x

17.9.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၂၂


ကျမ မြန်မာနိုင်ငံကို ပြန်ဘို့အတွက် ဖေဖေဆုံးဖြတ်ချက် ချခဲ့ပြီးတဲ့နောက် လိုအပ်တာလေးတွေ ၀ယ်ခြမ်းနိုင်ရန် မေမေနဲ့ စတိုးဆိုင်တွေကို သွားရောက်ခဲ့တယ် ဆိုပေမယ့် ဂျပန်နိုင်ငံတုန်းကလို စိတ်ဝင်စားစရာ မရှိလှပါ။ ထူးထူးခြားခြား ၀ယ်စရာလဲမရှိသလို လက်ဆောင်အဖြစ် ၀ယ်စရာ ပုဝါ ပိတ်စကလွဲလို့ ကျန်တာမ၀ယ်ဖြစ်။ ပါကစ္စတန် အစ္စလာမ်မာဘက်မြို့ကနေ ရန်ကုန်မြို့တော်ကြီးကို ပြန်လာတဲ့ ခရီးစဉ်တစ်လျှောက် ကောင်းကင်မှာ ပျံသန်းနေတဲ့ လေယာဉ်ကြီးပေါ်ကနေ လိုက်ပါလာချိန်မှာတော့ ကျမအလွန်သဘောကျလေ့ရှိတဲ့ တိမ်စိုင် တိမ်ခဲတွေတောင် ကျမအာရုံမှာ မလှပနိုင်တော့။ အကြောင်းကား ရေခြားမြေခြားမှာ ကျန်ရစ်ခဲ့တဲ့ မောင်ငယ် ညီမငယ်တွေကို သတိတရ လွမ်းတဲ့စိတ်တစ်ခုဟာ အရာရာကို အကျည်းတန်စေခဲ့ခြင်းပါ။ ကျမမြန်မာပြည်ကို မပြန်ခင် တစ်ပတ်အလို ညစာထမင်းစားအပြီး မိသားစု ဆုံချိန်မှာ ဖေဖေပြောခဲ့တဲ့ မကြာသေးခင် အချိန်က ဖေဖေ့ရဲ့ ရင်ထိတ်ဖွယ်ရာ အတွေ့အကြုံလေး တစ်ခုကို ပြန်လည်သတိရရင်း တွေးတောနေမိတယ်။
လက်ရှိ ဖေဖေတာဝန်ကျတဲ့ အစ္စလာမ်မာဘက်မြို့ကနေ ပြည်တွင်းရှိ အရှေ့မြောက်ဖက်အရပ်ကို နိုင်ငံပေါင်းစုံမှ စစ်သံမှူးများ အားလုံးပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ သွားရောက်ရမယ့် အစီအစဉ်တစ်ခု ပေါ်ခဲ့တာကြောင့် အဲ့ဒီမနက်မှာ ဖေဖေအပါအ၀င် စစ်သံမှူးများအားလုံး အစ္စလာမ်မာဘက် ပြည်တွင်းလေကြောင်းမှာ ဆုံကြပြီး စစ်လေယာဉ်တစ်စင်းနဲ့ ခရီးစတင်ထွက်ခဲ့ကြတယ်။ ရာသီဥတု ကြည်ကြည်လင်လင်နဲ့ ပျံသန်းလာတဲ့လေယာဉ်ဟာ ခရီးတစ်ဝက် အရောက်မှာ တိမ်ထူထပ်ပြီး မြူတွေဆိုင်းကာ ရာသီဥတုလဲ ချက်ခြင်း လက်ငင်းဆိုးရွားလာတာနဲ့ ကြုံရတဲ့အခါ လေယာဉ်မှူးကြီးမှာ သက်ဆိုင်ရာ တာဝါတိုင်ကို စက်နဲ့သတင်းပို့ပေမယ့် လိုင်းများ ရုတ်တရက် ပြတ်တောက်ခဲ့ကာ ဆိုးရွားလာတဲ့ ရာသီဥတုကြောင့် ဖေဖေတို့ စီးနင်းလိုက်ပါလာတဲ့ လေယာဉ်လေးဟာ လူးလှိမ့်နေပါတော့တယ်။ လေယာဉ်မောင်တွေ ချပေးထားတဲ့ စားစရာ ဗူးများ ခွက်များလဲ ပြုတ်ကျကာ လေယာဉ်လေး မကြာခဏ အောက်ဖက်ကို ပြုတ်ကျတဲ့အကြိမ်အရေ များလာတဲ့အခါ စီးနင်းလိုက်ပါလာတဲ့ စစ်သံမှူးများအားလုံး စိုးရိမ် ထိတ်လန့်တဲ့ အခြေအနေကို ရောက်လို့လာပါတယ်။ လေယာဉ်မှူးကြီးလဲ အတတ်နိုင်ဆုံး စစ်လေယာဉ်လေးကို ထိန်းမောင်းရင်း တစ်ဖက်တစ်ချက်ရှိ ပန်ကန်နှစ်ခုအနက် တစ်ခုမှာ စက်ရပ်သွားပြန်တယ်။ လေယာဉ်လေးမှာ ဟန်ချက်မညီတော့ပဲ ယိမ်းထိုးလို့နေပါတော့တယ်။ ဒီအချိန်မှာ ဖေဖေဟာ ရတနာသုံးပါးနဲ့ မိဘဆရာသမားတို့ကို အာရုံပြုပြီး သူ့ရဲ့နောက်ဆုံးအချိန်လို့ တွေးတောနေချိန်မှာ သူ့မျက်လုံးထဲမှာ လူလားမမြောက်သေးတဲ့ အငယ်ဆုံး သမီးအထွေးလေးကို သတိတရ အာရုံမှာ မြင်လာတာနဲ့အမျှ စိုးရိမ်စိတ်တွေ ပေါ်လာကာ မျက်ရည် ကျမိခဲ့တဲ့အကြောင်း ပြောခဲ့ပါတယ်။ ကံကောင်းခြင်တော့ မထင်မှတ်ပဲ ရပ်နေတဲ့ ပန်ကာတစ်လုံး ပြန်လည်လာပြီး အနီးစပ်ဆုံး လေယာဉ်ကွင်းမှာ ထိုးဆင်းခဲ့တော့မှ လေယာဉ်ပေါ်ပါလာသူ စစ်သံ တစ်ဖွဲ့လုံး သက်ပြင်း ချနိုင်ပါတော့တယ်။ ကျမဖေဖေရဲ့ ဖြစ်ကြုံမှုလေးတွေကို ပြန်တွေးရင်း ဖေဖေ့ကိုလွမ်းသွားပြန်တယ်။
ရန်ကုန်ပြန်ရောက်လာတော့ ဒဿမတန်းပညာကို ကျမဆက်သင်ယူခဲ့ရပါတယ်။ ငယ်စဉ်ထဲက မှတ်ဥာဏ် ထိုးထွင်းဥာဏ် အားနည်းခဲ့တဲ့ ကျမအဘို့ ဒဿမတန်းပညာကို သူများတကာထက် အဆများစွာ ခက်ခက်ခဲခဲ ကြိုးစားသင်ယူခဲ့ရပါတယ်။ အဒေါ်ရဲ့အိမ်မှာ ဆယ်တန်းတက်နေသူ ကျမ၊ ညီမ၀မ်းကွဲမဖြူအပြင် မာလာဆိုတဲ့ သူငယ်ချင်းတစ်ယောက်။ မာလာရဲ့ မိဘများ ရှမ်းပြည်ဖက်ကို ပြောင်းသွားတာကြောင့် ရန်ကုန်မှာ ဒဿမတန်း ပြီးဆုံးတဲ့အချိန်ထိ သင်ချင်တဲ့အတွက် အဒေါ်ဆီကခွင့်ပြုချက် တောင်းပြီးအဒေါ်ရဲ့ အိမ်မှာ နေခွင့်ရသူ။ စုစုပေါင်း ဆယ်တန်းကျောင်းသူ သုံးယောက် တစ်နှစ်တည်းအတူတူ ဖြေဆိုရမယ့် အခြေအနေမို့ စာတော်တဲ့ မာလာကို အားကျပြီး အဆပေါင်းများစွာ ကျမ ကျက်မှတ်ခဲ့ရပါတယ်။ အများအားဖြင့် ဦးနှောက်ထက်မြက်သူ အချို့ဟာ ကိုယ်ပိုင်အရည်အချင်းပေါ်မှာ ယုံကြည်မှုအပြည့်အ၀ ထားတတ်ကြတာကြောင့် ဇွဲ ၀ိရိယဘက်မှာ အားနည်းတတ်ကြသလို မှတ်ဥာဏ်အားနည်းသူ အချို့မှာတော့ မိမိအားကိုးစရာ ဆိုလို့ ဇွဲ ၀ိရိယသာ ရှိတာမို့ သာမန်လူထက် ပိုပြီးအားထည့်လေ့ရှိကြပါတယ်။ ဒါကလဲ ကျမကိုယ်တိုင် ကြုံတွေ့ခဲ့ရတာမို့ ကျမရဲ့ ထင်မြင်ယူဆချက်သက်သက်ပါ။ ကျောင်းကြီးပြန်ဖွင့်လို့ ဒဿမတန်း ပညာသင်နှစ်ကို ကျမ စတက်ချိန်ကစပြီး ကိုယ်တိုင်စာကျက်ဘို့ အချိန်ဇယားဆွဲခဲ့ပါတယ်။ ကျောင်းကပြန်ရောက်ချိန် ဖွားဖွားကို မီးဖိုချောင်မှာ ကူလုပ်ပေးပြီး သူများတကာ ညနေပိုင်း ကစား အနားယူ လုပ်နေတဲ့အချိန်မှာ ကျမအိပ်ခဲ့ပါတယ်။ ည ၉နာရီ အလျှိုလျှို အိပ်ယာဝင်ချိန်ရောက်ရင် ကျမအိပ်ယာကထပြီး ရေချိုး ထမင်းစားပြီးတာနဲ့ အိမ်စာတွေလုပ် တစ်နေ့စာ သင်ပြီးသား သင်္ခန်းစာကို အကြိမ်ကြိမ် လေ့ကျင့် ကျက်မှတ်ပါတယ်။ ဖွားဖွား တစ်ရေးနိုးတဲ့ ညဥ့်နက်ချိန်မှာ ကျမအတွက် ကော်ဖီ မုန့် လဘက်သုပ် သစ်သီး အစရှိတာတွေ တစ်မျိုးမျိုး လာကျွေးလေ့ရှိပါတယ်။ မနက် ၃နာရီမှာ အိပ်ယာပြန်ဝင်လေ့ရှိပြီး တစ်ခါတစ်ရံ မနက် ၄နာရီလောက်ဖြစ်သွားတတ်ပါတယ်။ မနက် ၇နာရီ အိပ်ယာမှထပြီး ကျောင်းသွားဘို့ ပြင်ဆင်ရပါတယ်။ လူခြေတိတ်ဆိတ်ချိန် ကျက်မှတ်ရခြင်းဟာ သာမန်အချိန်ထက် မှတ်ဥာဏ်စွမ်းရည် ပိုကောင်းသလို ခံစားရတဲ့အတွက် ညဥ့်အချိန်စာကြည့်တာကို ကျမပိုနှစ်သက် သဘောကျခဲ့တယ်။ အတန်းထဲ ဆရာမစာသင်ချိန်မှာလဲ အတတ်နိုင်ဆုံး အာရုံမလွင့်အောင် ကြိုးစားသင်ယူခဲ့ပါတယ်။ စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်များမှာတော့ ကိုယ်နားမလည် မရှင်းလင်းတဲ့ စာမှန်သမျှကို ဘာသာရပ်ဆိုင်ရာ ဆရာမတွေဆီမှာ သွားရောက်မေးမြန်းပြီး မှတ်သား ကျက်မှတ်ပါတယ်။ ရက် လတွေကျော်ဖြတ်ရင်း အတန်းတင်စာမေးပွဲကြီး နီးကပ်လာတာနဲ့အမျှ ဇွဲ ၀ိရိယရဲ့ အကျိုးကြောင့် သင်္ခန်းစာ အတော်များများ ကျေညက်သလောက် ရှိနေပါပြီ။ ဒါပေမယ့်လဲ စာမေးပွဲ မပြီးဆုံးသေးသမျှ ကျောင်းသားတစ်ယောက်အတွက် စာက ကျက်လို့ မကုန်သေးတာမို့ ပုံမှန်ထက်ပိုပြီး အားထည့်ကြိုးစားရင်း ဒဿမတန်းကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပါတယ်။
ဆယ်တန်းစာမေးပွဲအောင်စာရင်း ထွက်လာတဲ့အခါ ဂုဏ်ထူး ၄-ဘာသာနဲ့ အောင်ခဲ့တဲ့ ကျမ ဖေဖေဆီကနေ ‘Congratulation’ ဆိုတဲ့ ကြေးနန်းကို လက်ခံရရှိခဲ့သလို ရှေ့တန်းရောက် အစ်ကိုကြီးဆီကနေ ဂုဏ်ထူးတွေနဲ့ အောင်တာကို ဂုဏ်ပြုတဲ့အကြောင်း စာလေးနဲ့အတူ မုန့်ဘိုးလှမ်းပို့တာကို ရရှိခဲ့ပါတယ်။ အဒေါ် ဦးလေးတို့ကလဲ မုန့်ဘိုး လက်ဆောင် တစ်ယောက်တစ်မျိုး ပေးခဲ့ကြတယ်။ အားလုံးထဲမှာ ကျမအနှစ်သက်ဆုံး လက်ဆောင်ကတော့ အဒေါ်အကြီးဆုံးက ကျမအတွက် သိမ်းဆည်းထားခဲ့တဲ့ ကျမမွေးမေမေရဲ့ ဆွဲကြိုးလေးနဲ့ အတူ လော့ကက်သီးလေးပါ။
ကျမအဒေါ်ဆီကနေ လက်ဆောင်ရခဲ့တဲ့ မေမေ့ရဲ့ဆွဲကြိုးနဲ့လော့ကက်သီးလေး

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz