x

9.10.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၂၅


စက်မှုတက္ကသိုလ် ကျောင်းတော်ကြီးမှာ ပထမပညာသင်နှစ်ကို စတင်တက်ရောက်ချိန်မှာ လွန်ခဲ့တဲ့ ကာလမှာ သင်ယူခဲ့ဘူးတဲ့ အထက်တန်းပညာနဲ့ အဆက်အစပ် မရှိတဲ့စာတွေကို သင်ယူရတာမို့ တစ်ချို့ ဘာသာရပ်တွေမှာ နားလည်ဘို့ကခက် တစ်ယောက်တည်း ယောင်ချာချာ အူကြောင်ကြောင်နဲ့ မြင်သမျှ အလွတ်ကျက်၊ ရေးမှတ်ခဲ့သမျှ သူငယ်ချင်းကို ပြန်မေးခဲ့ရတဲ့ အခြေအနေ။ နကိုယ်မူလကမှ အကင်းပါး ထက်မြက်မှု အားနည်းတဲ့ ဦးနှောက်ပိုင်ရှင် ကျမအဘို့ သူများတကာထက် ပိုခက်နေပြီပေါ့ စာတော်တဲ့ သူငယ်ချင်းတွေရဲ့ ဖေးမမှု အကူအညီပေးမှုတွေဟာ အတိုင်းထက်အလွန် ကျမအတွက် တန်ဘိုးရှိခဲ့ပါတယ်။ တစ်ချို့ဘာသာရပ်တွေကြောင့် စိတ်ဖိစီးမှုတွေ များနေပေမယ့် စာသင်ချိန် ပြီးဆုံးလို့ ဘဲလ်သံ ကြားပြီဆိုတာနဲ့ စိတ်ရှုပ်ထွေးမှုတွေ ဘဲလ်သံနဲ့အတူ ပျောက်ကွယ်သွားလေ့ရှိပြီး ကျမရဲ့ ကွန်းခိုရာ အေးချမ်းနေရာလေးဖြစ်တဲ့ သဇင်ဆောင်ကို သူငယ်ချင်းအဖွဲ့နဲ့ အတူ ပျော်ရွှင်စွာ ဖယ်ရီလေးစီးပြီး ပြန်လာစမြဲ။ လစဉ် လဆန်းတိုင်း ကျမမျှော်နေကျ ပထမအပတ်မှာ ပုံမှန်ရောက်လာတာက ကျမအစ်ကိုကြီး ပို့လိုက်တဲ့ အဆောင်စရိတ်နဲ့ ဖေဖေပို့လိုက်တဲ့ ကျောင်းစရိတ်။ မမျှော်ပဲ မထင်မှတ်တဲ့ အချိန်တွေမှာ မထင်မှတ်သလို ပေါ်ပေါ်လာတာကတော့ ဖေဖေ့ညီ ကျမရဲ့ ဦးလေးအငယ်ပါ။ ကျမကို မုန့်ဘိုးလဲပေးရင်း ရည်းစားထား မထား လာလာပြီး တီးခေါက်ရင်း ဆိုပါတော့။ ဖရက်ရှာဘ၀ အတန်းတက်စမှာ အတန်းတူ သူငယ်ချင်းများအပြင် စီနီယာအစ်ကိုကြီး အစ်မကြီးများရဲ့ ဂရုစိုက် အားပေးမှုတွေအကြား အခက်အခဲမရှိ ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းခဲ့ရတယ်။ စက်မှုတက္ကသိုလ် ကျောင်းတော်ကြီးရဲ့ မမေ့နိုင်စရာ အချက်ပေါင်း များစွာထဲမှာ ပထမတစ်ချက်က သုံးထပ်ဆောင် ပတ်လည်ဝန်းရံထားတဲ့ စာသင် ကျောင်းတော်ကြီးရဲ့ အလယ်မှာရှိတဲ့ မြက်ခင်းပြင်ကြီးကို တစ်ဖက်ကနေ နောက်တစ်ဖက် ဖြတ်လျှောက်ခဲ့ဘူးစဉ်က တစ်ကျောင်းလုံးရဲ့ ၀ိုင်းဝန်းသြဘာ လက်ခုပ်သံများ။ နောက်တစ်ချက်က စာသင်နေချိန်မှာ အနောက်ကနေ ပစ်ပေါက်ပြီး ဆံနွယ်ထဲကို စိုက်ဝင်စေတဲ့ စက္ကူမြှားလေးများ။ ဒီအချက်နှစ်ချက်ကိုတော့ စက်မှုတက္ကသိုလ် တက်ဘူးခဲ့တဲ့ ကျောင်းသားတိုင်း သတိရကြမှာ အသေအချာ။
စွယ်တော်ရိပ်မှာ ချွေးသိပ်ရင်း ကျောင်းတော်ကြီးမှာ အချိန်တွေ ကုန်လွန်လာခဲ့တာနဲ့အမျှ တစ်လှေထဲစီးပြီး တစ်ခရီးထဲသွားနေကြသူ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းများလဲ တစ်စစနဲ့ ပိုမိုလို့ ရင်းနှီးကာ များပြားလာခဲ့တယ်။ မောင်နှများသဖွယ် တစ်ယောက်နဲ့တစ်ယောက် ပြောမနာ ဆိုမနာ ဦးသူက ကြည်စယ်နောင်ပြောင်ရင်း ကျောင်းသင်္ခန်းစာတွေကို လုပ်တစ်လှည့် ပျက်တစ်လှည့်နဲ့ သင်ယူခဲ့ကြပါတယ်။ တက္ကသိုလ်ပညာရပ်ကို သင်ယူရင်း ရက်လကြာလာတာနဲ့အမျှ ကျောင်းပါး ၀လာကြတယ်လို့ ဆိုရမလား တစ်တန်းတည်း ပေါင်းမိတဲ့ သူငယ်ချင်းတွေ တစ်ခါတစ်ရံမှာ အရေးမကြီးဘူးလို့ ကိုယ်တိုင် သတ်မှတ်ကြတဲ့ သင်္ခန်းစာ အချိန်တွေမှာ အုပ်စုအလိုက် ရုပ်ရှင် သွားကြည့်တတ်လာသလို မြကျွန်းသာလို့ နာမည်ကြီးပြီး ကိုယ်မရောက်ဘူးတဲ့ မိန်းတက္ကသိုလ် ၀န်းကြီးဘက်ကို ခြေဆန့်ခဲ့ကြတယ်။ ကျောင်းမှာ ကျူတိုရီယာအချိန် ပုံဆွဲအချိန်တွေဆိုရင် စာတော်တဲ့ သူငယ်ချင်းတွေဆီကနေ အကူအညီ ယူခဲ့ရတယ်။ စာမေးပွဲဖြေတဲ့အခါ စာအုပ်ဖွင့်ပြီး ဖြေရတဲ့ ဘာသာရပ် Strength , Thermodynamic လိုဘာသာရပ်တွေမှာတော့ ဇောချွေးပြန်လောက်တဲ့အထိ စာတွေကိုရှာရင်း ပင်ပန်းခဲ့ဘူးတယ်။ ကျမတို့ရဲ့ ပညာသင်နှစ်မှာ ပညာရေးစံနစ် ပြောင်းလဲပြီး ဒေသကောလိပ်တွေ ပေါ်လာတဲ့အတွက် စက်မှုတက္ကသိုလ် ကျောင်းတော်ကြီးကို လူသစ်များ နှစ်နှစ်ဆက်တိုက် ထပ်မံဝင်လာခြင်း မရှိပဲ ခေတ္တရပ်တံ့သွားခဲ့တယ်။ ကျမတို့ စတုတ္ထပညာသင်နှစ် ရောက်မှသာ ဒေသကောလိပ်ကနေ အမှတ်မှီတဲ့ တတိယနှစ် ကျောင်းသားသစ်များ ၀င်လာကြတယ်။
ကျမတို့ တက်စဉ်အခါက ပထမနှစ်နဲ့ ဒုတိယနှစ်ကို Section A B C D စသဖြင့်ခွဲခြားထားပြီး ဒုတိယနှစ် အပြီးမှာတော့ အမှတ်ပေါ်မူတည်ပြီးဖြစ်စေ မိမိနှစ်သက်ရာကို ရွေးချယ်ပြီးဖြစ်စေ ဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ်တွေမှာ ပညာကို ဆက်လက်ဆည်းပူးကြရပါတယ်။ ကျမက ချည်မျှင်နှင့်အထည် အင်ဂျင်နီယာ ဘာသာရပ်မှာ တက်ရောက်ခွင့်ရခဲ့ပြီး အတန်းထဲမှာ မိန်းကလေး ၂-ယောက် ယောက်ျားလေး ၉-ယောက် စုစုပေါင်း ၁၁-ယောက်ရှိခဲ့ပါတယ်။ ကျမတို့ရဲ့အထက် စီနီယာတန်း စတုတ္ထနှစ် ချည်မျှင်နှင့်အထည် အင်ဂျင်နီယာ ဘာသာရပ် ပညာသင်နှစ်ကို တက်ရောက်နေတဲ့ အစ်ကိုကြီးတွေက ကျမတို့ လူသစ်တွေကို လိုလေသေးမရှိအောင် နွေးနွေးထွေးထွေး ကြိုဆိုပွဲလေး လုပ်ပေးရင်း ကူညီယိုင်းပင်းကြပါတယ်။ ကျမက ငယ်စဉ်တောင်ကြေး ကလေးဘ၀ထဲက ပျော်ပျော်နေတတ်သူပါ စိတ်ညစ်စရာ စိတ်ရှုပ်စရာများ ကြုံတွေ့လာခဲ့လဲ အချိန်ကြာရှည်စွာ သိုသိမ်းထားတတ်တဲ့ အကျင့်အလျဉ်းမရှိတာကြောင့် မေ့မေ့ပျောက်ပျောက် ပျော်ရွှင်မှုကို ကိုယ်တိုင်ရှာဖွေ ရယူတတ်တာကြောင့် ကျောင်းစတက်စဉ်ဘ၀ထဲက ကျောင်းရဲ့ ပျော်ပွဲရွှင်ပွဲ ဘယ်လိုပွဲမျိုးလာလာ ၀င်ရောက်ဆင်နွှဲတတ်သလို အားကစားပြိုင်ပွဲများမှာလဲ ဆုမရရုံသာရှိမယ် ၀င်ပြိုင်လေ့ရှိခဲ့တယ်။ ဗီဇဆိုတာ ဖျောက်ဖျက်လို့ မရဆိုတဲ့ စကားအတိုင်း မောင်မယ် သစ်လွင်ကြိုဆိုပွဲမျိုး ဈေးရောင်းပွဲတော် ပွဲမျိုးတွေအပြင် ကျောင်းအားကစားပွဲပါမကျန် မလွတ်တန်းပါဝင်ခဲ့တဲ့ ကျမကို စီနီယာအစ်ကိုကြီးတွေထဲက တစ်ယောက်ကတော့ လုံးဝ ကြည့်မရပဲ မျက်စိစပါးမွှေး စူးနေခဲ့တယ်ဆိုတာ မသိခဲ့ရိုးအမှန်ပါ…. :P
အန်တီတင့် (Textile) နဲ့ မေဌေးမြင့် (Mechanical) တို့ရဲ့ မြိုင်ထနှစ်ပါးသွား
ချည်မျှင်နှင့်အထည် အင်ဂျင်နီယာဌာနမှ ဆရာ ဆရာမများ
ဆရာမ ဒေါ်အေးမြင့် ဆရာမကြီး ဒေါ်နော်မူမူအေး ဆရာ ဦးရွှေရီ (ကွယ်လွန်)
ဆရာကြီးဦးမောင်မောင်သန်း(ကွယ်လွန်) ဆရာဦးလှရွှေ ဆရာဦးရဲမြင့်
ကျမကို ကြည့်မရဘူးဆိုတဲ့ ချည်မျှင်နှင့်အထည် အင်ဂျင်နီယာဌာနအတွင်းရေးမှူး
စတုတ္ထနှစ် ပညာသင်နှစ်စီနီယာကျောင်းသား ကိုသိန်းလွင် :P

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်

အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz