x

4.11.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၂၇


ကျမသူ့ကို သဘောကျလား မကျလား သေသေချာချာ မတွေးမိသေးချိန်အတွင်း သူ့ကို မြင်မိတိုင်း လူက အလိုလိုနေရင်း ကျောက်ရုပ်တစ်ရုပ်လို ဖြစ်ဖြစ်သွားတာတော့ အမှန်ပင်။ ‘ငါဘာဖြစ်နေတာလဲ သူ့ကို ဘာကြောက်စရာရှိလို့လဲ သူ့အပေါ် ငါဘာအမှားမှ လုပ်ထားတာမှ မဟုတ်ပဲ’ ဆိုတဲ့ အတွေး ရင်ထဲမှာ ပေါ်လာတာအခါခါ။ ဒီလိုနဲ့သာ အချိန်လေးတွေ တိုက်စားရင်း စာသင်နှစ် တစ်နှစ်တာကာလ ကုန်ဆုံးသွားတာကြောင့် သူက ပဉ္စမနှစ်ကျောင်းသား ကျမက စတုတ္ထနှစ်ကျောင်းသူပေါ့။ ကျမကသာ Football team captain တစ်ယောက်မို့ မထင်မှတ်ပဲ သတိထားလာမိတဲ့တိုင် သူကတော့ တစ်လောကလုံး ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့မထင်။ ဒီတော့ကာ အရှက်ပြေ ‘သူမခေါ်တော့လဲ ဘာဖြစ်သေးလဲ ကျန်တဲ့သဘောကောင်း မနောကောင်း စီနီယာအစ်ကိုကြီးတွေ ရှိနေတာပဲ’ လို့ ကိုယ့်စိတ်ကိုယ် ဖြေရင်းပေါ့။ တစ်ခါတစ်ရံ အတန်းပြောင်းချိန် ဆုံဖြစ်ခဲ့ကြလဲ ကိုယ်တော်ချောက ခပ်တည်တည် မပြောင်းမလဲ အရင်အတိုင်းသာ။ ဒီလိုနဲ့ အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူး တာဝန်အသီးသီးကို ယူရတဲ့ အချိန်ကာလမှာ ဖေဖေသတ်မှတ်ပေးထားတဲ့ ဆုံတွေ့ဘို့ရက် တနင်္ဂနွေကို မရှေးမနှောင်း ရောက်လာပါတော့တယ်။ စတုတ္ထနှစ် ပညာသင်နှစ်မှာ ကျမမိဘတွေ ရန်ကုန်မြို့ကို ပြန်ပြောင်းရွှေ့လာပြီမို့ အဆောင်ကျောင်းသူ မဟုတ်တော့ပဲ နေ့ကျောင်းသူ အဖြစ်နဲ့ မိဘအိမ်ကို ပြန်ရောက်နေပြီဖြစ်ပါတယ်။
ကျမဖေဖေက ကုန်သွယ်လယ်ယာ ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်နေစဉ် ထိုအချိန်က ကျမတို့ မိသားစုလေး ဟယ်လ်ပင်လမ်းရှိ ပြည်ထောင်စုရိပ်သာ ၀န်းအတွင်းမှာနေခွင့် ရကြပါတယ်။ ကျမက အိမ်ထောင်ရက်သား ကျသွားတဲ့ အစ်ကိုအကြီးဆုံးကလွဲရင် မိသားစုထဲမှာ အစ်မအကြီးဆုံး နေရာ ဖြစ်နေတာကြောင့် အိမ်နဲ့ ပတ်သက်တဲ့ ကဏ္ဍမှာ တာဝန် အတော်များများကို ယူထားရသလို အငယ်တွေကလဲ အထက်တန်းပညာ အလယ်တန်းပညာ အတန်းအသီးသီးကို ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (တီတီစီ)မှာ တက်နေချိန်မို့ လွယ်ကူပြီး ခပ်ပါးပါးလုပ်ရတဲ့ ဖုံသုတ် တံမြက်လှဲ အစရှိတဲ့ အိမ်မှုကိစ္စ အလုပ်လေးတွေကိုသာ အငယ်တွေကို လုပ်စေခဲ့ပါတယ်။ ထမင်းဟင်းချက်၊ အ၀တ်လျှော် မီးပူတိုက် အစရှိတဲ့ အလုပ်တွေကိုကျမကသာ ဒိုင်ခံပြီးလုပ်ခဲ့ပါတယ်။ မေမေကတော့ မနက်တိုင်း ဈေးဝယ်တဲ့ တာဝန်ကို ယူထားပြီး မေမေဈေးဝယ်ရတာ အင်မတန် သဘောကျတယ် ဆိုတဲ့ ကြည့်မြင်တိုင်ဈေးမှာ နေ့စဉ်မပျက် သွားဝယ်လေ့ရှိတယ်။ ပုံမှန်ရက်တွေမှာ နေ့စဉ်မနက် ၆နာရီ အားလုံးလိုလို အိပ်ယာက နိုးထကြပေမယ့် စနေ တနင်္ဂနွေလို ကျောင်းအားရက် အလုပ်ပိတ်ရက်မျိုးမှာ အငယ်တွေက အချိန်ပို အိပ်ကြပြီး အေးအေးဆေးဆေးမှ အိပ်ယာကနေ နိုးထကြပါတယ်။ ကျမနဲ့ မေမေသာ အိပ်ယာစောစောထပြီး မေမေကဈေးသွား ကျမက အိမ်အလုပ်တွေကို အစီအစဉ်အတိုင်း တစ်ခုပြီး တစ်ခုဇယ်ဆက်သလို လုပ်ပါတယ်။ နံပါတ်-၅ မောင်ငယ် မြတ်ကျော်သိန်းနဲ့ ညီမအငယ်ဆုံး လဲ့လဲ့သိန်းတို့က ကျောင်းတစ်ဖက်တက်ရင်း ကျောင်းပိတ်ရက်များမှာ သူတို့လေးတွေ ၀ါသနာပါတဲ့ ဂီတပညာကို အချိန်ရှိရင် ရှိသလို ၀ါသနာထပ်တူကျတဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းစုပြီး စုစုပေါင်း ၇-ယောက်အုပ်စုဖွဲ့ကာ ‘လီယိုဟေမာန်’ အမည်နဲ့ အိမ်မှာ သီချင်းဆိုလေ့ကျင့်ကြ တီးမှုတ်ကြ ပျော်စရာပင်။ မိဘတွေအားလုံးတို့ရဲ့ တစ်ပြေးညီ ကန့်ကွက်မှုမရှိ အားပေးမှုကြောင့်လဲ သူတို့အဖွဲ့လေး တိုးတက်အောင်မြင်ခဲ့ပါတယ်။
ကျမ တနင်္ဂနွေမနက် ကျောင်းပိတ်ရက်မှာ အ၀တ်လျှော်ဖွပ်နေစဉ် အိမ်ရဲ့ဧည့်ခန်းမှာ တပ်ဆင်ထားတဲ့ လူခေါ်ခေါင်းလောင်း ဘဲလ် မြည်သံကြားတာနဲ့ လုပ်လက်စ အလုပ်ကိုခဏရပ်ပြီး အပြေးအလွှား တံခါးသွားဖွင့်တော့ ဖေဖေနဲ့ ဆွေးနွေးဘို့ ရောက်လာတဲ့ ကိုယ်တော်ချော ဖြစ်နေတာတွေ့ရတယ်။ ကျမလဲမြင်တာနဲ့ ‘ကိုသိန်းလွင် ဧည့်ခန်းမှာ ခဏထိုင်စောင့်ပေးပါအုံး။ ဖေဖေ့ကို သွားပြောလိုက်မယ်’ လို့ဆိုတော့ ‘ကောင်းပါပြီ’ တဲ့။ ဧည့်ခန်းမှာ နေရာပေးလိုက်ပြီးတဲ့အခါ ဧည့်ဝတ်ကျေ ကော်ဖီတစ်ခွက် ချပေးထားကာ ဖေဖေ့အိပ်ခန်းကို တံခါးခေါက်ရင်း ‘ဖေဖေ့ကိုပြောထားတဲ့ ကျောင်းက အတွင်းရေးမှူး ကိုသိန်းလွင့် ရောက်နေပြီ’ လို့ အသံပေးလိုက်တော့ အခန်းထဲကနေ ဖေဖေက ‘အင်း အင်း လာခဲ့မယ်’ ဆိုတာကြောင့် ကျမလဲ ဧည့်ခန်းကို တစ်ခေါက် ပြန်လာကာ ‘ဖေဖေ့ကို ပြောပြီးပြီ ခဏနော် အ၀တ်လျှော်နေလို့ လက်စသပ်လိုက်အုံးမယ်’ လို့ပြောပြီး လျှော်လက်စ အ၀တ်တွေကို ခပ်သွက်သွက် ဆက်လျှော်ဖွပ်လိုက်တယ်။ လျှော်ပြီးအ၀တ်တွေကို အိမ်ရဲ့ဘေးဘက်ရှိ ၀ရံတာမှာ ထုတ်လှမ်းပြီးတာနဲ့ မေမေပြန်လာရင် ဟင်းချက်ဘို့အတွက် ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်းတို့ကို ထောင်း။ မနက်စာ အဆာပြေ စားသုံးဘို့ မိသားစုအတွက် ကော်ဖီဖျော် ပေါင်မုန့် ထောပတ်သုပ်။ တစ်ယောက်ထဲ ယောက်ယက်ခတ်နေချိန် ဖေဖေနဲ့ ကိုမာနတို့ စကားပြောနေကြပါတယ်။ နာရီဝက်လောက်ကြာတော့ မေမေဈေးကနေ ပြန်ရောက်လာတယ်။ ဟွန်းသံကြားတာနဲ့ ကျမလဲ အောက်ထပ်ကို ပြေးဆင်းကာ ဈေးခြင်းတောင်းနဲ့ ပြန်တက်လာချိန် ဖေဖေတို့ရဲ့ ဆွေးနွေးပွဲလဲ ပြီးဆုံးသွားပုံရတယ်။ နှစ်ယောက်သား မိုးတိုးမတ်တပ် ရပ်နေရာမှ ဖေဖေက ‘ဒီလိုဆိုရင် မောင်သိန်းလွင် လျှောက်လွှာနဲ့အတူ အန်ကယ့်ရဲ့ ရုံးကိုလာခဲ့ပေါ့’ လို့အဆုံးသတ်လိုက်တယ်။ ကိုမာနက ‘ဟုတ်ကဲ့’ လို့ဆိုပြီး ကျမဘက်ကိုလှည့်ကာ ‘ကျနော် ပြန်ပါအုံးမယ်’ တဲ့။ ကျမလဲ ခေါင်းပြန်ညိမ့်ပြရင်း သတိထားလိုက်မိတာက သူရဲ့ အသံဟာ နူးညံ့ပျော့ပြောင်းခြင်းနဲ့အတူ ဟန်အမူအယာကလဲ သိမ်မွေ့နေပြန်တယ်။ ကျမခေါင်းထဲ စွဲနေခဲ့တဲ့ ကိုမာနအမည်နာမလဲ သူနဲ့အတူ ထပ်ချပ်မကွာလိုက်ပါသွားရင်း ပျောက်ကွယ်သွားပါတော့တယ်။

အဲ့ဒီနောက် ကျောင်းမှာ ကျမနဲ့ဆုံတဲ့အခါတိုင်းလိုလို အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိမ့်ပြတာမျိုး တစ်ခါတစ်ရံ ‘အတန်းပြီးသွားပြီလား’ ‘ဘယ်နှစ်ချိန်ကျန်သေးလဲ’ ‘ထမင်းစားပြီးပြီလား’ အစရှိတဲ့ မေးခွန်းလေးတွေမေးရင်း တစစနဲ့ တစ်ခြားစီနီယာ အစ်ကိုကြီးများထက် ပိုပြီးခင်မင်ရင်းနှီးလာမိတယ်။ ကျမ အတန်းအားချိန်များမှာ သူရောက်လာတတ်သလို ကဲန်တင်းဆင်းပြီး လဘက်ရည်သောက်ကြတဲ့ အခြေအနေမျိုးအထိ ခင်မင်ရင်းနှီးလာကြသလို သူ့ရဲ့မိသားစု ကိုယ့်ရဲ့မိသားစု အကြောင်းတွေကအစ အပြန်အလှန် ရင်းနှီးစွာ ပြောဖြစ်လာကြတယ်။ တစ်နေ့တော့ စကားစပ်ရင်း ကျမက မေးမိတယ်။ ‘ဒါနဲ့ ကိုသိန်းလွင်ကို မေးစရာရှိတယ်’ လို့ပြောတော့ သူက ‘မေးလေ ဘာမေးမလို့လဲ’ တဲ့။ ဒီတော့ ကျမက ‘တစ်ခြားတော့ မဟုတ်ပါဘူး။ တတိယနှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကစပြီး တစ်နှစ်လုံး တစ်ခြား စီနီယာတွေလို မဟုတ်ပဲ ဘာဖြစ်လို့ ကျမကို ခပ်စိမ်းစိမ်းနေတာလဲ အဲ့ဒါကို သိချင်နေတာကြာပြီ’ လို့ဆိုတော့ သူကရယ်မောရင်း ‘အော် ဒါလား ကိုယ် မင်းကို စပြီးသတိထားမိတာတော့ ကြာပါပြီ ကျောင်းရဲ့ ကပွဲ၊ အားကစားပွဲတွေ ရေကူး ကြက်တောင်ရိုက် ဘော်လီဘော တောင်တက်အသင်းကစ ဟိုစပ်စပ် ဒီစပ်စပ် နေရာတိုင်းပါသလို ဘော်ဒါတွေကလဲ များတယ်။ ပိုဆိုးတာက သူငယ်ချင်းတွေနဲ့ တစ်ရုန်းရုန်း နေနေတာမြင်ပြီး နကိုယ်ကမှ ရန်ကုန်သူကို ကြောက်တဲ့ ကိုယ် မင်းကို လူ့ဘော်ကျော့ တစ်ယောက်အနေနဲ့ အမြင်မှားခဲ့တယ်။ မင်းရဲ့ဖေဖေနဲ့ဆုံဘို့ မင်းတို့အိမ်ကို ရောက်ခဲ့တဲ့နေ့ကမှ ကိုယ်အထင်နဲ့ အမြင်တက်တက်စင် လွဲခဲ့တာကို သိခဲ့တာကြောင့်ပါ’ လို့ ၀ါကျရှည် စကားရပ်ကြီးနဲ့ ကျမကို မရပ်မနား ဒလစပ် ရှင်းပြပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိတယ်။ သူပြောသလိုပဲ ကျမမှာ အပေါင်းအသင်း သူငယ်ချင်းများတာ အမှန်ပါ။ စိတ်တွင်းရိုးရှင်းတာကြောင့် ပတ်ဝန်းကျင်က ကိုယ့်အပေါ် အမြင်သွေလွဲနေတာမျိုးကို သတိမထားမိခဲ့။ ကျမရဲ့ ပျော်ပျော်နေတတ်တဲ့ စိတ်အစဉ်ရဲ့ စေစားရာအတိုင်း လှုပ်ရှားမှုသက်သက်သာပါ။ စကားစမြည် ပြောကြတဲ့စကားလုံးတွေထဲမှာ သူက ရန်ကုန်သူတွေကို ကြောက်တယ်လို့ ပြောဘူးသလို ကျမကလဲ အညာသားတွေကို ကြောက်တယ်လို့ ဆိုခဲ့ဘူးတယ်။ ကျမက သူ့ကိုရန်ကုန်သားလို့ ထင်ခဲ့မိလို့ တစ်နေ့အမှတ်မထင် မေးမိတယ်။ ‘ဒါနဲ့ ကိုသိန်းလွင်က ဘယ်မှာနေတာလဲ’ ဆိုတော့ ချက်ခြင်းမဖြေပဲ ခဏတွေဝေသွားရာကနေ ‘၂၆-လမ်းမှာ နေတာပါ’ ခဏရပ်ပြီးဆက်ပြောတာကတော့ ‘အများအားဖြင့်တော့ သူငယ်ချင်းရဲ့ အဆောင်ကို မကြာခဏ လာလည်ရင်း အိမ်မပြန်ဖြစ်တာများတယ်’ လို့ဆက်ပြောခဲ့တော့ လူတိုင်းကို ကိုယ့်စိတ်လို သဘောထားတတ်တဲ့ ကျမယုံခဲ့မိပေါ့။
တတိယနှစ်ဝင်ရောက်လာသူချည်/ထည် အင်ဂျင်နီယာကျောင်းသားများကို ကြိုဆိုပွဲလုပ်စဉ်က အမှတ်တရ
(နေရာချပေးသူက အတွင်းရေးမှူးထင်ပါရဲ့ :P)
နှစ်ယောက်တွဲပုံ ရအောင်ရိုက်ပေးပါဆိုလို့ သူ့သူငယ်ချင်းရဲ့ လျှပ်တစ်ပြက်ရိုက်ချက်
(ကျမရဲ့ဓာတ်ပုံလိုချင်မှန်းသိရင် ဒီဘက်လှည့်ပေးပါရဲ့ :P)
ကွယ်လွန်သွားပြီဖြစ်တဲ့ အရင်းအနှီးဆုံးသူငယ်ချင်း ခွန်ဆန်းဗွေနဲ့ ကိုသိန်းလွင်ရဲ့အမှတ်ရ
ကျောင်းပိတ်ရက်များမှာ အတန်းတူသူငယ်ချင်းများနဲ့ လျှောက်လည် ဘုရားဖူးရတာ ပျော်စရာ
ဘာပွဲလုပ်လုပ် နေရာတကာပါတဲ့ ကျမကို သူကြည့်မရ :D
ငါးထမင်းချဉ်အတွက် အရိုးနွှင်တာထင်ပါရဲ့ 
ကွယ်လွန်သွားပြီဖြစ်တဲ့ သူငယ်ချင်းလေး ခင်ဆွေဦး သူငယ်ချင်း တိုးတိုးစံကို တိုးတိုးတိတ်တိတ်ပြော :)
ကျမအတွက် ဂျပန်မှာနေစဉ်က ဖေဖေပေးခဲ့တဲ့ ခေါင်းလောင်းနာရီဆွဲသီးနဲ့ဆွဲကြိုးလေး
ပျော်စရာကောင်းတဲ့ စက်မှုတက္ကသိုလ် ကျောင်းတော်ကြီးရဲ့ ဌာနကိုယ်စီ ပျော်ပွဲရွှင်ပွဲ ကျင်းပတဲ့ရက်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့နေ့တစ်နေ့။ အဲ့ဒီနေ့ရက်လေးဟာ ကျမဘ၀အတွက် အမှတ်တရ မှတ်တိုင်တစ်တိုင် စိုက်ထူခဲ့တဲ့ နေ့လေးတစ်ရက်ရယ်လို့ ဖြစ်မှန်းမသိဖြစ်ခဲ့ပါတယ်။ ပျော်ပွဲရွှင်ပွဲ မစခင်လေးမှာ ကျမကို သူက ‘မင်းညနေ အချိန်ရလား။ ဒီပွဲပြီးသွားရင် လှည်းတန်းက ‘စိတ်တိုင်းကျ’ လဘက်ရည်ဆိုင်မှာ တစ်ခုခု သွားစားကြရအောင်’ လို့ဆိုလာတော့ ‘ကောင်းတာပေါ့ မိမိကိုပါ ခေါ်သွားကြရအောင်’ လို့ကျမရဲ့ အပြောကို သူကလက်မခံချင်။ ‘ကိုယ် ပြောစရာရှိလို့ပါ နောက်တစ်ခေါက်မှ မိမိကိုခေါ်တာပေါ့’ တဲ့။ ကျမလဲ ရှည်ရှည်ဝေးဝေး တွေးမနေတော့ပဲ ‘အိုကေလေ ဒါဆိုရင် သွားကြတာပေါ့’ လို့ကျမကပြန်ပြောရင်း ဌာနရဲ့ ရံပုံငွေအတွက် ကိုယ်တိုင်လုပ် သစ္စာပန်း အတု ပန်းခက်လေးတွေရဲ့ အရေအတွက်ကို နောက်တစ်ခေါက် ထပ်မံရေတွက်လိုက်ပြန်တယ်။ 
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။ 
မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz