x

22.9.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၂၃


တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးဖြေဆိုပြီး ရက်ပိုင်းအကြာမှာ တစ်ပတ်ခန့် ကျမအပြင်း ဖျားခဲ့ပါတယ်။ ဇွဲ ၀ိရိယတို့ကို သုံးသင့်တာထက်ပိုပြီး အသုံးချမိခဲ့တာကြောင့် စာမေးပွဲပြီးလို့ စိတ်လျှော့လိုက်တဲ့အခါမှာ ကျမရဲ့ ကိုယ်ခန္ဓာလဲ အိပ်ယာပေါ်ကို ဘုံးဘုံးလဲခဲ့ခြင်းထင်ပါရဲ့။ မိဘသဖွယ် ဦးလေးနဲ့အဒေါ်တို့က ဂရုတစိုက် ဆေးကုသပေးခဲ့ပါတယ်။ တစ်နှစ်နေလို့ တစ်ကြိမ် ကျန်းမာရေး မကောင်းလို့ အိပ်ယာပေါ် လဲတယ်ဆိုတာ မရှိသလောက်ပါ။ နေမကောင်းဖြစ်ပြီဆိုရင်လဲ သတိလစ်လောက်အောင် ဖြစ်တတ်ပြန်။ ထူးခြားချက်လေးတစ်ခု ကြုံတွေ့ခဲ့ရတာမို့ ဒီကိစ္စလေးကို အစချီနေခြင်းပါ။ ကျမနေတာက ဟယ်လ်ပင်လမ်းနဲ့ မနော်ဟရီလမ်းအကြားမှာ ဆောက်ထားတဲ့ ပြည်ထောင်စုရိပ်သာ ၀န်ထမ်းတိုက်။ တိုက်အိမ်တွေရဲ့ ဖွဲ့စည်းပုံက လေးခန်းပါပြီး ပထမထပ်နဲ့ ဒုတိယထပ် နှစ်ထပ်တိုက်များဖြစ်ကာ အောက်ဆုံးထပ်ကတော့ ကားဝင် ကားထွက် လွယ်စေတဲ့ ပေါ်တီကိုများ ဖြစ်ပါတယ်။ တိုက်နှစ်လုံးဆီ မျက်နှာခြင်းဆိုင် ဖွဲ့တည်ထားပြီး တိုက်နှစ်လုံးရဲ့ အလယ်မှာ မြက်ခင်းဝိုင်းလေးတွေ ထားပါတယ်။ ကျေးဇူးရှင် ဦးလေး (အဒေါ်အကြီးမေကြည်ရဲ့ခင်ပွန်း)ကို မှီခိုရင်း ဖွားဖွားအပါအ၀င် အိမ်သား စုစုပေါင်း ၁၂ယောက် နေထိုင်ကြပါတယ်။ ကျမတို့နေတာက ပထမထပ် ထူးခြားချက်ကို ဆက်ရေးရမယ်ဆိုရင် ကျမနေမကောင်း ဖြစ်နေတဲ့ တတိယည သန်းခေါင်ယံမှာ ကျမခေါင်းရင်းနားက လက်ခုပ်သံကြောင့် ကျမနိုးလာပါတယ်။ အိပ်ယာပေါ် ထထိုင်ပြီး ခေါင်းရင်းပေါက် တရုတ်ကဒ်ကို လက်လှမ်းကာ နည်းနည်းဟ အကြည့် လူမဟုတ်တဲ့ အမျိုးအမည် ဖော်ပြရခက်တဲ့ သတ္တ၀ါသုံးကောင်လို့ ခေါ်ရမလား သုံးယောက်လို့ ခေါ်ရမလား မဝေခွဲနိုင်တဲ့ ထူးဆန်းသတ္တ၀ါကို မြင်ရပါတယ်။ ခေါင်းမှာလဲ အတက်လေးတွေ ကိုယ်စီကိုယ်ငှ ရှိကြပြီး ခန့်မှန်း အရပ်အမြင့် ၃-ပေခန့်ရှိကာ မြက်ခင်းပြင် အ၀ိုင်းလေးထဲမှာ အစွန်း တစ်ဖက်ကနေ ကျန်အစွန်း တစ်ဖက်ကို ပြေးလွှားနေကြတာကို မြင်ရတယ်။ ပြေးလွှားတယ် ဆိုပေမယ့် ခြေထောက်ကို အသုံးပြုပြေးလွှားခြင်းမျိုး မဟုတ်ပါ။ ခြေလှမ်း မလှမ်းပဲ စက်တပ် စက်ဘီးစီးသလို အလိုအလျောက် သွားနေခြင်းမျိုး။ ထူးထူးခြားခြားမို့ ကျမလဲ စိုက်ကြည့်နေမိတယ်။ တခဏကြာတော့ ကျမဘက်ကို လှည့်ပြီး လက်ယပ်ခေါ်ပါတယ်။ ကျမ ပိုအံ့သြပြီးဆက်ကြည့်နေချိန်မှာ ‘ဂျလောက်’ ဆိုတဲ့အသံနဲ့ အတူ ကျမအခန်းထဲကို ဖွားဖွားဝင်လာပါတယ်။ ဖွားဖွားကိုလှည့်ကြည့်ပြီး ပြန်အလှည့်မှာ ထူးဆန်း သတ္တ၀ါလေးတွေ မရှိတော့ပါ။ ဖွားဖွားက ‘သက်သာရဲ့လား ပူလူး ဘာလို့ ငုတ်တုတ် ထထိုင်နေရတာလဲ’ လို့မေးတော့ ကျမလဲ အဖြစ်အပျက်ကို ပြောပြလိုက်တယ်။ ဖွားဖွားက ‘ဘုရား ဘုရား’ လို့ပြောရင်း နှုတ်ကနေ ဘုရားစာတွေ ရွတ်ဖတ် သရစ္ဇျာယ်ပြီး ‘ခဏနေအုံး ဖွားဖွား ပရိတ်တော်ရေ သွားယူလိုက်အုံးမယ်’ လို့ပြောပြောဆိုဆို ဘုရားခန်းကနေ ပရိတ်ရေယူလာပြီး ကျမကို တိုက် ဖြန်းလုပ်ပေးပါတယ်။ ကျမအိပ်ပျော်တဲ့အထိ ဖွားဖွား ကျမနဘေးမှာ ဘုရားစာတွေ ရွတ်ဖတ်ပေးခဲ့ပါတယ်။ နောက်တစ်နေ့ အိပ်ယာကထတော့ အိပ်မက်လိုလို ဖြစ်ရပ်မှန်လိုလို ဖြစ်တဲ့အတွက် ဖွားဖွားကို မေးကြည့်ရာ ညကအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ခေါင်းထဲကနေ ထုတ်ပစ်လိုက်ဘို့ ပြောပါတယ်။ ဖွားဖွားကလွဲပြီး တစ်ယောက်တစ်လေမှ ကျမပြောတာကို မယုံကြည်ကြသလို အဖျားပြင်းလို့ ကယောင်ကတန်း အိပ်မက်မက်တာဖြစ်မယ်လို့ သုံးသပ်ကြပါတယ်။
မကြာခင်ပဲ ဦးလေးက ရခိုင်ပြည်နယ် ဂွမြို့မှာ မော်တော်ယာဉ် လိုင်းသစ်ဖွင့်ပွဲ ရှိတာနဲ့ ကုန်းလမ်းကနေ သွားရောက်ဘို့ အိမ်က လိုက်မည့်သူစာရင်းနဲ့အတူ ခရီးစဉ်ကို ဆွဲပါတယ်။ ဆယ်တန်းမှာ ကြိုးစားခဲ့ရလို့ ခြေကုန်လက်ပမ်းကျနေပြီး နေကောင်းခါစ ကျမကို စိတ်ခွန်အား ပြန်လည်ဖြည့်ဆည်းနိုင်ဘို့ ဆိုပြီး ခရီးစဉ်မှာ လိုက်ခဲ့ဘို့ အဒေါ်ကခေါ်တာကြောင့် ခရီးထွက်တာ နှစ်သက်တဲ့ ကျမ ပျော်ရွှင်စွာနဲ့ ရခိုင်ပြည်နယ် ခရီးစဉ်ကို ပါသွားခဲ့တယ်။ ဂွမြို့မှာ မော်တော်ယာဉ်လိုင်းသစ် ဖွင့်ပြီးတဲ့ နောက်တစ်နေ့မှာ သံတွဲကို ခရီးဆက်ကြကာ သံတွဲဗိုလ်တဲမှာ သုံးညတည်းခိုကြပါတယ်။ ပင်လယ်ရေပြင်ကြီးနဲ့ အနည်းငယ် အလှမ်းဝေးတဲ့ ဗိုလ်တဲကနေ ပင်လယ်ဆီကို ဂျစ်ကားလေးနဲ့ နေ့စဉ်မနက် စောစော သွားရောက်ကြပါတယ်။ ရန်ကုန်မြို့ကနေ ဂွအထိ ကားလမ်းတစ်လျှောက် ကြမ်းတမ်းတာမို့ အားလုံးလိုလို မူးနောက်နေကြပေမယ့် ပင်လယ်ရေနဲ့ ထိတွေ့မှုအောက်မှာ ပင်ပန်းနွမ်းနယ်မှုတွေ ပျောက်ကွယ် သွားပါတယ်။ သုံးရက် ဆက်တိုက် ပင်လယ်အစပ် သဲသောင်ပြင်ပေါ်မှာ စက်ဘီးစီးကြ လမ်းလျှောက်ကြ တစ်ခါ ရေထဲဆင်းပြီး လှိုင်းစီးကြ ရေကစားကြ ပြန်တက်လာရင် အုန်းရည် ချိုချိုလေး သောက်ကြနဲ့ ကုန်ဆုံးခဲ့တဲ့ စိတ်ခွန်အားတွေ အသစ်တဖန် ပြန်လည်လို့ ပြည့်ဝလာပါတော့တယ်။
တက္ကသိုလ်ဝင်ခွင့်တွေ တင်ရမည့်အချိန်ကို ရောက်လာချိန်မှာတော့ ‘တင့်တင့် ဘယ်တက္ကသိုလ် ဆက်တက်မယ် စိတ်ကူးသလဲ’ အဒေါ်ရဲ့ အမေးကို ‘စက်မှုတက္ကသိုလ်ကို တက်မယ် မေကြည်’ လို့ကျမက တုံ့ဆိုင်းခြင်း အလျဉ်းမရှိ ချက်ခြင်းလက်ငင်း ပြန်ဖြေလိုက်တော့  မေကြည်က ခဏတာ စဉ်းစားပြီး ‘ဦးစားပေးကတော့ ဆေးတက္ကသိုလ် ဘာသာရပ်ကို လျှောက်ပြီး ဒုတိယ ဦးစားပေးကျမှ စက်မှုတက္ကသိုလ် ဘာသာရပ်ကို လျှောက်ပေါ့’ မေကြည်က ပြောပြီးတာနဲ့ ကျမရဲ့ အဖြေကိုစောင့်ဆိုင်းနေခြင်း မရှိတော့ပဲ ချာကနဲ လှည့်ထွက်သွားတော့ ကျမခေါင်းကိုက်ပြီပေါ့။ ငယ်စဉ်ထဲက သွေးမြင်ရင် အလိုလိုနေရင်း ပျို့အန်ချင်သလို စိတ်ရှုပ်ထွေးလာတတ်တဲ့ ကျမအဘို့ အဘယ်သို့ ခရီးဆက်ရပါ့။ ကျမတို့ ငယ်စဉ်က လူကြီးမိဘ ဦးကြီး ဦးလေး ဒေါ်ကြီး ဒေါ်လေးတို့အပေါ် ဘယ်သောအခါမှ စောဒက တက်တာမျိုး အလျဉ်းမရှိခဲ့သလို ပြန်ပြောတဲ့စကား ‘ဟုတ်ကဲ့’ တစ်ခွန်းသာ။ အခုခေတ် လူငယ်လူရွယ်တွေနဲ့ ကွဲပြားပုံများ။ သူတို့လေးတွေကိုလဲ အပြစ်တင်ရခက် အကြောင်းက ခေတ်ရေစီးကြောင်းမှာ ကျမတို့ ငယ်စဉ်ကထက် အဆပေါင်းများစွာ တတ်သိ နားလည်ကြလေတော့ သူတို့ရဲ့ စောဒက တက်မှုလေးတွေရဲ့ နောက်ကွယ်မှာ ခိုင်လုံတဲ့ အကြောင်းပြချက်လေးတွေ ရှိနေစမြဲပါ။ အကြောင်းနဲ့ အကျိုး လျော်ညီစွာဖြေကြားပြန်တော့လဲ အလျှော့ပေးရပေါင်း အခါခါ။ ရပ်တံ့လို့မရ မပြတ်တမ်း စီးဆင်းနေတဲ့ အချိန်တွေရဲ့ နောက်မှာတော့ ကျမရဲ့ အမှတ်ပေါင်းက ဆေးတက္ကသိုလ်တက်ဘို့ ၁-မှတ်လိုနေတာကြောင့် ကျမ နှစ်သက် သဘောကျတဲ့ စက်မှုတက္ကသိုလ်ကို ၀င်ခွင့်ရခဲ့ပါတယ်။ ကျိတ်ပြီး ၀မ်းသာပျော်ရွှင် ကျေနပ်နေမိတာ အဒေါ်သာသိရင် စိတ်ကောင်းမယ်မထင်။ တကယ်လို့များ ဆေးတက္ကသိုလ်သာ တက်ခွင့်ရခဲ့ရင် ကျမရဲ့ အတိတ်ဥာဏ် အားနည်း အားပျော့တဲ့ အမှတ်သညာ အရည်အချင်းနဲ့ ဆရာဝန်ဖြစ်ဘို့တောင် ခပ်ခက်ခက်လို့ တွေးမိခဲ့ပါသေးတယ်။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz