x

9.9.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၂၁


တိုတောင်းတဲ့ တစ်နှစ်တာကာလ ပြီးဆုံးသွားခဲ့ပြီမို့ ကျမလဲ ဘိုနေမြဲ ကျားနေမြဲ နေရာဟောင်းလေးကို တစ်ပတ်ပြန်ကျော့လို့ ရောက်ခဲ့ပြန်တယ်။ အထက်တန်းပညာကို ဆက်လက်သင်ကြားနေဆဲ မိသားစု ဂျပန်နိုင်ငံမှာ သုံးနှစ်တာ ကြာပြီးတဲ့နောက် ကျမရဲ့ဖေဖေ နောက်တစ်နိုင်ငံဖြစ်တဲ့ ပါကစ္စတန်နိုင်ငံကို စစ်သံမှူးအဖြစ် ဆက်လက်ပြီး သွားရောက်ခါ တာဝန်ဝတ္တရားများ ထမ်းဆောင်ရမှာ ဖြစ်တဲ့အကြောင်း သတင်း ရောက်လာပါတယ်။ ရန်ကုန်မြို့မှာ ထရန်စစ်အနေနဲ့ တစ်လလောက်နေမှာမို့ ကျမပျော်နေတယ်။ ခွဲခွာနေရတဲ့ မောင်ငယ် ညီမငယ်တွေနဲ့ ခဏတာဖြစ်စေ အခုလို ပြန်လည်ဆုံဆည်းရမယ့် အရေး တွေးရင်း ကြည်နူးနေမိတယ်။ ဂျပန်နိုင်ငံမှာ နေထိုင်ခွင့်ရခဲ့တဲ့ တစ်နှစ်တာကာလဟာ ကျမအတွက် အလွန် တိုတောင်းခဲ့ပေမယ့် ဖေဖေတို့နဲ့ ပြန်တွေ့ဘို့ စောင့်ဆိုင်းနေရတဲ့ ၁၅-ရက်ဟာ တစ်နှစ်တာထက် ပိုလို့တောင် ကြာနေတယ်လို့ ထင်နေခဲ့မိတယ်။ တစ်နေ့တစ်နေ့ မကုန်နိုင်တဲ့ရက်တွေကို လက်ချိုး ရေတွက်ရင်းနဲ့ပဲ ဖေဖေတို့ ရန်ကုန်မြို့ကို ရောက်လာပါတယ်။ အရင်လို ကျောင်းအပျက်ခံပြီး တစ်နှစ်လောက် ပါကစ္စတန်နိုင်ငံကို လိုက်ချင်တာကြောင့် ဖေဖေ့ကို ခွင့်တောင်းကြည့်တော့ ဖေဖေက သူ့ညီမဖြစ်သူ ကျမရဲ့အတန်းပိုင် အဒေါ်နဲ့ အရင်ညှိအုံးမယ်လို့ နှစ်သိမ့်ခဲ့တယ်။ ဖေဖေတို့ ထရန်စစ်လုပ်တဲ့ တစ်လတာအချိန် ပြည့်သွားတဲ့အခါ ကျမကို န၀မတန်းစာမေးပွဲပြီးရင် အလည်လိုက်ခဲ့ဘို့ ပြောတဲ့အတွက် ကျမလဲ ခေါင်းညိတ်ပြီး ဟုတ်ကဲ့လို့ပြောခါ ကျေနပ်ခဲ့ပါတယ်။ မိသားစုနဲ့ ဝေးကွာသွားတိုင်း ကျမရင်ထဲမှာ ဟာတာတာ ကျန်ရစ်ခဲ့တဲ့ ခံစားမှုဟာ တစ်ကြိမ်ကနေ နှစ်ကြိမ် ဖြစ်လာတဲ့ အခါမှာတော့ ခံစားမှု အရှိန် အရင်လို မဟုတ်တော့ပဲ လျော့နည်းသွားပါပြီ။
အချိန်ပိုတွေ သင်ပေးနေတဲ့ကြားက ကျမရဲ့ စာမေးပွဲတိုင်းမှာ ရမှတ်တွေ နည်းတာကြောင့် အဒေါ်က ကျမအပေါ် စိတ်တိုင်းမကျပါ။ ချော့တစ်လှည့် ခြောက်တစ်လှည့် နည်းလမ်းအမျိုးမျိုးသုံးပြီး ဆုံးမသလို အချိန်ပိုတွေ သင်ပေးတဲ့ ကျေးဇူးရှင် ဆရာမများကလဲ တစ်နေ့တစ်နေ့ အိမ်စာတွေ တနင့်တပိုးပေးပြီး ကျမကို ဂရုတစိုက် ကြပ်မတ်ကြပါတော့တယ်။ ကျမတို့အတန်းထဲမှာ အလွှာပေါင်းစုံရဲ့ သားသမီးတွေ  ပညာသင်ကြားနေကြသလို စာတော်သူ ကျောင်းသူအချို့ရဲ့ အဒေါ်တွေကလဲ ကျောင်းဆရာမတွေပဲမို့ ဆရာမတစ်တွေရဲ့ကြားမှာ ကျမကြောင့် ဆရာမအဒေါ် မျက်နှာငယ်ရမှာစိုးလို့ သူများတကာထက် စာကို ပိုကျက်မှတ်ခဲ့တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျမရဲ့ ဦးနှောက်က အမှတ်သညာနဲ့ ထက်မြက်မှု အားနည်းသလောက် ဇွဲ ၀ိရိယကတော့ ရှိသင့်တာထက် ပိုဆောင်းပြီး ကြိုးစား အားထုတ်လေ့ရှိခဲ့တယ်။ တစ်ဖြည်းဖြည်း ကျမရဲ့ စာမေးပွဲရမှတ်တွေ တစ်ကြိမ်ထက်တစ်ကြိမ် တက်လာတာကို ချီးကျူးလိုက်ရင် ကြိုးစားမှုအရှိန် လျော့ကျသွားမှာ စိုးရိမ်တာကြောင့် အဒေါ်က ဘယ်တော့မှ ချီးမွမ်းခြင်း မရှိပဲ ဒီထက်ပိုပြီး ကြိုးစားအုံးနော်လို့ အမြဲပြောခဲ့တယ်။ ချီးကျူးတာမျိုး မလုပ်ပေမယ့် စာမေးပွဲတစ်ခါ ဖြေဆိုလို့ ရီပို့ကဒ်မှာ အဆင့်တက်လာတိုင်း အင်္ကျီ လုံချည်လေးတွေ လက်ဆောင်ပေးလေ့ ရှိပါတယ်။ ပညာသင်နှစ် ပြီးဆုံးခါနီးမှာ အတန်းဖော်တစ်ယောက် သူနဲ့ပတ်သက်ပြီး ထူးထူးခြားခြား ကြုံတွေ့ရတယ်။ မိဘတွေက ပြီးပြည့်စုံတဲ့ အသိုင်းအ၀န်းထဲက ဖြစ်နေပေမယ့် သူ့ခမြာ စောရနက္ခတ် ပါလာတာကြောင့် အချိန်တန်ရင် သူများပစ္စည်း ခိုးဝှက်တာမျိုး မလုပ်ပဲ မနေနိုင်တာကို တွေ့ရတယ်။ တစ်နှစ်တစ်ကြိမ် အတန်းတက်ပြီးတိုင်း သူ့မိဘတွေမှာ ပြဿနာကို ကျောင်းမှာ လာရောက်ရှင်းနေရစမြဲ။ ကျောင်းမှာ ပြဿနာရှင်းပြီးတိုင်းလဲ အိမ်ရောက်ရင် ဖခင်ဖြစ်သူက တံခါးပိတ် ရိုက်တယ်လို့ ကြားရတော့ ကျမစိတ်မကောင်းဖြစ်မိတယ်။ သူကိုယ်တိုင်လဲ ခိုးဝှက်တဲ့ အလုပ်ကို လုပ်ချင်မှာမဟုတ်ဘူးလို့ ကျမထင်မိတယ်။ အကြောင်းက ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး သူများတကာထက် ပိုမသုံးရတဲ့တိုင် လျော့မရတဲ့ မုန့်းဘိုး နေ့စဉ်ရသလို အသားဟင်း တစ်နေ့တစ်မျိုး မရိုးအောင် ထည့်ပေးတာ တွေ့ရပါတယ်။ ဘာပစ္စည်း လိုချင်လိုချင် တစ်ဦးတည်းသော သမီးမို့ သူ့မိခင်က ဖြည့်ဆည်းပေးစမြဲပါ။  နောက်တစ်နေ့ ကျောင်းလာရင် သူ့ခမြာ အရိုက်ခံထားရတဲ့ အရှိုး အရာတွေ မြင်ရတာ စိတ်မကောင်းစရာပါ။
အချိန်တွေ တစ်ရွေ့ရွေ့ ကုန်ဆုံးရင်း နွေရာသီကျောင်းပိတ်ရက်ကို ရောက်လာချိန်မှာတော့ ကျမဖေဖေက ပါကစ္စတန်နိုင်ငံကို ကျမအလည်ပတ် သွားနိုင်စေဘို့ လှမ်းခေါ်ပါတယ်။ ပါကစ္စတန်ကို အလည်သွားရမှာ ဂျပန်နိုင်ငံကို အလည်သွားရမယ် ဆိုတဲ့အချိန်ကလို ခံစားချက်မတူ တမူကွဲပြားနေပါတယ်။ ရာသီဥတုကအစ မြန်မာနိုင်ငံနဲ့ တူညီနေတဲ့ ပါကစ္စတန်နိုင်ငံကို ရောက်သွားတဲ့အခါမှာလဲ ထူးထူးခြားခြား ပျော်ရွှင်မှုမျိုး မရှိခဲ့ပဲ ကိုယ့်နိုင်ငံအတွင်းမှာ တစ်နယ်ကနေ တစ်နယ်ကို သွားလည်တဲ့ ခံစားမှုမျိုးလောက်သာ။ ဒီတစ်ခါတော့ လေယာဉ်ကွင်းကို ဖေဖေကိုယ်တိုင် လာကြိုပြီး အိမ်အပြန် လမ်းတစ်လျှောက် အာလာပ သလာပ ပြောရင်း အိမ်ရဲ့ခြံဝင်းကြီးထဲကို ကျမတို့စီးနင်းလာတဲ့ ကားလေး ၀င်ရောက်လာပါတော့တယ်။ ကျောင်းဖွင့်ရက်မို့ အငယ်တွေ ကျောင်းသွားနေကြပါတယ်။ မေမေနဲ့ အိမ်ကူတစ်ယောက်သာ ကျမကို နွေးနွေးထွေးထွေး ကြိုဆိုကြပါတယ်။ အိမ်အကူကို မြင်လိုက်တော့ ဂျပန်မှာတစ်နှစ်တာ နေစဉ်အခါက ရင်းနှီးခင်မင်ခဲ့ရတဲ့ အိုဂျီးစံနဲ့အိုကားစံတို့ကို လျှပ်တစ်ပြက် သတိရ လွမ်းလိုက်မိပါသေးတယ်။ ရောက်မဆိုက် မေမေရဲ့ ပြောပြချက်အရ ကျမတို့နေထိုင်ရာ အိမ်ရဲ့ တစ်ဖက် တစ်ချက်မှာ နိုက်ဂျီးရီးယား စစ်သံမှူးနဲ့ ဂါနာစစ်သံမှူးတို့ နေထိုင်ကြပြီး ဂါနာစစ်သံမှူးရဲ့ တူမလေး အာကျူးပီဆိုသူဟာ ကျမနဲ့ ရွယ်တူဖြစ်ကြောင်း ပြောပြပြီး များမကြာခင်မှာပဲ အာကျူးပီဟာ ကျမနဲ့ ရင်းနှီးခင်မင်ရတဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာပါတော့တယ်။ အာကျူးပီဟာ ပွင့်လင်းပြီး စကားပြောရင် တိုးတိုးမပြောတတ်။ ရယ်စရာရှိရင်လဲ ၀ါးလုံးကွဲရယ်တတ်သူ။ ကျမတို့အိမ်မှာ ဘာပွဲလုပ်လုပ် လှမ်း မခေါ်တဲ့တိုင် အရောက်လာပြီး ကူညီတတ်သူတစ်ယောက်။ ကျမ နေရမယ့် အခန်းကို မေမေကလိုက်ပို့ပြီး ညနေပိုင်း ကျောင်းဆင်းချိန်မှာ အိမ်ကိုပြန်ရောက်လာတဲ့ မောင်ငယ် ညီမငယ်တွေနဲ့ ပြန်ဆုံတော့ ပျော်မဆုံး မော်မဆုံး။ သူတို့လေးတွေရဲ့ အလုအယက် သူ့ထက်ငါ ပြောသမျှ စကားတွေကို ခေါင်းတညိမ့်ညိမ့် နားထောင်ရင်း တစ်နေ့တာကို ညဥ့်နက်တဲ့အထိ ကုန်လွန်စေခဲ့တယ်။
မနက်မိုးလင်းတော့ မေမေက အငယ်တွေ ကျောင်းမသွားခင် မနက်စာ အဆာပြေအဖြစ် ဖုတ်ထားတဲ့ မိုက်ခရိုနီမုန့်ဘန်းကို အာဗင်ထဲကနေ ထုတ်လာပြီး ကော်ဖီနဲ့ကျွေးသလို ကျမကိုလဲ မုန့်လုပ်နည်းကို အသုံးပြုရတဲ့ ကုန်ကြမ်း recipe ကအစ လိုအပ်တာတွေကို သင်ကြားပေးပြီး ကျမကို လက်တွေ့ စမ်းသပ် လုပ်စေခဲ့တယ်။ ကျောင်းပိတ်ရက်ရောက်တော့ မောင်ငယ် တူတူးက ကားရှင်းတဲ့ တစ်နေရာမှာ ဆိုင်ကယ်မောင်းနည်း သင်ပေးပြန်တယ်။ လွယ်လွယ်ကူကူနဲ့ပဲ ကျမဆိုင်ကယ် မောင်းနည်းကို တတ်မြောက်ခဲ့တယ်။ မေမေကလဲ သွားနေကျ ဈေးတွေမှန်သမျှဆီ ခေါ်သွားပြီး အတွေ့အကြုံကို ယူစေတယ်။ ဈေးဝယ်သွားရတော့တော့ ကျမစိတ်မပျော်ပါ။ စည်းကမ်းမဲ့တဲ့ ကား လူတွေကြားမှာ ကိုယ်စီးတဲ့ ကားနဲ့မပွတ်မိအောင် ကားဒရိုင်ဘာမှာ တိမ်းရှောင်ရတာ အလုပ်တစ်လုပ်။ ပျော်စရာကောင်းတဲ့ ရက်လေးတွေကတော့ စစ်သံမှူး သားသမီးတွေစုပြီး ကိုယ့်အိမ်မှာ တစ်လှည့်ဆီ ဆုံဆည်းပွဲလေး အလှည့်ကျလုပ်တဲ့ ရက်တွေပါ။ ဆုံဆည်းပွဲလေးတွေမှာ နိုင်ငံပေါင်းစုံက သားသမီးတွေက ကိုယ့်နိုင်ငံရဲ့ စကားလေးတွေကို အချင်းချင်း သင်ပေးပြီး ဖလှယ်ကြသလို ကိုယ့်နိုင်ငံရဲ့ထွက်ကုန် ပစ္စည်း အစားအသောက် ရာသီဥတုကအစ မှတ်သားစရာလေးတွေ ပြောပြကြရတယ်။ ကိုယ့်နိုင်ငံအကြောင်း မိတ်ဆက်ပြီးတဲ့အခါ အကျွေးအမွေးစတယ်။ စားသောက်ပြီးတဲ့အခါ ပါဆယ်ထုပ် လှည့်ကစားနည်း ကစားကြတယ်။ ရိုးရှင်းတဲ့ ကစားနည်းပါ။ ၀ိုင်းထိုင်ကြပြီး သီချင်းတစ်ပုဒ်ဖွင့်ပါတယ်။ အဲ့ဒီသီချင်းဖွင့်သူက ၀ိုင်းထိုင်နေကြသူတို့ကို ကျောပေးထားရပြီး အဖွင့်အပိတ်လုပ်ရပါတယ်။ သီချင်းပိတ်လိုက်ချိန် ပစ္စည်းထုပ် လက်ဝယ်ရောက်နေသူက အသင့် ပြင်ထားတဲ့ မဲကိုနှိုက်ပြီး မဲထဲမှာ စေခိုင်းထားတဲ့အတိုင်း လုပ်ရတဲ့ ကစားနည်းမျိုးပါ။ ကိုယ့်နိုင်ငံရဲ့ သီချင်းကို ဆိုခိုင်းသလို ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုအကကို ကပြရတာမျိုး။ ရဲရဲဝံ့ဝံ့နဲ့ မရှက်မကြောက် မဲကျရာကို လုပ်ဆောင်ရင်းကနေ တစ်ဦးနဲ့တစ်ဦး ပိုမို ရင်းနှီးလာကြသလို နိုင်ငံပေါင်းစုံရဲ့ သိသင့်တဲ့ အခြေခံ အကြောင်းအရာလေးတွေကို သိရှိခွင့်ရခဲ့တယ်။ မကြာခင်မှာပဲ ကျမအတွက် နွေရာသီ ကျောင်းပိတ်ရက်ကြီး ကုန်ဆုံးသွားပြီမို့ ဖေဖေက ကျမရဲ့ လက်ထဲကို ပြည်တော်ပြန်ဘို့ လေယာဉ်လက်မှတ် တစ်စောင် ထည့်ပေးလိုက်တဲ့အခါ ဂျပန်တုန်းကလို တစ်နှစ်လောက် နေလို့မရဘူးလားလို့ ရင်ထဲကနေ စောဒကတက်မိတယ်။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz