x

3.10.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၂၄


တစ်ချိန်တုန်းက R I T နောက်ပိုင်း Y I T သို့ပြောင်းလဲခဲ့
စက်မှုတက္ကသိုလ်ကို ၀င်ခွင့်အကြောင်းကြားစာ ရောက်လာတဲ့နေ့ရက်လေး ကျမရင်ထဲမှာ အမည်နာမ ဖော်ပြရခက်တဲ့ ရင်ခုန်စရာ ပျော်ရွှင် ကြည်နူးဝမ်းသာမှုတို့နဲ့အတူ မိမိကိုယ်ကို အတိုင်းအဆမရှိ ကျေနပ်အားရမှု အားလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်း စုပြုံခံစားလိုက်ရတဲ့ ခံစားချက်။ ဥာဏ်ရည် အားနည်းသူမို့ ဇွဲ ၀ိရိယတို့ကို အုတ်မြစ်ချပြီး အခိုင်အမာ ကြိုးစားခဲ့ရတဲ့ ရလာဒ်မို့ ခံစားချက်ပြင်းထန် နေခဲ့ခြင်းပါ။ စက်မှုတက္ကသိုလ် ကျောင်းတော်ကြီး စတက်ရမည့် ရက်ကိုစောင့်ရင်း ဖြတ်သန်းရတဲ့ ရက်တွေ ပုံမှန်ထက် ပိုကြာနေသလိုလို။ ဖေဖေလည်း ပါကစ္စတန်နိုင်ငံကနေ ပြင်ဦးလွင် အုပ်ချုပ်မှု အကူအတတ်သင်ကျောင်းမှာ ကျောင်းအုပ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံရတာကြောင့် ရန်ကုန်မှာ ရက်ပိုင်းလောက် ကျမ တွေ့ဆုံခွင့်ရပြီး ပြင်ဦးလွင်ကို တစ်မိသားစုလုံး ပြောင်းရွှေ့သွားကြပါတယ်။ မိဘတွေ ရန်ကုန်မြို့မှာ မရှိတာကြောင့် အဆောင်နေခွင့်ရခဲ့တယ်။ ကျောင်းတွေမဖွင့်ခင် ၁-ရက်အလိုမှာ ကျမနေရမည့် သမိုင်းဝန်းအတွင်းမှာရှိတဲ့ သဇင်ဆောင်ကို ရောက်ခဲ့တယ်။ ကျမနည်းတူ အဆောင်ကျောင်းသူသစ်များ ရှေ့ဆင့်နောက်ဆင့်ဆိုသလို အလျှိုလျှိုဝင်လာကြပါတယ်။ အိတ်ကြီး အိတ်ငယ် အသွယ်သွယ် ထင်းရှူးသေတ္တာ သံသေတ္တာအမျိုးမျိုးနဲ့ မြင်ရတာ ပျော်စရာ။ ကျမတို့ တစ်တွေ တစ်လှေထဲစီးပြီး တစ်ခရီးထဲသွားကြမည့် ညီအစ်မများ မိတ်ဆွေရောင်းရင်းများမို့ ရင်တွင်းပီတိ ဆိုဖွယ်ရာမရှိ။ သဇင်ဆောင်နဲ့ပတ်သက်ပြီး ‘သဇင်ဆောင်ရဲ့ ပုံရိပ်ဟောင်း’ ပို့စ်ကို ၂၀၁၁ခုနှစ် ၇-လပိုင်းမှာ တစ်စိတ်တစ်ဒေသ ရေးခဲ့ဘူးပါတယ်။ ‘သဇင်ဆောင်’ ကျမဘ၀ရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်မှန်းမသိ ဖြစ်ခဲ့တဲ့ အဆောင်တစ်ဆောင်။ မိဘ မောင်နှမ ဆွေမျိုးသားချင်းများနဲ့ ဝေးကွာနေချိန်မှာ နေ့စဉ်ရက်ဆက် ကျမနဲ့ လက်ပွန်းတတီး နေထိုင် စားသောက် သွားလာကြရတဲ့ ကျောင်းသူများ စုစည်းနေထိုင်ရာ ပျော်စရာကောင်းတဲ့ ဘုံနေရာလေး။ နှစ်ကြီး နှစ်ငယ်အလိုက် ၄-၅-၆ ယောက်တစ်ဖွဲ့ ကိုယ့်အဖွဲ့လေးနဲ့ကိုယ် ဆိုးတိုင်ပင် ကောင်းတိုင်ပင် ပျော်စရာရှိလဲ ၀ါးလုံးကွဲ ရယ်ကြမောကြ စိတ်ညစ်စရာရှိလဲ မျက်နှာငယ်လေးတွေနဲ့ တစ်ယောက် တစ်လှည့် အားပေးကြရင်း အဆောင်ရဲ့ စည်းကမ်းဘောင်ထဲကနေ ရက် လ နှစ်တွေ ဖြတ်ကျော် နေထိုင်ခဲ့ကြပါတယ်။ ကျမတို့ အုပ်စုလေးက စုစုပေါင်း ၈-ယောက်။ ထူးခြားပုံကတော့ ကျမတစ်ယောက်ထဲ ပထမနှစ် လူသစ်ဖြစ်ပြီး ကျန် ၇-ယောက်က ဒုတိယနှစ် စီနီယာတွေဖြစ်တယ်။ အတိတ်က တော်စပ်ဘူးခဲ့သူများဆိုတာ ယုံမှားဖွယ်မရှိ။ ညီအစ်မရင်းများသဖွယ် ပြောဆိုကြတဲ့ စကားဝိုင်းကနေ တစ်ယောက်ခြင်းရဲ့ ဆွေမျိုး သားချင်း မောင်နှမများအထိ ရင်းနှီးကြတဲ့အထိပင်။ ကျမတို့ ၈-ယောက်အဖွဲ့ဟာ ဇာတိချက်ကြွေ နေရာစုံကလာသလို ယုံကြည်ရာ ဘာသာအမျိုးမျိုးကို ကိုးကွယ်ကြပေမယ့် အတွင်းစိတ်တူညီကြသူမို့ အခက်အခဲမရှိ ရင်းနှီးပွင့်လင်း ချစ်ခင်ကြတဲ့အဖွဲ့ပါ။ ကျောင်းပိတ်ရက်များမှာ ဟိုဟိုသည်သည် အလည်သွားကြသလို ကျောင်းဖွင့်ရက် ညနေပိုင်းတွေမှာ အများအားဖြင့် အခန်းတစ်ခန်းမှာစုပြီး သူ့အကြောင်း ကိုယ့်အကြောင်းတွေ ဖလှယ်ကြ အဆောင်ရှေ့မှာ လမ်းလျှောက်ကြ။ ဒီကနေ့တော့ ဘာလုပ်ကြမယ်ဟေ့လို့ အဖွဲ့ထဲက တစ်ဦးတစ်ယောက်ကပြောလိုက်ရင် ငြင်းဆန်တဲ့သူမရှိ အားလုံး သဘောတူခေါင်းညိမ့်ပြီးသားပင်။ ကျမနေခဲ့တဲ့ အဆောင်သက်တမ်း တစ်လျှောက် တစ်ဦးနဲ့တစ်ဦး ငြင်းခုံ ရန်ဖြစ်တာမျိုး မရှိခဲ့ပါ။ စိတ်ကောက်တတ်သူ တစ်ယောက်ပါလာပေမယ့် ကျန် ၇-ယောက်က သူ ၁-ယောက်ကို အထူး အခွင့်အရေးပေး အလိုလိုက်ထားတာမို့ အစစအရာရာ အဆင်ပြေခဲ့ကြပါတယ်။ (စိတ်ကောက်တတ်တဲ့ သူငယ်ချင်းလေး ကြိုင်ကြိုင်သန်းတစ်ယောက် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သူချစ်လွန်းတဲ့ ကိုကြီးနဲ့ ချစ်သမီးလေး ဆွေမျိုး မိတ်ဆွေသင်္ဂဟအပေါင်းကို အပြီးတိုင် စွန့်ခွာသွားခဲ့ပါပြီ)
 သဇင်ဆောင်နေစဉ် ချစ်သူငယ်ချင်းများ
 အခန်းနံပါတ် ၄၇ မှာအမှတ်တရ
အနောက်တန်း (မာမာအေး ယဉ်ယဉ်ညွန့် နန်းခင်သန်းညို)
အရှေ့တန်း (အန်တီတင့် ကြိုင်ကြိုင်သန်း ခင်သီတာ ခင်ထွေးလှ)
 မယ်လမုဘုရားမှာ အမှတ်တရ
ပထမနှစ် ဒုတိယနှစ်ကို အတူတကွဖြတ်သန်းခဲ့တဲ့ ချစ်သူငယ်ချင်းများ
အန်တီတင့် မေသူဇာ တင်မာမြင့်
သဇင်ဆောင်ရဲ့ အမှတ်တရတွေထဲမှာ တစ်ချက်အပါအ၀င်ကတော့ ညနေ ၆နာရီ အဆောင်ပိတ်ပြီး ဗုဒ္ဓဘာသာအဖွဲ့ဝင်တွေက အပေါ်ဆုံးထပ် ဘုရားခန်းမှာ ဘုရားဝပ်ပြု ရွတ်ဖတ် သရစ္ဇျာယ်ကြအပြီး ည၈နာရီကျော်ပြီဆိုတာနဲ့ အဆောင်ရဲ့ အပြင်ဘက်ကနေ ဂစ်တာသံ တစ်ဒေါင်ဒေါင် တစ်ဒင်ဒင် အသံကြားရပြီး အဆောင်ကျောင်းသူတွေထဲက ဆိုင်ရာဆိုင်ရာလေးတွေကလဲ ၀ရံတာကနေ အရိပ်အယောင်ပြ မရှေးမနှောင်းမှာ သဇင်ဆောင်စောင့် ဦးလေးကြီးက အပေါ်ထပ်တက်လာပြီး ထမင်းကြော်ထုပ် ခေါက်ဆွဲကြော်ထုပ်နဲ့ တစ်ခြားအစားအစာ မုန့်ပဲသရေစာတို့ကို အမည်နာမတပ်ပြီး ဘယ်သူက ဘယ်သူ့အတွက်ဆိုကာ လာပေးလေ့ရှိပါတယ်။ တစ်ခါတစ်ရံ အသံသေး အသံကြောင် ကီးမကိုက်ပဲ နားမခံသာအောင် အော်ဟစ်ဆိုတဲ့ သီချင်းသံမျိုးတွေလဲ ကြားရပြန်။ ရောက်ခါစမှာ ကျမတို့ အဖွဲ့အတွက် မုန့်ထုပ်လာပေးမယ့်သူ မရှိပေမယ့် စီနီယာအစ်မကြီးတွေကိုကြည့်ပြီး ရင်ထဲမှာ ပျော်ရွှင် ကြည်နူး အားကျနေမိတယ်။ ညနေတိုင်း တန်းစီပြီးရင်း ဒန်အိုးအကြီးကြီးနဲ့ ဖျော်တိုက်တဲ့ ကော်ဖီ ကြဲကြဲလေးကို လွမ်းသလို ကိုယ့်ဝေစုရတဲ့ နို့ဆီ သကြားလေးတွေကို လှည်းတန်းက အစ်မတို့လင်မယားဆိုင်မှာ အသည်းအသန် သွားသွင်း။ ရတဲ့မုန့်ဘိုးနဲ့ နောက်တစ်နေ့ နွေးအေးဆိုင်မှာ စာသင်လွတ်ချိန်ရှာပြီး အဆောင်အဖွဲ့ဖြစ်စေ ကျောင်းမှာပေါင်းတဲ့ အဖွဲ့နဲ့ဖြစ်စေ စကားဖောင်ဖွဲ့ ပြောကြရင်း စားသောက်ခဲ့ကြတဲ့ အချိန်လေးတွေကို လွမ်းတယ်။ ကျမတို့ သဇင်ဆောင်က အစွန်ဆုံးမှာ ဆောက်ထားတာဖြစ်ပြီး ကျမတို့နေတဲ့ အဆောင်ရဲ့ ဘယ်ဘက်မှာ တိမွေးကုဘာသာရပ် စီးပွားရေးဘာသာရပ် အဆောင်ကျောင်းသူများအတွက် ဂန္ဓမာ ဂန့်ဂေါ် အင်းကြင်း အဆောင်တွေ ရှိပါတယ်။ ကျမတို့အဆောင်နဲ့ ကျောခြင်းကပ်မှာ သရဖီဆောင် ရှိကာ စိတ်ပညာ ဘာသာရပ် သင်ကြားနေသူ တစ်ချို့တစ်ဝက်တို့ရဲ့ အဆောင်ပါ။ ကျမတို့ ပညာသင်နှစ်မှာ သီရိဆောင်က ကျောင်းသူတစ်ယောက် ‘တမလွန်ဘ၀သို့ အလည်တစ်ခေါက်’ စာတမ်းပြုစုရင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာ ကြားဘူးခဲ့ပါတယ်။ 
ကျမနေတဲ့ ပထမထပ်မှာ ကျမရဲ့အခန်းနဲ့ ၃-၄ ခန်းအကွာလောက်မှာ အများသုံး ရေချိုး အိမ်သာ အခန်းကျယ်တစ်ခု ရှိပြီး ဘယ်သောအခါမှ မီးလင်းအောင် မစွမ်းဆောင်နိုင်တဲ့ ထူးခြားအခန်း တစ်ခန်းပါ။ အမြဲအမှောင်ရိပ်ကျနေတတ်သလို ကြာလာတော့လည်း အဆိုပါ ရေချိုးခန်းကို မှောင်နေပေမယ့် သုံးစွဲတတ်ကာ အဆင်ပြေပါတယ်။ မီးလုံးကျွမ်းလို့ လဲလိုက်ပေမယ့် နာရီပိုင်းအတွင်း မီးလုံးပြန်ကျွမ်းသွားတတ်ပါတယ်။ လျှပ်စစ်ပညာရှင်တို့လဲ အမှားရှာမတွေ့။ အဆောင်ကျောင်းသူများ ပီပီ အလုပ်မရှိအလုပ်ရှာက ဖျာလိပ်နတ်မေးလိုက် လက်စွပ်နတ်မေးလိုက်နဲ့ ကြံဖန်ပျော်ရွှင်အောင် နေတတ်ကြပါတယ်။ တစ်ခါက ၀ိဥာဉ်ခေါ်ပြီး ပြန်ပို့မရလို့ အခက်တွေ့နေတဲ့ တစ်ခြားအဖွဲ့တစ်ဖွဲ့ အကြောင်းလဲ နားစွန်နားဖျား ကြားမိပါရဲ့။ ကျမရဲ့ အဆောင်ကျောင်းသူဘ၀ ပုံရိပ်လေးတွေဟာ တိုက်ဆိုင်မှုရှိတိုင်း မျက်ဝါးထင်ထင် မြင်နေဆဲပါ။ 

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။
မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz