x

3.9.14

စီးဆင်းခဲ့သော ရင်တွင်းဖြစ်များ


၃၁ရက်သြဂုတ်လ။ ဘလော့ဒေးအတွက် တစတစနဲ့ ဘလော့ရွာကြီးထဲကို ရောက်လာကြတဲ့ ဘလော့ဂါတွေ ဘလော့ဒေးကြီး ကျော်လွန်သွားပြီဆိုတော့ ဖဦးထုပ်ရွာကြီးဆီကို အပြေးအလွှား ပြန်သွားကြပြီလားရယ်လို့ တွေးတောစဉ်းစားရင်း ဘလော့ရွာလေးဆီကို လေးတွဲတဲ့ ခြေလှမ်းတွေနဲ့ ကျမ တစ်လှမ်းခြင်း ၀င်လာခဲ့တယ်။ အရင်လို ဘိုနေမြဲ ကျားနေမြဲ တိတ်ဆိတ် ငြိမ်သက်နေပြီလားလို့ စိုးရိမ်သား။ ဘလော့ရွာထဲ အရောက်မှာ ကျမရဲ့ အထင်နဲ့အမြင် တက်တက်စင်အောင် လွဲခဲ့ပါလားဆိုတာ သိလိုက်ရတယ်။ မထင်မှတ်ပဲ ရွာလေးက စည်ကားမြဲ စည်ကားနေဆဲ။ စည်ကားဆို ရွာထိပ်မှာ ရွာသူကြီးတစ်ယောက် မမောနိုင် မပမ်းနိုင် စည်းရုံးရေးဆင်းပြီး ဆော်သြနေသကိုး။ ကိုယ့်ရဲ့ ဇာတိချက်ကြွေ ဘလော့ရွာလေးမှာ ဆက်လက်နေထိုင် ရှင်သန်စေလိုတဲ့ စေတနာနဲ့ပေါ့။ ဘလော့ဂါတွေကို ဘယ်လိုနည်းနဲ့ စည်းရုံးရေးဆင်းပြီး စိန်ခေါ်ပွဲကြီး စီစဉ်ထားပုံကို သူကြီးရဲ့ လင့်ခ်လေးဖြစ်တဲ့ http://kokomaunguk.blogspot.com/ မှာအသေးစိတ် လေ့လာ ဖတ်ရှု နိုင်ကြတယ်နော်။ သူကြီးမင်းရဲ့ အိမ်လေးကနေ ပြန်ထွက်လာတော့ ရွာအ၀င်တုန်းကလို လေးပင်နေတဲ့ ခြေလှမ်းမျိုး အလျဉ်းမရှိတော့ပဲ သွက်လက်ပေါ့ပါးတဲ့ ခြေလှမ်းများနဲ့သာ။
ကျမ ပျောက်ဆုံးနေတဲ့ လင့်ခ်လေးတစ်ခု သူကြီးဘလော့ထဲကနေ မထင်မှတ်ပဲ ပြန်ရခဲ့တယ်။ အရင် ကျမသုံးခဲ့တဲ့ တစ်နှစ်တစ်ခါ ငွေသွင်းပြီး သက်တမ်းတိုးရတဲ့ဘလော့လေး သက်တမ်းကုန်လို့ ပိတ်သွားတဲ့ နောက်ပိုင်း အခုလက်ရှိသုံးနေတဲ့ ဘလော့စပေါ့ဒေါ့ကွမ်းကို ငွေသွင်းစရာမလိုပဲ သုံးခွင့်ရခဲ့ပါတယ်။ ဘလော့ တစ်ခုကနေ တစ်ခုကို အကူးမှာ ဘလော့ဟောင်းက လင့်ခ်တွေ တော်တော်များများ ပြုတ်ကျန်ခဲ့တာကြောင့် အနီးစပ်ဆုံး ရသလောက် ဘလော့လင့်ခ်တွေကို ပြန်ချိတ်ခဲ့ပါတယ်။ ကိုယ်သွားလည်ဖြစ်တဲ့ ဘလော့အိမ်ထဲကနေ တွေ့လို ပြန်ယူလာခဲ့ရတာလဲ အကြိမ်ကြိမ်။ အခုလိုထည့်ရေးရခြင်းဟာ ဘလော့ဂါတစ်ချို့ အမြင်မလွဲစေချင်လို့ပါ။ နောက်တစ်ချက် ကျမကို ဘလော့ဂါအသစ်တစ်ယောက်က တန်းပလိတ်နဲ့ ပတ်သက်ပြီး အကူအညီ တောင်းခဲ့ဘူးတယ်။ ကျမလက်ရှိသုံးနေတဲ့ ဘလော့လေးကို ကျမရဲ့ တူလေးတစ်ယောက် ဆောက်ပေးထားတာဖြစ်ပြီး ကျမက စာရေးရုံသက်သက်မို့ အားနာစွာနဲ့ပဲ ဒီကနေတောင်းပန်ပါရစေ။ ကိုယ်တိုင်လုပ်တာ မဟုတ်ပါဘူးဆိုတာ ယုံဘူးတဲ့။ အဲ့လိုအထင်ကြီးတာ :P။ နောက်တစ်ခု ကျန်သေးတယ်။ တစ်ချို့ဘလော့တွေမှာရှိတဲ့ ကွန်မန့်ရေးတဲ့ ဘောက်စ်တွေထဲကို ကျမ ကွန်မန့် ရေးတဲ့အခါ ဖောင့်တွေက ကကြိုးကကြောင် ပေါ်တာကို လက်ရှိအသုံးပြုနေတဲ့ လက်တော့ပ်မှာ ကြုံရပြန်တယ်။ အစကတော့ အဲ့ဒီကွန်မန့်ဘောက်စ်မျိုးဆိုရင် အင်္ဂလိပ်လို တိုတိုတုတ်တုတ် တစ်ကြောင်းလောက်သာ ရေးခဲ့ရတယ်။ ဘလော့ဒေးရောက်တော့ ကျမရေးချင်တဲ့ ကွန်မန့်တွေကို Microsoft words မှာရေးပါတယ်။ ပြီးမှ ကော်ပီ ဖေ့စ် ပြန်လုပ်တဲ့နည်းကို စမ်းကြည့်တော့ ကကြိုးကကြောင်စာတွေက တည့်တည့်မတ်မတ် ပေါ်လာတာကို တွေ့ရတော့ အတိုင်းမသိ ပျော်သွားသလို နောက်ပိုင်းမှာ ကျမကွန်မန့်ပေးတာ အခက်အခဲမရှိတော့ပါ။
ရင်ထဲက စီးဆင်းမှုလေးတွေကို ပြောပြရရင် တစ်နေသာဝင်သွားပြီး စာဖတ်သူတို့ ညည်းငွေ့သွားနိုင်ပါတယ်။ ဒါကြောင့် လိုရင်းကိုဆိုရရင်ဖြင့် ဘလော့ဒေးရောက်လာတဲ့ အချိန်ကာလမှာ ဘလော့ဂါတွေဟာ ကိုယ်ပိုင် ဘလော့လေးတွေနဲ့ ဘယ်လောက်ပင် အလှမ်း ဝေးကွာနေပါစေ ကိုယ်တိုင်မွမ်းမံ ပြင်ဆင် ချယ်သခဲ့တဲ့ ဘလော့လေးတွေမို့ အလုပ်ရှုပ်တဲ့ကြားကနေ ဘလော့ရွာထဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြန်လာခဲ့ကြတယ်။ ဒီ့အပြင် ဖြည်ရခက်တဲ့ နှောင်ကြိုးလေးတစ်မျှင်ကို ပိုမိုလို့ ခိုင်မြဲလာအောင် ထပ်မံရစ်ပတ် ချည်နှောင်လိုက်ပါသေးတယ်။ ဒါတွေကိုမြင်လိုက်ရတဲ့ ကျမအဘို့ ဘလော့ဂါတွေအပေါ် အရင်ထက်ပိုပြီး အဆပေါင်းများစွာ ယုံကြည်မှု ချစ်ခင်မှုများနဲ့အတူ ပျော်ရွှင် ကြည်နူးမှုတွေဟာ စမ်းရေပမာ စီးဆင်းနေတာ ရင်နဲ့အမျှ။
* အောက်ပါ ဘလော့ဂါများအား BPP-Challenge လုပ်ပါသည်။(သူကြီးမင်းလေသံအတိုင်း :P)
ဘလော့ရွာလေး စည်ကားဘို့သာရည်ရွယ်တာမို့ စိတ်မဆိုးကြေးနော် .. ပန်းပေးမယ် :)*


၁။ မြသွေးနီ
၂။ ရွှေအိမ်စည်
၃။ သက်ဝေ
၎။ မိုးငွေ့
၅။ မလေးအိမ့်ချမ်းမြေ့
၆။ ကိုအောင်(ပျူနိုင်ငံ)
၇။ သတိုး
၈။ ဏီလင်းညို
၉။ ညီလင်းသစ်
၁၀။ သက်တန့်ချို

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz