x

12.8.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၁၆


တာလေမြို့လေးမှာ ကျမတို့မိသားစု အေးချမ်းပျော်ရွှင်စွာနဲ့ နေထိုင်လာကြရာကနေ ဖခင်တာဝန်ကျရာ တောင်ပိုင်း ရှမ်းပြည် ကျိုင်းတုံမြို့ကို ဖခင်နဲ့အတူတကွ ရောက်လာကြပါတယ် မေမေ့ရင်ခွင်မှာ အထွေးဆုံး ညီမလေးက လသားလေးသာ ရှိပါသေးတယ်။ နို့ညှာမောင်လေးကို တာချီလိတ်မှာ မီးဖွားတဲ့အချိန်က မေမေတစ်ယောက် သေမင်းနဲ့ စစ်ခင်းပြီး သူနိုင်ကိုယ်နိုင် ကြုံခဲ့ရတာမို့ နောက်ဆုံးကိုယ်ဝန်ကိုတော့ ကျိုင်းတုံမြို့အထိ သွားရောက်ပြီး မီးဖွားခဲ့ခြင်းဖြစ်ပါတယ်။ ကျိုင်းတုံမှာရှိတဲ့ ဖခင်ကြီးရဲ့ မိတ်ဆွေ ရဲမင်းကြီးအိမ်မှာပဲ တည်းခိုပြီး ကျိုင်းတုံပြည်သူ့ ဆေးရုံမှာ မီးဖွားခဲ့ပါတယ်။ ကျမကအစ်မကြီးပီပီ မေမေမီးဖွားတိုင်း နောက်တော်ပါးအနေနဲ့ ပါသွားရစမြဲမို့ မောင်ငယ် ညီမငယ်အားလုံး ကျမလက်ပေါ် ကြီးပြင်းလာသူကြီးများပင်။ ညီမအငယ်ဆုံးကို မေမေမီးဖွားပြီး တာလေမြို့ကိုပြန်ရောက်တာမှ မကြာသေး ကျိုင်းတုံဘက်ကို ပြောင်းရွှေ့ခဲ့ရခြင်းပါ။
ကျမတို့နေထိုင်ရမယ့် ကျိုးတုံမြို့မှာရှိတဲ့ တစ်ထပ် အိမ်လေးက တောင်ကုန်းမြင့်လေး အပေါ်မှာ ဆောက်ထားတာဖြစ်ပြီး ကျမရဲ့စိတ်ကူးထဲက အိမ်လေးအတိုင်း ခံစားမိပါတယ်။ ကျမလဲ နေရာသစ်ရဲ့ ပတ်ဝန်းကျင်ကို လေ့လာချင်တာမို့ အိမ်အရှေ့ဖက် ကားဆင်ဝင်ကနေ အိမ်ထဲကို မ၀င်သေးပဲ အရှေ့ဘက်တည့်တည့်ကို မျှော်ကြည့်လိုက်တဲ့အခါ လေးပေ အကျယ်ရှိ လူသွားလမ်းရှည် တစ်ခုကို တွေ့ရပြီး အဲဒီလမ်းလေးအတိုင်း ဆက်လျှောက်သွားတော့ မြေနိမ့်ပိုင်းမှာ ခြံကျယ်လေးကို လှမ်းမြင်ရပြန်တယ်။ ခြံကျယ်လေးဆီ ဆင်းနိုင်ဖို့အတွက် (၁၀)ထစ်လောက်ရှိတဲ့ တောင်ခါးပန်း လှေခါးထစ် တစ်ခုကို တွေ့ရပါတယ်။ အောက်ကို မဆင်းသေးပဲ လူသွားလမ်း တစ်ဖက် တစ်ချက်ကို မျက်စိဝှေ့ကြည့်လိုက်တဲ့အခါ တစ်ဖက်တစ်ချက် ပေ၁၀၀လောက်စီရှိတဲ့ မြက်ခင်းပြင် ရှည်ကြီးကို မြင်ရကာ မြက်ခင်း အစပ်တွေမှာ တစ်ပင်နဲ့ တစ်ပင် လေးပေစီခြားပြီး စိုက်ထားတဲ့ သလဲသီးပင်တွေကို တွေ့ရပါတယ်။ သလဲသီးပင် အရေအတွက် စုစုပေါင်း အပင် လေးဆယ်ခန့် ရှိမယ်ထင်ပါတယ်။
ကျမတို့နေထိုင်မယ့် အိမ်ရဲ့ခြံဝင်းထဲကိုဝင်တဲ့ ကားဝင်ပေါက် နှစ်ပေါက်ထားရှိပြီး ၀င်ပေါက်နဲ့ ထွက်ပေါက်ဆိုပြီး ဂိတ်မှာ ဆိုင်းဘုတ်လေးတွေ ချိတ်ထားတာတွေ့ရပါတယ်။ ခြံရဲ့အပြင်ဖက် ကားအဝင်လမ်းနဲ့ အထွက်လမ်းမှာ ချယ်ရီပင်တွေကို မျက်စိတစ်ဆုံး စိုက်ထားတာ ကြည်နူးစွာ မြင်တွေ့ရပါတယ်။ ခြံဝင်းအတွင်း အိမ်ရဲ့ ဘယ်ဖက်အခြမ်းမှာ အာဖရိကန်ဒေစီရောင်စုံ ပန်းပင် အပင် တစ်ရာကျော်ကို မြောင်းဘောင်လေးတွေ လုပ်ပြီး စံနစ်ကျစိုက်ပျိုးထားသလို အိမ်ရဲ့ ညာဖက်အခြမ်းမှာ မက်မွန်သီးပင် မက်မန်းသီးပင် ကျွဲကောသီးပင် သံပုယိုသီးပင်တွေကို စံနစ်တကျ စီစီရီရီ စိုက်ထားတာကို မြင်တွေ့ရပါတယ်။ ကားဆင်ဝင်ဘေးရဲ့ တစ်ဖက်တစ်ချက်မှာတော့ စပယ်ရုံကြီးတွေတန်းစီပြီး စိုက်ထားကာ စပယ်ရုံတွေရဲ့ အဆုံးမှာ ကျားပါစပ်ပန်း နှင်းပန်း ပေါ်ပီပန်းနဲ့ ကျမ အမည်မသိတဲ့ ပန်းပင် သုံး လေးမျိုးလောက် ရှိပါသေးတယ် တစ်ခါရေချိုးခန်းရဲ့ အနောက်ဘက် ကပ်လျက် အပြင်ဖက်မှာ ရွှေပင် ငွေပင်တို့ကိုမြင်ရပြီး ခြံထဲမှာ ကျမနှစ်သက်တဲ့ ထင်းရူးပင် အတော်များများကို ကျေနပ်အားရစွာ အပင်အရေအတွက်ကို လိုက်ရေတွက်နေမိတယ်။
မြေနိမ့်ပိုင်းဖြစ်တဲ့ အောက်ခြံရဲ့ တပြင်လုံးမှာတော့ နာနတ်သီးပင်များကို စိုက်ပျိုးထားတာ တွေ့ရပါတယ်။ ရာသီအလိုက် နာနတ်သီးပင် အားလူး ပြောင်း ပန်းဂေါ်ဖီ ဂေါ်ဖီထုပ် နိုကိုဥ စိမ်းစားဥ အစရှိတာတွေကို ပြောင်းလဲစိုက်တယ်လို့ ဥယျာဉ်မှူးက ပေါင်းသင်ရင်း ပြောပြပါတယ်။ အပင်ပေါင်းစုံကို မြင်ရတဲ့ကျမအဘို့ စိတ်ကူးယဉ် အိပ်မက်လေးတွေ မက်လိုက်မိတယ်။ လက်တွေ့ မဖြစ်နိုင်သေးတဲ့ အချိန်ကာလမို့ စိတ်ကူးယဉ် အိပ်မက်လေး တစ်ခုအနေနဲ့ တစ်နေ့နေ့ တစ်ချိန်ချိန် ကိုယ့်အိုးကိုယ့်အိမ် ထူထောင်နိုင်တဲ့အခါ အခုလို အပင်ပေါင်းများစွာ ဝေေ၀ဆာဆာ စိုက်ပြီး သင်းရနံ့ ထုံကြိုင်တဲ့ ပန်းမာလာမျိုးစုံနဲ့ ပျော်ရွှင်အေးချမ်းစွာ နေမယ်လို့ စိတ်ကူးယဉ်ခဲ့မိတယ်။ စိတ်ကူးယဉ်လို့မှ မဆုံးသေး ‘လုလု ဘယ်ရောက်နေလဲ ပစ္စည်းတွေအရင် လာရှင်းအုံးလေ’လို့ မေမေ့ရဲ့ သတိပေးသံကြားမှ အိမ်ထဲကို သွက်သွက်လေး ၀င်ခဲ့တော့တယ်။ ပစ္စည်းတွေ နေရာတကျချဘို့ အရင်ဆုံး အိပ်ခန်းတွေကို မေမေက စီစဉ်တကျ ခွဲဝေပေးပါတယ်။ မေမေကလည်း ခေသူမဟုတ် သူကိုယ်တိုင် အိမ်ရဲ့နောက်ဖေးဖက်မှာ စိုက်ခင်းလေး တစ်ခုလုပ်ပြီး အဲဒီစိုက်ခင်းလေးထဲမှာ ငြုပ်သီးပင် ခရမ်းသီးပင် သခွားသီးပင် ရုံးပဒေသီးပင် ပဲစောင်းလျား ဗူးပင် ဂေါ်ရခါးပင် ရွှေပဲသီးပင် ပဲတောင့်ရှည်ပင် ပဲလင်းမြွေသီးပင် အစရှိတာတွေကို နောက်ပိုင်းမှာ စိုက်ပျိုးပြီး မိသားစု ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်ကို စားနိုင်အောင် လုပ်ခဲ့ပါတယ်။ ရာသီအလိုက် သစ်သီးမျိုးစုံ ပန်းမျိုးစုံနဲ့ စုံလင်အောင် စိုက်ပျိုးထားတဲ့ အဲ့ဒီလိုအိမ်မျိုးကို ကျမဖြတ်သန်းခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့သလို နောက်တစ်ကြိမ် ကြုံတွေ့ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ပါ။
ချမ်းအေးတဲ့ ဒီဇင်ဘာလရဲ့ မနက်ခင်းမှာ ကျမတစ်ကိုယ်လုံး နွေးထွေးအောင်ပတ်ကာ ခြံထဲဆင်းပြီး နှင်းပန်း ဒေစီပန်း ဒေလီယာပန်းအပြင် သစ်သီးတွေ လိုက်ခူးဆွတ်ပြီး ဘုရားကျောင်းကို လှူရတာ စိတ်ချမ်းသာစရာ အလွန်ကောင်းသလို ချယ်ရီတွေမြိုင်မြိုင်ဆိုင်ဆိုင် ပွင့်နေတဲ့ ကားလမ်းတစ်လျှောက် ချယ်ရီတန်းမှာ လမ်းလျှောက်ရတာလဲ ကြည်နူးစရာ ကောင်းလှပါတယ်။ ကျမတို့မိသားစု ကျိုင်းတုံမြို့မှာ နေတဲ့အချိန်က လုံခြုံမှုအပြည့်အ၀ မရှိသေးတာမို့ ကျမဖခင်မှာ အရင်တပ်ရင်းတွေမှာ နေစဉ်ကာလကလိုပဲ ရှေ့တန်းထွက်နေရဆဲပါ။ ကျိုက်ထိုမှာ နေခဲ့စဉ်က ကျည်ဆံ ကြားရတာတွေနဲ့ ပတ်သက်ပြီး ကျင့်သားရနေပြီမို့ ကြောက်လန့်မှုတော့ သိတ်မရှိလှတော့ပါ။ ကျမတို့အိမ်လေးက တောင်ကုန်းပေါ်မှာ ထီးထီးကြီး ဆောက်ထားတာကြောင့်လဲ အောက်ခြေကနေ အလွယ်တကူ လှမ်းမြင်နိုင်သလို ရံဖန်ရံခါ ဓာတ်မီးတိုင်ကို လှမ်းပစ်တဲ့ ကျည်သံများကို ကြားရတတ်ပါတယ်။ နောက်တစ်နေ့ အိပ်ယာနိုးတော့လဲ မေ့မေ့ပျောက်ပျောက်ပါပဲ။ တနင်္ဂနွေလို ရက်မျိုးမှာ ဖခင်ကြီးလဲ အိမ်မှာရှိနေတဲ့ရက်မျိုးဆိုရင် မိသားစုလိုက် စားစရာအစုံအလင်ထည့်ပြီး ရေပူစမ်းသွားကာ အပမ်းဖြေတတ်ကြပါတယ်။ ကျမ ကျိုင်းတုံရောက်တော့ သတ္တမတန်းကို စတက်ရပြီး တစ်တန်းတည်း သူငယ်ချင်းဖြစ်သူ နန်းစံနွန်း (ဝေးလ်မား)နဲ့ ရန်ကုန်မြို့မှာ ပြန်လည်ဆုံတွေ့ခွင့်ရခဲ့ပါတယ်။
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။
မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz