီးစံနဲ့ အိုကားစံတို့က ခရီးဦးကြိုပြုကြပါတယ်။ မိသားစုညစာကို ရေနွေးမှာ ထည့်ပြုတ်ပြီး အသင့်စားလို့ရတဲ့ ဟင်းထုတ် အိုနဲစံဘွန်းကာရီနဲ့ စားကြပြီး ညပိုင်းမှာ သစ်သီးစားရင်း တီဗွီခန်းမှာ မောင်နှမတွေ စကားတွေ ဖောင်ဖွဲ့ကြတယ်။ အငယ်ဆုံးနှစ်ယောက် ကြည့်လေ့ ကြည့်ထရှိတဲ့ ဂေါ်ဇီလာနဲ့ကင်းကောင် ကာတွန်းကားကို ကြည့်ကြရင်း ညဥ့်နက်မှ အိပ်ယာကို ၀င်ခဲ့ကြတယ်။

 ဖူဂျီတောင် (ဂိုဂယ်လ်ကကူးယူ) 
 ဖိနပ်အောက်မှာ ဒါးပြားလေးလိုရှိတော့ ရပ်ဘို့တောင်ခက်
ဘောလုံးနဲ့ပစ်ရင် အကုန်လဲဘို့နေနေသာ လူပါမသွားအောင်ထိန်းရ

အားလပ်ရက် (၁၀)ရက်သာရတဲ့ အစ်ကိုကြီးလဲ တစ်ပတ်ပြည့်တော့ မြန်မာပြည်ကို ပြန်သွားရပါတယ်။ လေယာဉ်ကွင်းကို ဖေဖေနဲ့ ရုံးအဖွဲ့တစ်ယောက် လိုက်ပို့ပေးခဲ့ပြီး အိမ်ပြန်ရောက်တော့ ဖေဖေက သုံးရက်လောက် နေပြီးရင် အိုဆာကာမြို့မှာ ကျင်းပနေတဲ့ Expo ’70 နိုင်ငံတကာ ကုန်စည်ပြပွဲကို သွားပြမယ်လို့ ပြောပါတယ်။ မေမေကတော့ ဖွင့်ပွဲကျင်းပတာကို သွားရောက် ကြည့်ပြီးပြီမို့ အငယ်တွေနဲ့ အိမ်မှာပဲ နေခဲ့မှာဖြစ်ပြီး ဖေဖေနဲ့ ကျန်မောင်နှမတွေ သွားဖို့ဆုံးဖြတ်ခဲ့တယ်။ တစ်ကြိမ်တစ်ခါမျှ မစီးဘူးသေးတဲ့ ကျည်ဆံခေါင်းအမြန် ရထားကြီးနဲ့ အိုဆာကာကို သွားရမယ်လို့ ဖေဖေက ကြိုပြောထားတာမို့ ကျမတို့ မောင်နှမတွေ အိပ်မပျော်လောက်အောင် ပျော်နေကြတယ်။ သွားမည့်ရက်ကို ရောက်လာတော့ ထူးဆန်းတဲ့ ကျည်ဆံခေါင်း အမြန်ရထားကြီးနဲ့ အိုဆာကာကို သွားရသလို သွားလေရာ မြင်လေရာ အရာရာတိုင်းဟာ ကျမအတွက် အထူးအဆန်းတွေချည်း ဖြစ်နေသလို တအံ့တသြ ငေးမောကြည့်နေမိတယ်။ အိုဆာကာမြို့ကို ရောက်မဆိုက် မြန်မာနိုင်ငံ အဆောက်အဦးဆီကို အရင်ဆုံးခေါ်သွား ပြသလို မြန်မာစာအဖြစ် အထူးစီမံရောင်းချတဲ့ ရွှေတောင် ခေါက်ဆွဲကို ကျွေးခဲ့တာ သတိတရရှိနေဆဲပါ။ အိုဆာကာမှာ တစ်နေ့တစ်နေ့ ခြေတိုအောင် လျှောက်ရသလို တစ်နေရာစီကို အေးအေးဆေးဆေး ကြည့်ရတာမဟုတ်ပဲ အမြန်နှုန်းနဲ့ကြည့်ရင်း သုံးရက်မြောက်တဲ့နေ့မှာ နိုင်ငံစုံရဲ့ အဆောက်အဦးတွေနဲ့ ရောင်းကုန်တွေကို မစုံမလင်ကြည့်ရင်း တိုကျိုကို ပြန်ခဲ့ရပါတယ်။
"bullet train" passing in front of a Buddhist temple ဂိုဂယ်လ်မှကူးယူ

 ဖေဖေနဲ့အတူ ၃-ရက်တာ အိုဆာကာမှာ 
 ဖေဖေရဲ့ အမှတ်တရ
Expo'70 အိုဆာကာမှာ (ဂိုဂယ်လ်မှကူးယူ)
ဂျပန်နိုင်ငံမှာ ကျောင်းစရိတ်က အလွန်ကြီးသလို International school မှာထားတဲ့ မောင်လေးအတွက် ၆-လတစ်ကြိမ် ကျောင်းစရိတ်ရှင်းတိုင်း ဖေဖေ့ရဲ့ လခ တစ်လစာ ပြုတ်တဲ့အကြောင်း မေမေကပြောပါတယ်။ ဒါကြောင့် ကျန်မောင်နှမတွေကို ဈေးသက်သာတဲံ ဂျပန်ကျောင်းမှာပဲ ထားနိုင်ပါတယ်။ ကျမကို ဖေဖေက နွေရာသီ ကျောင်းပိတ်ရက်မှာ အလည်သဘော အဖြစ်သာ ခေါ်တဲ့အတွက် အချိန်တန်လို့ မြန်မာပြည်ကို ပြန်ရတော့မည့် အခါမှာ မျက်နှာမကောင်း ဖြစ်နေတဲ့ကျမကို ဖေဖေက မပြန်ချင်ဘူးလားလို့ မေးတယ်။ ကျမကလဲ တစ်နှစ်လောက်တော့ နေချင်တယ်လို့ ပြောတော့ ဖေဖေက ကျောင်း အပျက်ခံပြီး တစ်နှစ်နေရင် သူငယ်ချင်းတွေထက် တစ်တန်းနောက်ကျမှာ ဖြစ်တဲ့အကြောင်း ရှင်းပြပါတယ်။ အဲ့ဒီနောက်မှာတော့ မထင်မှတ်ပဲ ကျမကို ခွင့်ပြုလိုက်တယ်။ မေမေကလဲ အချိန်တွေ အလဟသ မဖြစ်အောင် နေ့စဉ် ဂျပန်စာအခြေခံနဲ့ ဂျပန်စကားကို အိုဂျီးစံ အိုကားစံတို့ဆီကနေ လေ့လာသင်ယူ ခိုင်းခဲ့ပါတယ်။ ထမင်းစား ရေသောက်လောက် ပြောတတ်လာချိန်မှာ မေမေ့ရဲ့ ခွင့်ပြုချက်ကိုယူပြီး အိမ်နားမှာရှိတဲ့ မိုင်းမတ်ဆိုတဲ့ စတိုးဆိုင်လေးမှာ ပန်းသီးထုပ်တဲ့အလုပ် မုန့်ထုပ်တဲ့အလုပ် အစရှိတဲ့ တစ်ပိုင်တစ်နိုင် အလုပ်လေးတွေကို လုပ်ရင်း အချိန်ကုန်ခံသလို နေ့စားအလုပ်ဖြစ်တဲ့အတွက် တစ်နေ့တစ်ကြိမ် လုပ်ခရှင်းပေးပါတယ်။ ညနေတိုင်း ရတဲ့ယန်းလေးတွေကို အသုံးပြုပြီး ကျောင်းက ပြန်ရောက်လာမည့် အငယ်တွေအတွက် မုန့်ဝယ်သွားလေ့ရှိတယ်။ တနင်္ဂနွေလို ရက်မှာတော့ ပန်းအိုးထိုးတဲ့ နည်းပညာကို မနက်တစ်ပိုင်း သွားသင်ပါတယ်။
ဒီဇင်ဘာလရဲ့ တစ်နေ့မနက်ခင်း အိပ်ယာကနေ နိုးထလာချိန်မှာ ကျမတို့ ညီအစ်မနှစ်ယောက်ရဲ့ အိပ်ခန်းနဲ့ ဆက်ရက်ရှိတဲ့ ၀ရံတာ လက်တန်းပေါ်မှာ တစ်မိုက်ထုလောက်ရှိတဲ့ နှင်းဖြူလွလွလေးတွေ ထူးထူးဆန်းဆန်း မြင်တွေ့လိုက်ရတယ်ဆိုရင်ပဲ ညီမလေးကို လှုပ်နှိုးပြီး ပြလိုက်တယ်။ ညီမကတော့ အိပ်ယာကနေ ငေါက်ကနဲထထိုင်ပြီး ‘ဟယ် နှင်းတွေတောင်ကျနေပြီ အငယ်တွေကို သွားနှိုးပြီး ကစားရအောင်’ လို့ပြန်ပြောပြီး နှစ်ယောက်သား မျက်နှာသစ် သွားတိုက်ပြီး အငယ်တွေကို သွားနှိုးကြတယ်။ စနိုးမဲန်လုပ်ကြမယ်ဆိုတာနဲ့ အငယ်တွေလဲ မဆိုင်းမတွ ထလာကြပြီး အဲ့ဒီတစ်ရက်ကတော့ ဆီးနှင်းတွေ ဖုန်းလွှမ်းနေတဲ့ အိမ်ရဲ့မြက်ခင်းပြင်မှာတင် စနိုးဘောတွေနဲ့ တစ်ယောက်နဲ့ တစ်ယောက်ပေါက်လိုက် စနိုးမဲန်တွေ အပြိုင်အဆိုင် လုပ်ကြနဲ့ အချိန်ကုန်ခဲ့ကြတယ်။
ဂိုဂယ်လ်မှကူးယူ
ဂိုဂယ်လ်မှကူးယူ
တစ်နေ့မှာ ဖေဖေအကြိတ်ခွဲဘို့ အကြောင်းဖန်လာတော့ ‘ဟာဆာဂါးဝါး’ ဆေးရုံမှာ ခွဲစိတ်ဖြစ်ခဲ့တယ်။ ကျမရှိနေတာမို့ လူနာဖေဖေ့ကို စောင့်ဘို့ မေမေ့အတွက် အခက်အခဲမရှိခဲ့။ ဆေးရုံက နပ်စ်တွေကလဲ သဘောထား ပြည့်ဝသူချည်းမို့ အစစအရာရာ အဆင်ပြေခဲ့ပါတယ်။ ဖေဖေ ဆေးရုံကဆင်းပြီး တစ်ညနေမှာ မေမေက ကျမကို နီတိုက်တိုက်ရပ်ကွက်ရဲ့ အလှဆုံး နေရာကို လိုက်ပြမယ်ဆိုပြီး ခေါ်သွားတယ်။ မြင်လိုက်ရတဲ့ ရှုခင်းလေးက တစ်သက်မမေ့နိုင်စရာ။ မျက်စိတစ်ဆုံး ပင်လုံးကျွတ် အဆုပ်လိုက်ပွင့်နေတဲ့ ချယ်ရီပင်တွေ။ ပန်းချီကားတစ်ချပ်လို မြင်ရတဲ့ မြင်ကွင်းလေးမို့ ပြန်စဉ်းစားမိတိုင်း အာရုံမှာ မပျက်ပြယ်တဲ့ ပုံရိပ်များ ထင်ဟပ်နေဆဲပါ။ ကျမ မြန်မာပြည်ကို မပြန်ခင် တစ်လအလိုမှာ မေမေက နေ့စားအလုပ်ကို နားပြီး ကျမ မရောက်ဘူးသေးတဲ့ နေရာတွေ လိုက်ပို့ပေးမယ်လို့ဆိုတယ်။ စကော့ဈေးလို အထပ်တွေ တက်စရာမလိုပဲ ပစ္စည်းစုံရတဲ့ ‘မိုဆာရှီကို’ ကို ခေါ်သွားတယ်။ မြန်မာပြည် ပြန်ရောက်ရင် ဆွေမျိုး မိတ်ဆွေသင်္ဂဟတွေကို လက်ဆောင်ပေးဘို့ အဆင်ပြေအောင် ဆိုပြီး လှည်းကြီးတွေပေါ်မှာ ပစ္စည်းစုံ ထည့်ထားပြီး ဘာယူယူ ယန်း ၁၀၀ ဆိုတဲ့ နေရာကိုလဲ ခေါ်သွားပြီး မှတ်မှတ်ရရ ယန်းတစ်သောင်း မေမေက ကျမကိုပေးခဲ့တယ်။ ကျမ မပြန်ခင်တစ်ရက်မှာ ဖေဖေက လည်ဆွဲရွှေနာရီလေး မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့တာလဲ သတိရနေဆဲပါ။ ကျမမြန်မာပြည် မပြန်ခင် တစ်ပတ်မှာ အိမ်မှာနှုတ်ဆက်ပွဲ မေမေကလုပ်ပေးတယ်။
 ဟာဆာဂါးဝါး ဆေးရုံမှ နပ်စ်မလေးနဲ့ မေမေကအမှတ်တရရိုက်
နပ်စ်မလေးများနဲ့အမှတ်တရ
 မြန်မာပြည် ပြန်ခါနီး နှုတ်ဆက်ပွဲ (ဖေဖေကဓာတ်ပုံရိုက်)
မြန်မာပြည် ပြန်ခါနီး နှုတ်ဆက်ပွဲ (မေမေကဓာတ်ပုံရိုက်)
မြန်မာပြည် ပြန်ရောက်လာတဲ့အခါ အရင် အတန်းတူ သူငယ်ချင်းတွေ အားလုံးလိုလို ကျမထက် တစ်တန်းပိုနေကြပါပြီ။ အတန်းတစ်တန်း နောက်ကျပေမယ့်လဲ ရခဲတဲ့ အခွင့်အရေး ဂျပန်နိုင်ငံရဲ့ အတွေ့အကြုံလေးကို ပြန်တွေးတောရင်း ကျောင်းတစ်နှစ် ပျက်ကွက်ခဲ့တာကို နောင်တမရခဲ့ပါ။ ဂျပန်မှာ နေခဲ့တဲ့ တစ်နှစ်တာဟာ ကျမအတွက် အကုန်မြန်လွန်းပြီး တိုတောင်းတဲ့နှစ် တစ်နှစ်လို့ ခံစားခဲ့မိတယ်။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz