29.8.14
‘ဘလော့ဒေးအမှတ်တရ ဘလော့ဂါဘ၀’
ဘလော့ဂါဒေးကို ဘယ်နေ့ ဘယ်ရက်ရယ်လို့ တိတိကျကျ ကျမ မသိပေမယ့် လွန်ခဲ့တဲ့ ၃-နှစ်လောက် ၂၀၁၁ခုနှစ် သြဂုတ်လ ၂၆ရက်နေ့က ကျမရေးဖြစ်ခဲ့တဲ့ ‘ဘလော့ဒေး’ တဂ်ပို့စ်။ ညီမရွှေစင်ဦးနဲ့ ကိုအောင်(ပျူနိုင်ငံ)တို့ကကျွေးခဲ့တဲ့ တဂ်စာပေါ့။ နောက်နှစ်တွေမှာ ဘလော့ဒေးတွေ မသိကျေးကျွံ ကျော်ဖြတ်သွားခဲ့မိတယ်။ တစ်ယောက်စ နှစ်ယောက်စကနေ အစပြုလို့ ဘလော့ရွာလေးကို စိမ်းကား ပစ်ခွာ သွားကြလေတော့ စည်ပင်သာယာဝပြောနေတဲ့ ဘလော့ရွာလေးလဲ အခုတော့ ခြောက်သွေ့ပြီး ဘလော့ရွာလေးကို ပုံမှန်လည်ပတ်သူတို့လဲ မသိမသာတစ်မျိုး သိသိသာသာ တစ်ဖုံ အမျိုးမျိုးအစုံစုံ အလှမ်းဝေးလာကြတာကို သတိမူခဲ့မိတယ်။ သေချာတာတစ်ချက်ကတော့ ဘလော့ရွာလေးကို ဘလော့ဂါတိုင်းရဲ့ ရင်ထဲမှာ အနေဝေးတဲ့တိုင် ဖြတ်တောက်ဘို့ခက်ခဲတဲ့ သံယောဇဉ်ကြိုးလေး တစ်မျှင်လိုပါ။ ပြတ်တောက်မသွားပေမယ့်လဲ တစစနဲ့ မှေးမှိန်လို့လာပါတော့တယ်။ ခေါင်းစဉ်ကွဲ အခက်အခဲများစွာ ရှိနေတဲ့ကြားက လက်တွေ့အနေနဲ့ သွားရောက်ဘို့ အတော်များများရဲ့ ရင်တွင်း ဆန္ဒလေးတွေကတော့ ဘလော့ရွာလေးထဲမှာ တစ်ဝဲလည်လည်ရယ်။ အတိတ်ရဲ့ ပုံရိပ်လေးတွေ ခြေရာ ပြန်ကောက်မိလေတိုင်း ကြည်နူးမှုလေးတွေနဲ့အတူ ၀မ်းသာပီတိတွေ ရင်မှာငြိနေဆဲပါ။
ကျမရောက်တဲ့ နေရာလေးတွေမှာ ကျမချစ်တဲ့ ဘလော့ဂါတွေနဲ့ ဆုံဖြစ်အောင် ကြိုးစားတယ်။ ဒီကနေ့အထိ ဆုံဆည်းခွင့်ရခဲ့တဲ့ ဘလော့ဂါပေါင်း ဦးဇင်း ၃-ပါး အပါအ၀င် ၁၂၀ရှိပါပြီ။ ကျမဆုံခဲ့တဲ့ ဘလော့ဂါတိုင်း သဘောကောင်းကြတယ်။ တစ်ချို့ကတော့ ပွင့်လင်းပြီး ချစ်စရာကောင်းသလို တစ်ချို့ကျပြန်တော့ စကားကို သုံးလုံးကွဲအောင် မပြောပဲ ဆိတ်ငြိမ်စွာ နေတတ်ကြပေမယ့် ဘလော့ဂါ အချင်းချင်းကို သူတို့သိတဲ့ နည်းပညာလေးတွေ ပြောပြကြတယ်။ စရိုက်ချင်း ဘယ်လိုကွာကွာ တူညီတဲ့အချက်ကတော့ အလည်အပတ် ရောက်လာတဲ့ ကျမအိမ်ရဲ့ ဧည့်ခန်းထဲမှာ လက်တော့ပ်နဲ့ ဖြစ်စေ ဖုန်းလေးတွေနဲ့ဖြစ်စေ ပို့စ်လေးတွေကို လိုက်ဖတ်ရင်း ဘလော့ရွာထဲမှာ လည်နေကြတာ တွေ့မြင်ရတဲ့အတွက် သံယောဇဉ် အမျှင်တန်းနေကြသေးတယ်လို့ ကောက်ချက်ချမိတယ်။
ကျမ ဘလော့ရွာလေးကို အလည်အပတ် ရောက်တဲ့အခါမှာ ဖတ်လိုက်မိတဲ့ ပို့စ်လေးတွေ ရင်ထဲမှာ သောင်တင်ပြီး ကျောက်ချနေစမြဲ။ အလားတူ ကျမနဲ့ ဆုံတွေ့ခဲ့ဘူးတဲ့ ဘလော့ဂါတွေရဲ့ အမှတ်တရ စာသားလေးတွေဟာ ကျမအတွက်တော့ ဘလော့ဂါဘ၀ကနေ ရုန်းထွက်လို့မရအောင် တုတ်နှောင် ရစ်ပတ်လိုက်တဲ့ သံယောဇဉ် ကြိုးမျှင်လေးတွေပါ။ ဘလော့ရွာလေးထဲ ၀င်လိုက်ရင် အစစအရာရာ ပြီးပြည့်စုံတဲ့ ရွာလေးတစ်ရွာကို ရောက်သွားသလိုပါပဲ။ ပါရမီကို အရင်းခံထားတာမို့လဲ အရည်အချင်း အစွမ်းအစလေးတွေ ကွာဟကြတယ်။ မိမိတို့ အားသန်ရာ သုတ ရသ နည်းပညာ အစရှိတာတွေကို အကောင်းဆုံးဖြစ်အောင် အားထည့်ထားသူချည်း။ အကြောင်းပြချက်လေးတွေပြပြီး ဘလော့ဒေးကို ရှောင်မယ်ဆိုရင် ‘ခွင့်မပြုဘူး ခွင့်မလွှတ်ဘူး’ လို့ ရယ်မောဖွယ်ရာ အနေနဲ့ ကျမကိုယ်တိုင် ပြောခဲ့တာကြောင့် ဒီဘလော့ဒေး ပို့စ်လေးကို တင်ဖြစ်ခဲ့တယ်။
ဒီရက်ပိုင်းမှာ အိပ်ယာကနိုးထတာနဲ့ နေမကောင်းဖြစ်နေတဲ့ မိခင်ဆီကို စိတ်ကရောက်နေတယ်။ နေ့စဉ်လုပ်နေကျ အိမ်မှုကိစ္စလေးတွေကို သွက်သွက်လုပ် ပြီးတာနဲ့ မိခင်ရှိရာ မြို့ထဲကို အပြေးအလွှား။ ညနေအိမ်ပြန်ရောက်မှ အစ မသတ်ရသေးတဲ့ အလုပ်လေးတွေ ဆက်လုပ်ပြီး အဆုံးသတ်။ ဒီကနေ့ မနက်အိပ်ယာက နိုးနိုးခြင်း ကျမဖြတ်ကျော်ခဲ့တဲ့ နှစ်၊လ၊ရက်ပေါင်းများစွာကို ပြန်လည်လို့ တွေးတောမိတယ်။ မန္တလေးနန်းတွင်း အိမ်ကြီးထဲမှာ နေ့စဉ် ရယ်မောသံတွေနဲ့ ပျော်ရွှင်ဖွယ်စရာ အချိန်လေးတွေလဲ အခုတော့ မမြဲတဲ့ သဘောတရားနဲ့ လွင့်ပြယ်ကုန်ခဲ့ပြီ။ ကျမဖေဖေ ရောက်လေရာ ဒေသတွေမှာ အလုပ်ဘယ်လောက် ခက်ခဲပင်ပန်းပါစေ အချိန်ရရင်ရသလို သူ့ရဲ့ အကော်ဒီယံလေးကို တီးမှုတ်ရင်း မေမေနဲ့ သားသမီးတွေ အသံသေး အသံကြောင်နဲ့ တီးလုံးနောက်ကနေ လိုက်ဟစ်ကြ။ အရွယ်လေးတွေ ရောက်လာပြီး မိသားစုအားလုံးဆုံလို့ ဖေဖေက အကော်ဒီယံ တီးမှုတ်တဲ့အခါ အစ်ကိုကြီးက ဇွန်းနဲ့ခယင်းကို ကိုင်ပြီး စည်းချက်လိုက်။ နံပါတ်-၄ မောင်လေးတူတူးက ဂစ်တာတီး၊ နံပါတ်-၅ မောင်လေးကူကူးနဲ့ အငယ်ဆုံး ညီမလေး လဲ့လဲ့တို့က စန္ဒယားကို နှစ်ယောက် ပြိုင်တူတီး ကျန်တဲ့ ညီမတွေနဲ့ မေမေက သီချင်းဆို။ အဲ့ဒီ အချိန်အခါလေးတွေမှာ ကျမက မိသားစု စားဘို့အတွက် မီးဖိုချောင်မှာ မုန့်တစ်မျိုးမျိုးဖြစ်စေ ဖေဖေကြိုက်တဲ့ အသုပ်စုံဖြစ်စေ စီစဉ်ချက်ပြုတ်ခဲ့တာတွေ။ အတိတ်ဆိုတာ အတိတ်မှာ ချန်ခဲ့တာပဲ ကောင်းတယ်ဆိုပေမယ့် တိုက်ဆိုင်မှုလေးတွေ ရှိလာတဲ့အခါ ရည်ရွယ်ချက်မရှိပဲ အလိုအလျောက် အတွေးလေးတွေ အာရုံမှာ ထင်လာတတ်တာ သဘာဝပါ။

ဒီလိုပါပဲ အတိတ်ဘ၀ရဲ့ ပဌာန်းဆက်ပါလို့ နေရာအနှံ့မှာ ဆုံဆည်းခွင့်ရခဲ့တဲ့ ဘလော့ဂါတွေနဲ့လဲ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ သဘာဝတရားအရ မလွဲမသွေ ခွဲခွာကြရအုံးမှာ ဧကန်မုချပါ။ အလားတူ ကွယ်ပျောက်သွားမယ့် အမှတ်တရ စာကြောင်းလေးတွေကို မှတ်တမ်းလေးအဖြစ် ခြေရာလေးတော့ ချန်ခွင့်ပြုပါလို့ ကျမချစ်ခင် လေးစားရတဲ့ ဘလော့ဂါများ ဆုံဘူးသူနဲ့ မဆုံဘူးသူ စီနီယာ ဂျူနီယာအားလုံးကို ဘလော့ဒေး အမှတ်တရအဖြစ်နဲ့ တောင်းဆုလေးချွေခဲ့ရင်း ဘလော့ဂါအားလုံးကို တဂ်ပါရစေလို့ ။
ဦးဆုံးတွေ့ခဲ့တဲ့ ဘလော့ဂါနံပါတ်-၁ ညီမရွှေစင်ဦး
အမြဲအကူအညီပေးတတ်တဲ့ ကိုမော်ကြီးရဲ့ စကားလုံးလေးတွေ အမှတ်တရ
ဒုတိယ မာတာမိခင်လို့ သတ်မှတ်ရင် နားကပ်ပေး ... :P
ထမင်းလာစားလို့ နောက်တစ်ကြိမ်ရေးခိုင်းတာ :D
ဘုန်းဘုန်းတောက် စွန့်ခဲ့တဲ့ လဘက်ခြောက်ကုန်ပြီ ဘုရား .. :P
နှစ်ကြိမ်ရေးပြီး အခုတော့ ကြက်ပျောက် ငှက်ပျောက်
ဘလော့ဂါတစ်ယောက်လို ခင်မင်စရာကောင်းသူ
လောလောဆယ် ဘလော့ဂါ နံပါတ် ၁၂၀ မနော်ဟရီအထိဆုံပြီး
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။
မေတ္တာဖြင့်
အန်တီတင့်
ခဏစောင့်ပါ...