x

8.8.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၁၅


ငှက်ဖျားရောဂါ အရှင်းပျောက်သွားတော့မှ ကျမအရင်လို ကျောင်းမှန်မှန် တက်နိုင်ခဲ့သလို ဖေဖေ မေမေတို့လဲ စိတ်အေးရတော့တယ်။ ရက်တွေဟောင်း လတွေညောင်းလို့ နှစ်တွေပြောင်းလာတော့ ဖေဖေက ကျမတို့ညီအစ်မနှစ်ယောက် အပါအဝင် သူ့လက်အောက်မှာရှိတဲ့ တပ်ရင်း ရုံးအဖွဲ့သားအားလုံးရဲ့ မိသားစုတွေကနေ အကသင်တန်းမှာ စိတ်ပါဝင်စားတဲ့ သားသမီးများရဲ့စာရင်းကို တောင်းပြီး မန္တလေးမြို့ကနေ ပန်တျာလှမြင့်ဦးဆောင်မည့် အဖွဲ့တစ်ဖွဲ့ကို ၆-လတာ ငှားရမ်းပြီး တာလေရွာကြီးမှာ အခြေခံ အကသင်တန်းတစ်ခု ဖွင့်ပေးခဲ့ပါတယ်။ ပန်တျာလှမြင့်နဲ့အတူ မဒေါင်းစိန်နဲ့ မခင်မာကြီးတို့ ညီအစ်မနှစ်ယောက်ပါဝင်ခဲ့ပြီး အကသင်တန်းကို စိတ်ဝင်စားသူ စုစုပေါင်းမိန်းကလေး ၃၀ဦးနဲ့ ယောက်ျားလေး ၁၆ဦးတို့ကို တက်ရောက်စေခဲ့တယ်။ ဖေဖေကတပ်ရင်းမှူးဆိုတော့ ကျမနဲ့ ညီမလေးတူးမာတို့ကို အကသင်တန်း မတက်မနေရအဖြစ် ကိုယ်တိုင်နာမည်စာရင်း ထည့်သွင်း တက်ရောက်စေခဲ့ပါတယ်။ ကျမကငယ်စဉ်ထဲက အရပ်ကမြင့်တဲ့အပြင် မိန်းကလေးတစ်ယောက်လို ပျော့ပျော့ပြောင်းပြောင်း နွဲ့နွဲ့နှောင်းနှောင်း နူးနူးညံ့ညံ့မရှိ၊ အကပညာကို ၀ါသနာလုံးဝ မပါပေမယ့် ဖခင်ပြောသမျှ တစ်လုံးမှ ငြင်းဆန်ခြင်း အလျဉ်းမရှိတတ်တဲ့ ကျမတစ်ယောက် အကသင်တန်းကို တက်ရောက်ခဲ့ရပါတယ်။
ကဗျာလွတ်၊ ကဗျာသွင်း၊ မြိုင်ထနှစ်ပါးသွား၊ တပင်တိုင်အက၊ စန္ဒကိန္နရီကိန္နရာဇာတ်နဲ့ ကောက်စိုက်မယိမ်း အကများကို အဖွဲ့တွေခွဲပြီး ဆရာတို့က သင်ပေးပါတယ်။ ယောက်ျားလေးတွေ အဖွဲ့ကိုတော့ မင်းသားအကနဲ့ ဗွေးတုတ်ယိမ်း သင်ပေးခဲ့ပါတယ်။ ကဗျာလွတ်အကမှာ ဗုံတို ဗုံရှည် ပတ္တလားတို့ကို စီးချက် ဝါးချက်နဲ့အတူ လိုက်လျောညီထွေမှုရှိအောင် တီးပြီး ညီညီညာညာ ကရပြီး ကဗျာသွင်း အကမှာတော့ သီချင်းလေးပါ ထည့်ထားပါတယ်။ ကဗျာသွင်း သီချင်းကိုလည်း ကရင်းနဲ့ဆိုနိုင်အောင် လေ့ကျင့်သင်ကြားပေးထားပြန်တယ်။ သင်တန်းတက်သူ အားလုံးလိုလို သီဆိုတတ်ကြရပါတယ်။ မြိုင်ထနှစ်ပါးသွားကို ကျမလိုအရပ်မြင့်သူများက မင်းသားအဖြစ် ကရပြီး၅-စုံတွဲရွေးချယ် သင်ပေးခဲ့ပါတယ်။ စန္ဒကိန္နရီကိန္နရာ ဇာတ်မှာလည်း ကျမကကိန္နရီ အဖိုနေရာမှာ ကခဲ့ရပြီး သူငယ်ချင်းရီရီမြင့်က ကိန္နရာအမအဖြစ် ပါဝင်ကပြရကာ လိလီကမုဆိုး၊ ဆာဗီသရီးကသိကြားမင်းနဲ့ ညီမလေးတူးမာက သမင်နေရာမှာ တာဝန်ကိုယ်စီယူကာ အဲ့ဒီ ပြဇာတ်လေးကို ကျမတို့အဖွဲ့ အောင်မြင်စွာ သရုပ်ဆောင် ကပြနိုင်ခဲ့ပါတယ်။ ကျမမှတ်မိပါသေးတယ်။ စန္ဒကိန္နရီဇာတ်ကို စာဖတ်သူများအားလုံးလည်း ဖတ်ဖူးပြီး ကြည့်ဖူးပြီး ဖြစ်ပါလိမ့်မယ်။ ကိန္နရီ အဖို မြှားမှန်လို့ လဲကျသွားတဲ့ခန်းမှာ ကိန္နရာအမက လွမ်းချင်းပိုင်းကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ချိန်မှာ ပွဲကြည့်ပရိသတ်များ စိတ်မကောင်းဖြစ်ပြီး ငိုယိုနေကြတာကို ကျမရဲ့ မှိတ်ယောင်ဆောင်နေတဲ့ မျက်လုံးတွေအကြားကနေ အကြိမ်များစွာ တွေ့မြင်ဘူးခဲ့ရပါတယ်။ နေ့စဉ်ညနေ ၅နာရီကျောင်းက ပြန်ရောက်ပြီဆိုရင် ရေချိုးထမင်းစားအိမ်အလုပ် လုပ်စရာရှိတာလေးတွေ လုပ်ပြီးအကသင်တန်းကို ည ၇နာရီအရောက် ညီအစ်မနှစ်ယောက် သွားကြရပါတယ်။ ည ၁၀-နာရီ အကသင်တန်း ပြီးချိန်မှ အိမ်ကိုပြန်လာပြီး အိမ်စာများလုပ်ရင်း၆-လတာကာလ ပြီးဆုံးခဲ့ပါတယ်။

၆-လတာကာလဆိုတာ အပြောလွယ်သလောက် လက်တွေ့ သင်ယူခဲ့ရတာ ထင်သလောက် မလွယ်ကူလှပါဘူး။ နေ့စဉ်နဲ့အမျှ အဆူအဟောက် အခေါက်များအကြားမှာ သင်တန်းသားအားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ပျက်ရက်မရှိ သင်ကြားမှုကို နာခံမှုအပြည့်နဲ့ တုန့်ပြန်ရင်း သင်တန်းချိန်များကို ဖြတ်ကျော်ခဲ့ပါတယ်။ သင်တန်းဆရာ ဆရာမများကလည်း ကျမတို့ သင်တန်းသားများအပေါ် စေတနာအပြည့်အဝ ထားရှိသလို သင်တန်းသားများကလည်း ဆရာဆရာမတို့အပေါ် ချစ်ခင်ရိုသေ လေးစားမှုအပြည့်နဲ့ ဆရာဆရာမတို့ စိတ်တိုင်းကျသည် အထိ နေ့စဉ် ကြိုးစားသင်ယူခဲ့ကြပါတယ်။ ထူးခြားချက်ကတော့ သင်တန်းသား အားလုံးဟာ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ကြိုးစားအားထုတ်မှုကြောင့် သင်တန်းဆရာ ဆရာမတို့ဟာ ကျမတို့အဖွဲ့ကို စိတ်ချမ်းသာမှု အပြည့်အဝနဲ့ သင်ကြားပေးနိုင်ခဲ့ပါတယ်။ ပွဲကတိုင်းလည်း အဓိက လိုအပ်တဲ့ ပစ္စည်းတွေ မှန်သမျှကို ဘယ်ပုံဘယ်နည်း ထားသိုရမယ်ဆိုတာကအစ သင်ကြားပေးပြီး ဖြစ်ပေါ်လေ့ရှိတတ်တဲ့ အခက်အခဲများကို ဘယ်ပုံဘယ်နည်း ဖြေရှင်းရမယ်ဆိုတာအဆုံး သင်ကြားပေးပါတယ်။ အခြေခံကစလို့ စနစ်တကျ သင်ကြား ပေးထားတာကြောင့်လည်း ကျမတို့အဖွဲ့ရဲ့ ကပွဲတိုင်းမှာ မဖြစ်မနေ တွေ့ကြုံလာသမျှ အခက်အခဲ သေးသေး ကြီးကြီးတို့ကို ညီညီညွတ်ညွတ်နဲ့ပဲ ဖြေရှင်းနိုင်ခဲ့ပါတယ်။ ‘မြိုင်ထ’လို နှစ်ပါးသွားအကမှာ နှစ်ဦးစာအတွက်သာ အဝတ်အစားကအစ အဆောင်အယောင် တို့ကို အခက်အခဲမရှိ လွယ်လွယ်ကူကူ ဆင်ပေးနိုင်ပေမယ့် ကဗျာလွတ် ကဗျာသွင်း အုပ်စုလိုက် ကရတဲ့ ယိမ်း အဖွဲ့အတွက် များမြောင်လှတဲ့ အသုံးအဆောင်တွေကို တိုတောင်းတဲ့အချိန်အတွင်း အပြီးသတ် ဆောင်ရွက်ပေးရတာမို့ တစ်ဦးချင်းရဲ့ အဝတ်အစား အသုံးအဆောင်အားလုံးကို နာမည်ကိုယ်စီ ရေးထိုး ပေးထားခြင်းအထိ စနစ်တကျ လုပ်ပေးပါတယ်။ စီမံတတ်လွန်းတဲ့ ဆရာဆရာမတို့ကို အဲ့ဒီအချိန်ကာလထဲက ကျမလေးစားအားကျမိခဲ့တယ်။ တစ်ဖွဲ့လုံးအတွက် ဆင်တူဆံထုံးကအစ ခြေချင်းဝတ်အဆုံး ဟာကွက်မရှိ ပြီးပြည့်စုံမှုများနဲ့ ကျမတို့တစ်တွေ ကပွဲတိုင်းမှာ စိတ်ချမ်းမြေ့စွာနဲ့ ကခုန်ခွင့်ရခဲ့ရပါတယ်။
ကျမဖခင်ရဲ့ ရည်ရွယ်ချက်က အကသင်တန်းမှာ လူမျိုးပေါင်းစုံ ပါဝင်တဲ့အတွက် တိုင်းရင်းသားများ အားလုံး တစ်ဦးနဲ့တစ်ဦး စည်းလုံးညီညွတ် ချစ်ခင်မှုကို ရစေချင်တာရယ်၊ ကျမတို့ ညီအစ်မ နှစ်ယောက်ကိုလည်း ပညာတစ်ခု သင်ယူတတ်မြောက် စေလိုတဲ့အတွက် စီမံသင်ကြားပေးခဲ့ခြင်း ဖြစ်တယ်လို့ ထင်မြင်ယူဆမိတယ်။ အောင်မြင်ခဲ့တဲ့ ကျမတို့အကအဖွဲ့ တစ်ဖွဲ့ ရှိနေခြင်းကြောင့်လည်း လွတ်လပ်ရေးပွဲ ပြည်ထောင်စုပွဲအစရှိတဲ့ နေ့ထူးနေ့မြတ်တွေမှာ ပွဲလမ်းသဘင်တွေ ပြုလုပ်ပြီး ကျမတို့ အကအဖွဲ့ကို ကပြစေခဲ့ပါတယ်။ တိုင်းရင်းသားအကတွေကို ပါဝင်ပူးပေါင်း ကပြဘို့အတွက်လဲ တစ်ခြားအဖွဲ့တွေကို ဖိတ်ခေါ်ပြီး ကပွဲဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျမတို့အဖွဲ့ တာလေကနေ ကားကြီးနှစ်စီးနဲ့ ကျိုင်းတုံမြို့ထိတိုင် သွားရောက် ကပြရတဲ့အထိ နာမည်ရခဲ့ပါတယ်။ တာလေ-ကျိုင်းတုံ လမ်းခရီးဟာ အလွန်ဆိုးပြီး ကျဉ်းမြောင်းသလို တစ်ဖက်က တောင်စောင်း နောက်တစ်ဖက်က ချောက်ကမ်းပါးမို့ ကားနှစ်စင်းရှောင်တိုင်း သည်းထိတ်ရင်ဖိုစရာ ကောင်းလှပါတယ်။ ကြားမြို့တစ်မြို့မှာ ညအိပ်ရကာ နောက်တစ်ရက် ခရီးဆက်ပြီး ကျိုင်းတုံမြို့ကို ရောက်ပါတယ်။ ခရီးရောက်မဆိုက် အချိန်ကြာကြာ နားခွင့်မရှိပဲ ကျမတို့အဖွဲ့ကကြရပါတယ်။ အားကြိုးမာန်တက် ကပြခြင်းကြောင့် မြို့ခံဖိတ်ခေါ်သူများကလည်း အားကျခဲ့ပြီး ကျမတို့လို အကအဖွဲ့များကို ဖွဲ့စည်းကြတယ်လို့ နောက်ပိုင်းမှာ သိရပါတယ်။ အကဝါသနာ မပါခဲ့တဲ့ ကျမလည်း ခြေခါးခေါင်းလက်တို့ကို စည်းချက်ဝါးချက်တို့နဲ့အညီ စနစ်ကျ ကကွက်အမျိုးမျိုးကို ချိုးတတ် ကတတ်ပြီမို့ ပညာတစ်ခုကိုစနစ်တကျ တတ်အောင် သင်ကြားခွင့် ပေးခဲ့တဲ့ ဖေဖေနဲ့ အကပညာကို သင်ကြားပေးခဲ့တဲ့ ပန်တျာလှမြင့်နဲ့ အဖွဲ့ကို ကျေးဇူးတင်မိပါတယ်။ ကျမတို့ တာလေရွာကြီးဆီကို လာလည်သမျှ ဧည့်သည်များကို ကပြခဲ့ရသလိုတခြားမြို့နယ်တွေရဲ့ ဖိတ်ကြားမှုတွေကြောင့်လည်း သွားရောက် ကပြရပါတယ်။ မိုင်းလင်း မိုင်းဆတ် ပါလျိုးတို့ဖက်အထိသွားရောက် ကပြကြရပါတယ်။ ကျမတို့အကအဖွဲ့မှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုံစုံလင်လင်ပါသလို တစ်ယောက်နဲ့ တစ်ယောက်လည်း ရင်းရင်းနှီးနှီး ချစ်ခင်နေကြပြီး အောင်မြင်မှုရခဲ့တာကြောင့် ဖေဖေ့ရဲ့ဆန္ဒ ပြည့်ဝခဲ့ပါတယ်။
သုံးနှစ်အကြာမှာ တာလေရွာကြီးကနေ တာလေမြို့ဖြစ်လာသလို မရှေးမနှောင်းမှာ ကျမရဲ့ဖခင်လည်း တာလေမြို့ကနေ ကျိုင်းတုံမြို့ကို ပြောင်းရွှေ့ဖို့ သတင်း ရောက်လာပါတော့တယ်။ ကျမတို့ မိသားစုမှာ အစ်ကိုဖြစ်သူကလွဲပြီး ကျန်မိသားစုအားလုံး ဖေဖေပြောင်းသွားရတဲ့ နယ်အသီးသီးကို နောက်တော်ပါးများအဖြစ် လိုက်သွားကြရပါတယ်။ မကြာမီ အချိန်ကာလမှာ ပြောင်းရွှေ့နေထိုင်ရတော့မယ့် ကျိုင်းတုံအိမ်ကိုလည်း စိတ်ကူးနဲ့ပုံဖော်ရင်း ကျမနှစ်သက်တဲ့ ရှမ်းပြည်အတွင်းမှာသာ ရှိနေတဲ့မြို့သစ် တစ်မြို့မို့ပျော်နေမိတယ်။ ကျမဖေဖေရဲ့ နည်းပေးလမ်းပြ  လုပ်ဆောင်စေမှု အရာအားလုံးကို ပြန်လည်တွေးတောမိတိုင်း ဖခင်ကြီးအပေါ် ချစ်ခင်လေးစား ဂုဏ်ယူနေမိပါတယ်။
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။
မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz