x

10.11.14

အိပ်ပျက်သွားတဲ့ည (တဂ်ပို့စ်)


 Google မှကူးယူပါသည်
Google မှကူးယူပါသည်
ပစ်ပစ်ရဲ့တဂ်ပို့စ်က ခေါင်းစဉ်လေးနဲ့အတူ မဖြစ်မနေ စာကိုယ်မှာ ရေးရမယ့် ငယ်ကျိုးငယ်နာတွေမို့ ရေးရမှာ ထူးထူးခြားခြားလေးနဲ့ ပျော်စရာတော့ကောင်းသား။ မှုန်ဝါးဝါးအတိတ်တို့လဲ ခပ်ရေးရေးကနေ ရှင်းရှင်းလင်းလင်း ပြန်မြင်ယောင်ပြီး အမှတ်တရပို့စ်တစ်ပုဒ်အဖြစ် ခြေရာချန်လို့ရတာပေါ့နော်။ လူတိုင်းမှာ ဖြစ်စဉ်မတူတဲ့ အတိတ်ကိုယ်စီ ရှိကြမှာမလွဲပါ။ ကျမကြုံတွေ့ခဲ့ဘူးတဲ့ အတိတ်အကြောင်း ပြန်ပြောင်းပြောရရင်ဖြင့် စက်မှုတက္ကသိုလ်တက်စဉ်က ကျမမှာသူငယ်ချင်း အပေါင်းအသင်းများပြီး အုပ်စုလိုက် ဟိုသွားသည်သွား သွားခဲ့သလို ရုပ်ရှင်ကောင်းတွေ ရုံတင်ပြီဆိုရင်လဲ လွတ်တယ်ရယ်လို့ မရှိ။ ကျမမှာ မိန်းကလေး သူငယ်ချင်း ယောက်ျားလေးသူငယ်ချင်းရယ်လို့ ခွဲခြားနေတာမျိုးမဟုတ်ပဲ ခင်စရာမင်စရာကောင်းတဲ့ သူငယ်ချင်းမှန်သမျှ ကျားမ မရွေးရင်းနှီးခင်မင်စွာပဲ စာကျက်အတူတူ စားအတူတူ သွားအတူတူပါ။ ဒုတိယနှစ်စာမေးပွဲက နီးကပ်နေပြီ စာကလဲကျက်လို့ ပြီးတယ်ရယ်လို့ မရှိ။ မေသူဇာရဲ့အိမ်မှာ စုပြီးစာကြည့်ကြတယ်။ မေသူဇာ့ဖေဖေက တစ်ချိန်က နာမည်ကြီးဒါရိုက်တာ ဦးခင်စိုးဆိုတော့ မေသူဇာ့အိမ်ကို မင်းသားမင်းသမီး အ၀င်အထွက်ကလဲ ခပ်များများ။ ကျမတို့အတွက် တစ်ဖက်ကစာကိုကြည့်ရင်း အပြင်မှာကြုံရခဲပေခြင်း မင်းသား မင်းသမီးတွေကို ငေးရတာလဲ တစ်မော။
စာကြည့်ရင်း ညောင်းညာလာတဲ့အခါ ဟိုနားသည်နား လမ်းလျှောက်ကြလေ့ရှိတယ်။ တစ်ညနေ မိန်းကလေး ၃-ယောက်နဲ့ ယောက်ျားလေး ၃-ယောက် အားလုံးပေါင်း ၆-ယောက် သူငယ်ချင်းအုပ်စု လှည်းတန်းမှာရှိတဲ့ မေသူဇာ့အိမ်ကနေ ခြေလျင်လျှောက်ရင် အနည်းငယ်လှမ်းတဲ့ ကန်ဘောင်ဖက်ကို ဘူးသီးကြော်စားကြမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အုပ်စုထဲက သူငယ်ချင်းတစ်ယောက်ရဲ့ ကားနဲ့ သွားကြပြီး ကန်ဘောင်ရောက်မှ လမ်းဆင်းလျှောက်ကြတယ်။ နေ၀င်ရီသရောမို့ အမှောင်စပျိုးချိန်ပေါ့။ မသိတဲ့သူကတော့ ကျမတို့အဖွဲ့ကို အတွဲကိုယ်စီနဲ့ ကန်ဘောင်ပေါ်လာတယ်လို့ ထင်ယောင်ထင်မှား ဖြစ်နိုင်မယ်လို့ တစ်ယောက်မှ မတွေးမိခဲ့ကြဘူး။ တစ်ယောက်နဲ့ တစ်ယောက် ပြောမနာဆိုမနာ ရင်းနှီးတဲ့သူငယ်ချင်းတွေမို့ တစ်နေ့တာ ကျောင်းမှာဖြစ်ပျက်ခဲ့တဲ့ ကိုယ့်တွေ့လေးတွေကို အလှည့်ကျ ပြန်ပြောကြ ရယ်မောကြနဲ့ စိတ်ရင်းဖြူစင်ကြပါတယ်။ အဖွဲ့ထဲမှာ ကျမကလွဲရင် စာတော်ကြတယ်လို့ ဆိုရမယ်။ တစ်ယောက်နဲ့တစ်ယောက် အလှည့်ကျ မေးကြဖြေကြ ဆိုပေမယ့် ကျမကတော့ တစ်ကြိမ် တစ်ခါမှ သူငယ်ချင်းတွေကို ရှင်းပြဘူးတယ်ရယ်လို့မရှိခဲ့ဘူး။ ကိုယ်ကချည်းမေးနေရတဲ့ အခြေအနေပါ။
ကန်ဘောင်ပေါ်ရောက်တော့ အသွားအပြန် တစ်ခေါက် လျှောက်ကြမယ်လို့ သဘောတူညီကြပြီး တစ်ခြမ်းလျှောက်ပြီးချိန်မှာ အတော်လေးမှောင်နေပြီမို့ အားလုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း ပြန်ကြဘို့ ဆုံးဖြတ်ကြတယ်။ ပြန်မယ်လို့ ဟန်ပြင်တုန်း ရဲယူနီဖောင်းဝတ်စုံ ၀တ်ထားတဲ့ လူ ၄-ဦးပါ အဖွဲ့တစ်ဖွဲ့ ကျမတို့အနားကို ရောက်လာကြပါတယ်။ ကျမတို့အဖွဲ့ကို တစ်ဦးချင်းရဲ့ နာမည် အသက် နေရပ်လိပ်စာ အစရှိတာတွေကိုမေးပြီး မှတ်တမ်းယူပါတယ်။ ဒီတော့ကျမက ဘာအတွက်လဲလို့ ရဲတွေကိုမေးတော့ အခုသူတို့တစ်တွေဟာ စီမံချက်အရ စုံတွဲတွေကို လိုက်ဖမ်းပြီး ဌာနမှာ စစ်ရတယ်လို့ ဆိုပါတယ်။ ကျမတို့ အားလုံး ဘုရားတပြီး ကျမတို့က ရည်းစားတွေမဟုတ်ဘူး သူငယ်ချင်းတွေပါလို့ ပြောလဲမရ။ စခန်းကို လိုက်ခဲ့ဘို့ချည်း တွင်တွင်ခေါ်နေတာကြောင့် အချိန်အတော်လေး ကြာတဲ့အထိ ကျမတို့ဘက်ကလဲ ဇွတ်ပြောဆိုနေတာကြောင့် စိတ်မရှည်ပဲ ကျမတို့အဖွဲ့ကို ပြန်လွှတ်လိုက်ပါတယ်။ ကန်ဘောင်ကနေအပြန် စာလဲကျက်ချင်စိတ်ကုန် အိမ်ကိုသာပြန်ချင်တာကြောင့် ကျမတို့အုပ်စု အပြန်မှာ လူခွဲလိုက်ကြပြီး ကိုယ့်အိမ်ကိုယ် အသီးသီးပြန်ကြပါတော့တယ်။ ကျမလဲ အဆောင်အစား အဒေါ်ရဲ့အိမ်မှာ ညအိပ်ခွင့် တောင်းပြီး ပြန်လာခဲ့ပါတယ်။ စိတ်ရှုပ်နေလို့ ပထမတော့ နက်နက်နဲနဲ မတွေးမိပဲ အဆုံးသတ်ခဲ့ပေမယ့် အဒေါ့်အိမ်ပြန်ရောက်တဲ့အခါမှ တစစတွေးရင်း ထိတ်လန့်လာပါတော့တယ်။ အကြောင်းက အဖြစ်အပျက်ကို အဒေါ့်ကိုလဲအလုံးစုံ ပြန်မပြောရဲပါ။ ကန်ဘောင်ကို ခြေရှည်မိတဲ့အပြစ်က ရှိနေသေးတယ် မဟုတ်လား။ တကယ်လို့များ ရဲစခန်းကလူတွေ စစ်ဆေးစရာကျန်သေးလို့ဆိုပြီး ကျမရဲ့အဒေါ်အိမ်ကိုများ ရောက်လာခဲ့ရင် ဆိုတဲ့အတွေးဟာ ကျမအတွက် မိုးလင်းပေါက် အိပ်ရေးပျက်ခဲ့တဲ့ ညတစ်ညတာပါ။
(ပစ်ပစ်ရေ မနူးမနပ်တဲ့ ငယ်ရွယ်စဉ်မှာ ရင်ခုန်သံနဲ့အတူ အိပ်မပျော်တဲ့ညရယ်လို့ ဘယ်လိုတွေးတွေး ရေးရေးတောင် ပေါ်မလာလို့ အမှန်တကယ် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးကို တဂ်ပို့စ်လေးအဖြစ် ရေးတင်လိုက်တာကို ကျေနပ်ပါတော့နော်)

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz