x

27.10.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၂၆


အဆောင်နေ သူငယ်ချင်းများရဲ့ ရင်းနှီးနွေးထွေးမှုတွေအကြားမှာ တစ်နှစ်ထက်တစ်နှစ် သံယောဇဉ် နှောင်ကြိုး တစ်ရစ်ခြင်းတိုးလို့ ကျမတစ်ယောက် အပျော်ကြီးပျော်နေခဲ့တယ်လေ။ စာသင်ချိန်ထက် အဆောင်နေရချိန်ကို ပိုပြီးတော့ခုံမင်မိသလို ကျောင်းပိတ်ရက်များမှာ မိဘရပ်ထံပြန်ရတဲ့ အချိန်ကာလ ကုန်ဆုံးသွားလို့ အဆောင်ပြန်ရမှာကိုလဲ အတိုင်းအဆမရှိ ပျော်ရွှင်နေမိပြန်။ ဒုတိယနှစ် စာသင်နှစ် အလယ်လောက်မှာ အစ်ကိုကြီးရဲ့မင်္ဂလာအခန်းအနားကို အင်းယားလိပ်မှာကျင်းပခဲ့ပြီး သူငယ်ချင်း တစ်အုပ်နဲ့တက်ရောက် အားပေးခဲ့တယ်။ ယောင်းမချောချောလေးရလို့ ကြည်နူးမှု ကျေနပ်မှုများဖြင့်။ အိမ်ထောင်ပြုပြီးတဲ့ အစ်ကိုကြီးပေးနေကျ အဆောင်စရိတ်ကို ဖေဖေကဆက်ပြီး တာဝန်ယူခဲ့တယ်။
 အစ်ကိုကြီးရဲ့ မင်္ဂလာပွဲ
ကျမတို့ခေတ်မှာ အင်္ကျီအပ်ဘို့ မလွယ်ကူတာမို့ ကိုယ်တိုင်ချုပ်ဝတ်ကြ
တတိယနှစ် ချည်မျှင်နှင့်အထည် အင်ဂျင်နီယာ ပညာသင်နှစ်ကို တက်ရတော့ စွယ်တော်ပင်တွေ အကြားမှာရှိတဲ့ အဆောက်အဦး-၂ မှာတက်ခဲ့ရတယ်။ ကွာခြားပုံက ပထမနှစ်နဲ့ ဒုတိယနှစ် အဆောက်အဦး-၁ မှာတက်တုန်းကလို သင်္ခန်းစာ တစ်ချိန်ပြီးတိုင်း ကျောင်းသားတွေ တစ်ရုန်းရုန်း တစ်ဝုန်းဝုန်း မဟုတ်တော့ပဲ သီးသန့် အဆောက်အဦးလေးမှာ တိတ်ဆိတ်ငြိမ်သက်ကာ စာသင်ချိန် အကူးလေးမှာသာ ဆယ်ဂဏန်းသာသာ စီနီယာ အစ်ကိုကြီးများကို မြင်တွေ့ခွင့်ရတယ်။ ကျမတို့အထက် စီနီယာအတန်းမှာ အမျိုးသမီး မပါတဲ့အတွက် စီနီယာ အစ်မကြီးများကို မမြင်ရပါ။ ဖေါ်ရွေပြီး ချစ်စရာကောင်းတဲ့ စီနီယာအစ်ကိုကြီးများက ဆုံတိုင်း ‘အဆင်ပြေလား ဘာလိုသေးလဲ’ မေးလေ့ရှိခဲ့တယ်။ ကိုမာနကတော့ ‘ဖုတ်လေတဲ့ ငါးပိ ရှိတယ်လို့တောင်မမြင်’ ပထမပိုင်းတော့ အမှတ်တမဲ့ပါပဲ ကောင်းကောင်း သတိမထားမိခဲ့ဘူး။ အကြောင်းက ကျမရဲ့ ပင်ကိုယ်စိတ်က တစ်ပါးသူကို တစ်ကြိမ် နှစ်ကြိမ်နဲ့ မှတ်မိလွယ်သူမဟုတ်။ ကိုယ့်ကို ဘယ်သူချစ်လို့ ဘယ်သူမုန်းမှန်း အကင်းမပါး။ ‘အရိပ်ပြလို့ အကောင်မထင်’ လို့ ပြောဘို့ နေနေသာ အကောင်လိုက်ကြီး ပြတာတောင် နည်းနည်း စဉ်းစားလိုက်ရသေး။ ကျမနဲ့ ရင်းနှီးသူတိုင်း ကျမအကြောင်း ကောင်းကောင်းသိပါတယ်။ ကိုမာနကို စတင်ပြီး သတိထားမိရခြင်းက တစ်ညနေ ကျမနဲ့ အဆောင်သူငယ်ချင်းအုပ်စု ညနေစာ စားဘို့အတွက် ထမင်းစားဆောင်ကို အသွားမှာ လူတစ်ယောက်ကို တစ်ကြိမ်တွေ့ရုံနဲ့ မှတ်မိလွယ်ပြီး အမြင်စူးရှတဲ့ သူငယ်ချင်းလေးက ကျမကိုလက်ကုတ်ပြီး ‘ဟဲ့.. အုတ်ခုံပေါ်ထိုင်နေတဲ့ တစ်ယောက်က နင်တို့ ချည်ထည် အင်ဂျင်နီယာဌာနက ကိုသိန်းလွင် မဟုတ်လား ငါတို့နဲ့ ပထမနှစ် ဒုတိယနှစ် စာသင်နှစ်တွေ အတူတူပေါ့’ လို့ ပြောတာကြောင့် စင်္ကြံလမ်းမှာရှိတဲ့ အုတ်ထိုင်ခုံတန်းရှည်လေးပေါ်မှာ ထိုင်နေတဲ့သူကို ကျမလှမ်းကြည့်မိတယ် ‘ဟုတ်ပါရဲ့’ လို့ပြန်ဖြေရင်း တစ်ဌာနတည်းက အစ်ကိုကြီးမို့ ‘ဧည့်လာတွေ့တာလား’ လို့ လောကွတ်သွားလုပ်မိကာမှ လူကို မမြင်မတွေ့ဘူးသလိုလို ပြန်ကြည့်ရင်း ခေါင်းတစ်ချက်ညိတ်ပြတယ်။ ‘နှုတ်ဆက်တာ သေသင့်တယ်’ လို့ကိုယ့်ကိုယ်ကို မေတ္တာပို့မိခဲ့တယ်။ ထမင်းစားဆောင်ကနေ ပြန်ထွက်လာတော့ ကိုမာနမပြန်သေးဘူး စာသင်နှစ်တူ ဌာနကွဲ အဆောင်ကျောင်းသူ တစ်ယောက်နဲ့ မိုးမမြင် လေမမြင် သူ မဟုတ်တဲ့အတိုင်း လေတွေဖောင်နေတာကို မြင်တော့ ဒီတစ်ခါ ဒုတိယအကြိမ် အရှက်မကွဲချင်တာမို့ ကျမလဲ သူတို့နှစ်ယောက်ရဲ့ နောက်နားကနေလျှောက်လှမ်းရင်း အဆောင်ပေါ် ပြန်တက်ခဲ့တယ်။ သူငယ်ချင်းတွေကတော့ ကျမကို ‘ငကြောင်ပဲ’လို့ မပြောရုံတမယ်။
ချည်မျှင်နှင့်အထည် ဌာနအတွက် အတွင်းရေးမှူး တွဲဖက်အတွင်းရေးမှူး အသစ်တွေ ပြန်လည်လို့ ရွေးကြတော့ ကိုမာနက အတွင်းရေးမှူးအဖြစ် အရွေးခံရပြီး ကျမက တွဲဖက်အတွင်းရေးမှူးအဖြစ်ပေါ့။ ပဌာန်းဆက်က ပါနေပြီဆိုတော့လဲ ရှောင်လွှဲဘို့ကခက်။ မချစ်သော်လဲ အောင့်ကာနမ်းဆိုသလို ဌာနအတွက် ရံပုံငွေကို လက်တွဲပြီး ရှာရပေအုံးမည်။ ကျမတို့ စက်မှုတက္ကသိုလ်တက်စဉ် ကာလက ကျောင်းပျော်ပွဲရွှင်ပွဲတွေကို စက်မှုတက္ကသိုလ်အပြင် အခြားတက္ကသိုလ် အသီးသီးမှာလည်း ကျင်းပလေ့ ရှိကြပြီး သက်ဆိုင်ရာ မိမိဌာနအတွက် ရံပုံငွေရှာဖွေကြပါတယ်။ ပျော်ပျော်နေတတ်တဲ့ ကျမအဘို့ မကြာခင် ပြုလုပ်တော့မယ့် ပျော်ပွဲရွှင်ပွဲအတွက် ကြိုပြီးပျော်နေမိတယ်။ ဒါပေမယ့် ကိုမာနကို မြင်လိုက်တဲ့ အချိန်တိုင်း ကျမရဲ့ ပျော်ရွှင်တဲ့စိတ်လေးက မသိမသာ ဘရိတ်အုပ်အုပ်မိနေလေရဲ့။ ကျမကို ပထမဦးဆုံးအကြိမ် သူပြောခဲ့တဲ့စကားက ‘ကိုယ်တို့ ဌာန ရံပုံငွေအတွက် ကုန်သွယ်ရေးကနေ အမြတ်ထွက်မယ့် လျှောက်လို့ရတဲ့ ပစ္စည်းတွေ လျှောက်ပြီး ပြန်ရောင်းတဲ့ အလုပ်လုပ်ကြရမယ်’ တဲ့။ ကျမက ‘ဟုတ်ကဲ့ ဒါဆိုကျမ ဘာလုပ်ပေးရမလဲ’ လို့ပြန်မေးတော့ ‘ခင်ဗျားအဖေက ကုန်သွယ်ရေးမှာ လူကြီးမဟုတ်လား ပစ္စည်းလျှောက်လို့ ရ-မရ မေးကြည့်ပါလား’တဲ့။ ကျမလဲ ခေါင်းညိတ်ပြခဲ့ပြီး အိမ်ပြန်ရောက်တော့ ဖေဖေ့ကို မေးကြည့်တယ်။ ဖေဖေက တနင်္ဂနွေ လာခိုင်းလိုက်လေ အဖွဲ့အစည်းအတွက်ဆိုရင် လျှောက်လို့ရပါတယ်။ သူဘာလျှောက်ချင်တယ်ဆိုတာ ဆွေးနွေးချင်တယ် ဆိုလို့ ဖေဖေပြောတဲ့အတိုင်း နောက်တစ်နေ့ ကိုမာနကို အကြောင်းပြန်ခဲ့တယ်။
ချည်မျှင်နှင့်အထည်အင်ဂျင်နီယာဌာန အတွင်းရေးမှူး
ကျမက ငယ်ငယ်ထဲက ဘောလုံးပွဲကြည့်တာကို ၀ါသနာထုံခဲ့တယ်။ အလယ်တန်းကျောင်းသားဘ၀မှာ ၅-ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်ပွဲကစလို့ ဘောလုံးပွဲဆိုရင် မလွတ်တမ်း တိုးဝှေ့ကြည့်ခဲ့လို့ အဒေါ်ရဲ့ အကြိမ်များစွာ ဆူပူကြိမ်းမောင်းတာ ခံခဲ့ရဘူးတယ်။ ၀ါသနာက တားမရဆိုသလို တီဗွီမရှိသေးတဲ့ အချိန်ကာလမို့ ကွင်းထဲသွားကြည့်ရတဲ့အဖြစ်။ချည်ထည်ဌာနအသင်းနဲ့ စက်မှုဌာနအသင်းတို့ ကျောင်းဆင်းချိန် ညနေပိုင်း ဘောလုံးကန်မယ်ဆိုတော့ ကွင်းထဲက အရင်ဆုံးရောက်ပြီး အားပေးဘို့စောင့်နေတဲ့ ကျမ။ အတန်းတူတက် တစ်ဦးတည်းသော မိန်းကလေး သူငယ်ချင်းမိမိက ကျမလိုမဟုတ်။ တစ်နေ့နေလို့ စကားသုံးခွန်းမပြောသူ။ တစ်ခွန်းမေး တစ်ခွန်းဖြေ။ အကြောင်းမသိရင် ဒေါ်မာနပေါ့။ စိတ်ရင်းဖြူတယ် ပွင့်လင်းတယ် အေးအေးချမ်းချမ်း နေတတ်သူပေမယ့် ကျမကိုတော့ဒီနေ့အထိ အတော်အလိုလိုက်တယ်။ ဘောလုံးပွဲက စတော့မယ် ချည်ထည်ဌာန ဘောလုံးအသင်း ကက်ပတိန်ပေါ်မလာ။ စက်မှုဌာနအသင်းကို အားပေးမယ့်သူက ကျမတို့ဌာနထက် အဆပေါင်းများစွာ ရှိနေတယ်။ ကျမတို့ဌာနမှာ ပင်ကိုယ်က ကျောင်းသား အရေအတွက် နည်းတာကြောင့် အတန်းတိုင်းလာအားပေးတောင် လူ ၅၀မပြည့်တဲ့အဖြစ်။ ပွဲစဘို့ ၅ မိနစ်အလိုမှ ချည်ထည်အသင်း ကက်ပတိန်ရောက်လာတယ်။ နောက်ကျရခြင်းအကြောင်းက ကက်ပတိန် အိပ်ပျော်နေလို့တဲ့။ ကက်ပတိန်ကို အဝေးကနေ လျှောက်လှမ်းလာတာကို ကြည့်ရင်း မြင်ဘူးပါတယ်လို့ စဉ်းစားနေတာ အနားရောက်လာတော့မှ ကိုမာနဖြစ်နေတယ်။ ဘောလုံးပွဲကို နှစ်သက်တဲ့ကျမ ဘောလုံးသမားတွေဆိုရင် နေရင်းထိုင်ရင်း အထင်ကြီးတတ်တဲ့ ကျမ ဒီတစ်ခါတော့ ကိုမာနကို သဘောကျနိုင်ပါ့မလား။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz