x

13.11.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၂၈


ကျောင်းတော်ကြီးရဲ့ ပျော်ပွဲရွှင်ပွဲ ပြီးသွားတဲ့အချိန်မှာ ကျမတို့နှစ်ယောက် ကျောင်းကနေ ၄၈-ဟိုင်းလတ်စီးပြီး လှည်းတန်းက စိတ်တိုင်းကျ လဘက်ရည်ဆိုင်ကို ရောက်ခဲ့ကြတယ်။ ကျမစားလေ့ရှိတဲ့ စမူဆာ ပေါက်ဆီတို့ စားပွဲပေါ် အရံသင့်ရှိကြပြီး အဲ့ဒီအချိန်အခါက ရောဂါဘယလည်း ပြောသလောက် ထူပျောလှတယ်မရှိ။ လဘက်ရည် တစ်ခွက်ဆီမှာယူပြီး ပေါက်ဆီကို ကျမက စားရင်း သူ့ဘက်ကို ခေါင်းငဲ့ကြည့်ကာ ‘ကျမကို ဒီမှာချိန်းတာ ဘာပြောစရာရှိလို့လဲ'လို့ ကျမရဲ့အမေးကို သူကမတုန့်မဆိုင်း ‘မင်းအကြောင်းတွေ သိချင်လို့ပါ’ တဲ့။ ‘ဟင် ကျမအကြောင်း ဟုတ်လား' စကားကိုဖြတ်လိုက်ပြီး ကျမ ဘာဆက်ပြောရမှန်းလဲမသိ ခေါင်းထဲမှာ ရှုပ်ထွေးနေတဲ့ အတွေးများ ချာလပတ်ရမ်းလို့။ နှစ်ယောက်သား စက္ကန့်ပိုင်းလောက် ငြိမ်သက်နေပြီးမှ သူ့ဘက်ကနေ စတင်လာပါတယ်။ ‘ပထမဦးဆုံးအနေနဲ့ ကိုယ်တို့ နှစ်ဦးနှစ်ဖက်ရဲ့ စိတ်သဘောထားတွေ ဆွေးနွေးချင်တယ်လေ နောက်တဆင့်အနေနဲ့ မိဘ မောင်နှမ ဆွေမျိုးသားချင်းတွေရဲ့ အကြောင်းလေးတွေ ဆက်ပြီးပြောကြတာပေါ့’တဲ့။ မလှုပ်မယှက် ကျောက်ရုပ်တစ်ရုပ်ပမာ ငြိမ်သက်စွားနားထောင်နေတဲ့ ကျမကိုသူက ‘မင်းကို ကိုယ်သဘောကျနေတာ ပြောမလို့ပါ မင်းအနေနဲ့ရော ကိုယ့်အပေါ် ဘယ်လိုမြင်လဲ မင်းရဲ့သဘောထားကိုလည်း သိချင်လို့ပါ။ တကယ်လို့များ မင်းဘက်က ကိုယ်ပြောတာတွေကို လက်မခံနိုင်ဘူး ဆိုရင်တော့ လက်ရှိခင်မင်မှုကို ပျက်မသွားစေချင်ဘူးကွာ’ ဆိုတဲ့စကားလုံးတွေကို အေးအေးနဲ့မှန်မှန်ပြောလာပြီး တခဏမျှ သူ့ဘက်က ငြိမ်သက်သွားပြန်တယ်။ ‘ကျမက အခုချက်ခြင်း လက်ငင်းကြီး ပြန်ပြောရမှာလားဟင်’လို့ ဦးတည်ချက်နဲ့ ရည်ရွယ်ချက်မရှိတဲ့ စကားတစ်ကြောင်း ကျမရဲ့နှုတ်ကနေ မထင်မှတ်ပဲ လျောကျသွားတော့ ‘ကိုယ့်အပေါ် သဘောကျတယ် မကျဘူးဆိုတာကို ဖြစ်နိုင်ရင်တော့ အမြန်ဆုံးသိချင်တာပေါ့ တကယ်လို့များ ပြန်ဖြေဘို့ အခက်အခဲရှိနေတယ်ဆိုရင် ကိုယ်စောင့်နိုင်ပါတယ်’ လို့ဆိုလာပြန်တယ်။ ‘ကျမအနေနဲ့ သဘောမကျစရာ အကြောင်းတော့ မရှိပါဘူးလေ’ လို့ ဒုတိယမ္ပိ စကားလုံးများ မထင်မှတ်ပဲ ပွင့်အံသွာခြင်းရဲ့ ကွင်းစက်ဟာ သူ့ရဲ့မေးခွန်းပဟေဠိကို အဖြေညှိနေစရာ မလိုတော့ပဲ ချက်ခြင်းဆိုသလို ကောက်ချက် ချလိုက်ပုံရပါတယ်။ အကြောင်းကား ချက်ခြင်းဆိုသလို သူ့ရဲ့ပြုံးရွှင် ၀င်းလက်သွားတဲ့ မျက်နှာကို ကျမ လျှပ်တစ်ပြက် မြင်လိုက်ရလို့ပါ။ ထူးခြားချက်ကတော့ တစ်ဦးအပေါ် တစ်ဦး နှစ်သက်သဘောကျကြပေမယ့် ‘ချစ်တယ်’ဆိုတဲ့ စကားလုံး တစ်ခွန်းတစ်ပါဒမှ မပါလာပဲ ကျမတို့တွေ ချစ်သူဘ၀ကို ရောက်မှန်းမသိ ရောက်ခဲ့ကြပြီး စိတ်ပျော်ရွှင်မှုကို ရခဲ့ကြပါတယ်။
ကျမတို့နှစ်ဦးရဲ့ ပဏာမဦးဆုံး ပြောဆိုကြတာတွေကတော့ မိသားစုအကြောင်းလေးတွေပါ။ ဒုတိယ ခေါင်းစဉ်ကတော့ ဘာသာရေးဖြစ်ပြီး အဲ့ဒီအချိန်ကာလမှာ ကျမက ခရိယာန်ဘာသာဖြစ်ပြီး သူက ဗုဒ္ဓဘာသာကိုးကွယ်သူတစ်ယောက် ဖြစ်ပါတယ်။ ဘာသာမတူတဲ့ ကျမတို့ရဲ့ ရှေ့လျှောက်ရမည့် ခရီးလမ်း ဖြောင့်ဖြူးနိုင်ပါ့မလားလို့ ကျမ ရှည်ရှည်ဝေးဝေး တွေးတောနေခြင်းမျိုး မလိုဘူးထင်ပါတယ်။ သူနဲ့မဆုံခင် တစ်နှစ်လောက်ထဲက ကျမယုံကြည်သက်ဝင်တဲ့ 'ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်' ဆိုတဲ့ ကံ-ကံရဲ့ ကောင်းကျိုးဆိုးကျိုးကို လေ့လာ လက်ခံနေပြီဖြစ်တဲ့အတွက် မိမိလက်တွဲဖေါ်ကိုလဲ ကိုယ်နဲ့ထပ်တူ ကျနိုင်မယ့် ဗုဒ္ဓဘာသာဝင်တစ်ဦးသာ ရွေးချယ်ဘို့ ဆုံးဖြတ်ပြီးသူပါ။ ကျမတို့ရဲ့ မိသားစုမှာ ဖေဖေက ဗုဒ္ဓဘာသာဖြစ်ပြီး မွေးမေမေနဲ့ ကျွေးမေမေတို့ နှစ်ဦးစလုံးက ခရိယာန်ဘာသာဝင်တွေ ဖြစ်ခဲ့ကြပါတယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီး တစ်ကြိမ်တစ်ခါမျှ ငြင်းခုံဘူးတာ မရှိခဲ့သလို သူ့ဘာသာ ကိုယ့်ဘာသာ ၀င်ရောက်စွက်ဖက်တာမျိုး တစ်ကြိမ်တစ်ခါမျှမရှိခဲ့။ ဖေဖေအတွက် ဗုဒ္ဓဘာသာဘုရားစင် အိမ်မှာရှိသလို မေမေ့အတွက် ခရိယာန်ဘုရားစင်လည်း အိမ်မှာရှိခဲ့ပါတယ်။ နှစ်ဦးသားစလုံး တစ်ဦးအပေါ်တစ်ဦး ချစ်ခင်ကြင်နာမှု ယုံကြည်လေးစားမှုနဲ့ နားလည်ပေးမှုတို့ကိုသာ အခြေခံထားပြီး တည်ဆောက်ခဲ့တဲ့ မိသားစု ချစ်ဗိမာန်ကြီး ဘ၀ဆုံးတိုင် မယိုင်မလဲ တည်တံ့ခိုင်မြဲခဲ့ပါတယ်။ ကျန်အပိုင်းများနဲ့ ပတ်သက်ပြီး ကျမတို့နှစ်ဦးနှစ်ဖက် ပွင့်လင်းစွာပြောဆိုကြရာမှာ ကျမဘက်က ရာနှုန်းပြည့် ဖြစ်တည်မှုကိုပြောခဲ့ပေမယ့် သူ့ဘက်ကျတော့ ဇာတိချက်ကြွေ မွေးရပ်မြေကို ထိန်ချန်ခဲ့တယ်။ အကြောင်းကား အညာသားကို ရည်းစားထားဘို့ လုံးဝစိတ်ကူးမရှိုတဲ့ ကျမရဲ့ တစ်ယူသန်စိတ်ကြောင့် ဖြစ်နိုင်ချေရှိပါတယ်။

လအနည်းငယ်ကြာပြီး တစ်ညနေ ထမင်းစားသောက်ပြီးချိန် မောင်နှမများ ဆုံကြတဲ့အခါ ကျမမှာ ချစ်သူရည်စား ရှိပြီလို့ပြောပြတော့ ကျမရဲ့ဖေဖေက ‘ဘယ်သူလဲ ဘယ်ကလဲ ဘယ်လောက်ကြာပြီလဲ’ အစရှိတဲ့ ‘လဲ’များစွာကို မေးခဲ့ပြီး မေးခွန်းတိုင်းကို ပွင့်ပွင့်လင်းလင်း အမှန်အတိုင်း ဖြေခဲ့တဲ့ကျမကို ပိတ်ပင် တားဆီးခြင်းမျိုး မရှိတဲ့အပြင် ‘တက္ကသိုလ်တက်ချိန်မှာ ရည်းစားထားတာ ဆုံးဖြတ်ချက် မှန်ပါတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက် မချနိုင်သေးတဲ့ အထက်တန်း ကျောင်းသားဘ၀မှာ ရည်းစားမထားသင့်သလို အရွယ်လွန်ပြီး လုပ်ငန်းခွင်ထဲရောက်မှ ရည်စားထားတာလဲ မဖြစ်သင့်ဘူးပေါ့’လို့ ဖေဖေပြောခဲ့ပါတယ်။ ချစ်သူဘ၀ ရောက်ခဲ့တဲ့နောက် ကျမတို့စုံတွဲ ထောက်ကြံ့ စစ်သင်္ချိုင်းမှာ ဓာတ်ပုံရိုက်ဘို့ ရောက်ခဲ့ကြသလို မယ်လမုဘုရားကို သူသွားချင်တယ်ဆိုလို့လဲ ရောက်ဘူးခဲ့တယ်။ သူနဲ့ကျမ ချစ်သူအဖြစ် ကျောင်းမှာ စတွဲတဲ့အချိန်မှာ သူ့ရဲ့တစ်ချို့သူငယ်ချင်း မိတ်ဆွေတွေက ကျမတို့နှစ်ယောက်ကို သဘောမတူပဲ ၀ိုင်းဖျက်ကြပေမယ့် ကျမရဲ့အတွင်းမနောကို ပိုင်ပိုင်နိုင်နိုင် သိနေတဲ့ ကိုလူချောကတော့ သူငယ်ချင်းများရဲ့ သတိပေး စကားလုံးများကို ရှောင်ရင်းရှားရင်း ကျမလက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ခဲ့တယ်။ ကျမလို အပေါင်းအသင်းများပြီး ခပ်ပျော်ပျော် နေတတ်သူတစ်ယောက်အနေနဲ့ သူတို့ရဲ့ သူငယ်ချင်းအပေါ် အချိန်ကြာမြင့်အောင် သစ္စာရှိရှိနဲ့ မေတ္တာသက်ဝင် ချစ်ခင်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ထင်ကြေးကြောင့်ပါ။ တစ်နေ့ ကျောင်းသားရေးရာဌာနမှာ မထင်မှတ်ပဲ သူ့ရဲ့မူရင်းလိပ်စာပါ ပြေစာတစ်စောင် လမ်းကြုံလို့ ယူလာခဲ့ရာက အစပြုပြီး မူရင်းနေရပ်လိပ်စာမှာ တောင်တွင်းကြီးလို့ မြင်ခဲ့တာမို့ ကျမအပေါ် လိမ်ထားတာ ပေါ်သွားခဲ့တယ်။ ရန်ကုန်သားအဖြစ် ဟန်ဆောင်ကောင်းတဲ့ မြေလတ်သားကို ချစ်သူသက်တမ်း ၆-လကျော်မှ မွေးရပ်ဇာတိမှန် သိလာရတဲ့အခါ ကျမစိတ်တွေ ဇဝေဇ၀ါဖြစ်ခဲ့တယ်။

ဒါကြောင့်လဲ ကျောင်းပိတ်ရက်မှာ သူရဲ့ဇာတိမြေနောက်လိုက်ပြီး အခြေအနေအမှန်ကို စုံစမ်းချင်တယ်ဆိုတဲ့ ကျမရဲ့တောင်းဆိုမှုကို ဖေဖေက ကျမအပေါ် အပြည့်အ၀ယုံကြည်ပြီး ထောက်ခံခဲ့သလို ကီလီလမ်းမှာရှိတဲ့ အဝေးပြေး ဘတ်စ်ကားဂိတ်အထိ ဖေဖေကိုယ်တိုင် လိုက်ပို့ပေးပြီး တောင်တွင်းကြီးကို သွားစေခဲ့ပါတယ်။ တစ်ကြိမ်တစ်ခါမှ မရောက်ဘူးတဲ့ တောင်တွင်းကြီးကို ရဲဆေးတင်ပြီး အရောက်သွားခဲ့တယ်။ ကျမရောက်သွားတော့ သူ့မိဘတွေက သူတို့သားနောက်ကို လိုက်လာတယ်ထင်ပြီး စိုးရိမ်သွားကြပေမယ့် ကျမရဲ့ လိုက်လာရတဲ့ အကြောင်းရင်းကို ရှင်းပြပြီးမှ သူတို့မိသားစုလည်း စိတ်ဖြေရာရသွားကြပုံပေါ်တယ်။ ကျမ လိုက်လာမယ်ဆိုတာ ကြိုတင်မသိထားတဲ့ ကျမရဲ့ချစ်သူ ကိုလူချောကို ခရီးရောက်မဆိုက် မီးဖိုထဲမှာ ဟင်းချက်နေတာကို မြင်လိုက်ရတော့ ကျမကျေနပ်သွားခဲ့တယ်။ အိမ်ထောင်မရှိသူ တစ်ယောက်ဆိုတာ သေချာနေသလို မိသားစုအပေါ် သိတတ်တဲ့ စိတ်ထားလေးကို အမှတ်ပြည့် ပေးလိုက်မိတယ်။ အစ်မနဲ့ ညီမတွေကြားမှာ တစ်ဦးတည်းသော သားဖြစ်ပေမယ့် မိမိတစ်နိုင်ဝင်ရောက် တာဝန်ယူ လုပ်ကိုင်နေတာကို မြင်ရတာ ကြည်နူးမိတာအမှန်။ ယောက်ျားလေးဖြစ်လို့ မီးဖိုထဲ ၀င်စရာမလိုဘူး ဆိုတဲ့အတွေးအခေါ်မျိုး ကျမလက်မခံပါ။ မိသားစုဝန်ကို လိုအပ်ရင် လိုအပ်သလို တစ်ထောင့်တစ်နေရာကနေ ၀ိုင်းဝန်းကူညီ သင့်ပါတယ်။ ၂ရက်တာနေပြီး ရန်ကုန်ကိုပြန်လာတဲ့အခါ သူကိုယ်တိုင် ကျမကိုပြန်လိုက်ပို့ပေးခဲ့တယ်။

အတိတ်ကခြေရာလေးများ
ကျမဘ၀အတွက် ပျော်စရာအချိန်တစ်ချို့တစ်ဝက်
ချစ်သူဆိုတော့လဲ နှစ်ယောက်မခွဲ တစ်တွဲတွဲ
ထောက်ကြံ့စစ်သင်္ချိုင်းမှာ ဓာတ်ပုံရိုက်
မယ်လမုဘုရားမှာ အမှတ်တရ
ဒီလိုနဲ့ စတုတ္ထနှစ်စာမေးပွဲကြီး ပြီးဆုံးသွားတော့ သူကနောက်ဆုံးနှစ် အတန်းကို တက်သွားပေမယ့် ကျမကြောက်တဲ့ Open book ဘာသာရပ် Strength မှာကျမ မဖြေနိုင်ခဲ့တာကြောင့် စာမေးပွဲကျကာ စတုတ္ထနှစ်ကို ပြန်တက်ခဲ့ရတယ်။ ချစ်သူသက်တမ်း တစ်နှစ်ကျော်လွန်ခဲ့တဲ့ တစ်နေ့ သူနဲ့ကျမ နွေးအေး လဘက်ရည်ဆိုင်မှာ မနက်စာအဆာပြေ စားဘို့ရာ ကဲန်တင်းကိုဆင်းလာကြတယ်။ နွေးအေးဆိုင်ထဲကို ရောက်တဲ့အခါ ထုံးစံအတိုင်း ကော်ဖီနှစ်ခွက်နဲ့ ပေါင်မုန့်မီးကင် ထောပတ်သုပ် လေးချပ်ကို မှာယူလိုက်တယ်။ နွေးအေးရဲ့ ထောင့်တစ်နေရာမှာ ထိုင်နေတဲ့ မိန်းကလေး ချောချောလေး တစ်ယောက်ကို သူမြင်သွားတဲ့အခါ မျက်နှာကွက်ကနဲ ပျက်သွားသလို ဆိုင်ကကောင်လေး လာချပေးတဲ့ အငွေ့တစ်ထောင်းထောင်း ထနေတဲ့ကော်ဖီခွက်ကို တစ်ကြိုက်ထဲ မော့သောက်လိုက်ရာ ‘မပူဘူးလား ဖြေးဖြေးသောက်လေ လျှာတော့ အပူလောင်တော့မှာပဲ’ လို့ ကျမရဲ့ အပြောကို သူဂရုမစိုက်နိုင်အား။ ‘ခဏလေးစောင့်နော် ဟိုထောင့်မှာ ကိုယ့်ညီမ နယ်ကရောက်နေလို့ ဘာကိစ္စလဲမေးပြီး အခုချက်ခြင်း ပြန်လာမယ်’ ဆိုတဲ့စကားလုံးတွေကို ဆက်တိုက်ပြောရင်း သူ့ကိုမျက်တောင်မခတ် စိုက်ကြည့်နေတဲ့ ဆိုင်ထောင့်က သွယ်သွယ်လှလှ မိန်းကလေးဆီကို ကသောကမျော မပြေးရုံတမယ် လှမ်းလျှောက်လို့ သွားပါတော့တယ်။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz