24.11.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၃၀


ကျမနောက်ဆုံးနှစ် အတန်းကို တက်နေစဉ်မှာပဲ သူက ပြန်တမ်းဝင်အရာရှိ ဖြစ်သွားပြီမို့ မိဘတွေရဲ့ ခွင့်ပြုချက်ကိုရယူကာ ဘွဲ့မရခင်မှာပင် ကျမတို့လက်ထပ် မင်္ဂလာပွဲကို ပြုလုပ်ခဲ့ကြတယ်။ တစ်ချိန်က ဘ၀တစ်ကွေ့မှာ ဆုံတွေ့ခဲ့ရတဲ့ သူငယ်ချင်းရောင်းရင်း အချို့နဲ့လဲ အခုတိုင် ကြုံဆုံခင်မင်ခွင့် ရနေဆဲပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာမှာ ကျမတို့တစ်တွေရဲ့ တစ်လှည့်ဆီ မင်္ဂလာပွဲများ ကျင်းပခဲ့ကြသလို အခုအချိန်မှာတော့ ကျမတို့ရဲ့ သားသမီးများ မင်္ဂလာပွဲတွေ အလှည့်ကျ ကျင်းပကြရင်း အချင်းချင်း ခင်မင်ရင်းနှီးမှုများ အဓွန့်ရှည် တည်တံ့စေခဲ့ပါတယ်။ သင်တန်းတက်နေစဉ် ကာလများမှာ ပိတ်ရက် တနင်္ဂနွေတိုင်း အပြင်ထွက်ခွင့်ကို ပုံမှန်ရတာကြောင့် သူနှစ်သက်တဲ့ ဒံပေါက်နဲ့ ကျမနှစ်သက်တဲ့ ကူလ်ဖီးရေခဲ့မုန့်တို့ကို အနော်ရထာလမ်းမှာ အမြဲသွားစားဖြစ်သလို အချိန်ရသလောက် ရွှေတိဂုံဘုရား ရောက်ဖြစ်ကြတယ်။ သူနဲ့ကျမ မေတ္တာမမျှခင် တစ်နှစ်ဝန်းကျင် အချိန်ကာလထဲက ကျမဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်နေသူ ဖြစ်နေပြီမို့ မင်္ဂလာဆောင်ဘို့ ဆုံးဖြတ်ပြီးတဲ့အခါမှာ ကျမလည်း ဗုဒ္ဓဘာသာ စစ်စစ်ဘ၀ကို ကူးပြောင်းပြီးဖြစ်နေပါပြီ။
 စက်မှုတက္ကသိုလ်မှ အင်ဂျင်နီယာသူငယ်ချင်းများနဲ့ ကျောင်းတော်ကြီးမှာအမှတ်တရ
 သင်တန်းဆင်းတဲ့နေ့ မိဘ ညီမလေးများနဲ့ အမှတ်တရ
သင်တန်းကျောင်းမှာ အမှတ်ရ
 ကျောင်းတော်ကြီးနဲ့အမှတ်တရ
 အတိတ်ရဲ့အမှတ်တရ ခြေရာများ
ကျမတို့နှစ်ယောက် ကျမရဲ့မိဘနေအိမ်မှာပဲ တရားသူကြီးနဲ့ နှစ်ဘက်မိဘဆွေမျိုးတွေရဲ့ ရှေ့မှောက်မှာ လက်ထပ်စာချုပ်မှာ လက်မှတ်ရေးထိုးပြီး အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ကြတယ်။ ခင်ပွန်းရဲ့မိဘတွေကတော့ သူတို့ရဲ့သားအတွက် နယ်မှာရှိတဲ့ ဆွေမျိုးသားချင်း အသိုင်းအ၀ိုင်းများ တက်ရောက်နိုင်စေဘို့ ဧည့်ခံပွဲကို ထပ်ပြီးလုပ်မည့်အကြောင်း ပြောခဲ့ပါတယ်။ တကယ်တော့ ကျမရဲ့ အစ်ကိုကြီး မင်္ဂလာဆောင်စဉ်က ကရ၀ိတ်မှာ လက်ထပ်ပြီး အင်းယားလိပ်မှာ မင်္ဂလာဧည့်ခံပွဲ ကျင်းပခဲ့တာကို မြင်ခဲ့ရတဲ့ ကျမအဘို့ ဖခင်ကြီးအပေါ် စိတ်ရှုပ်မခံစေချင်သလို အကုန်အကျများတာကို ခက်ခက်ခဲခဲ ဖြေရှင်းတာမျိုးကိုလဲ မလိုလားခဲ့တာကြောင့် နှစ်ဖက်မိဘတွေ အသိအမှတ်ပြုတဲ့ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးတဲ့ လမ်းကိုရွေးချယ်ခဲ့ခြင်းပါ။ မကြာခဏ ကျမရေးဘူးသလို တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြင်နာမှု ယုံကြည်လေးစားမှု နားလည်မှုများ ရှိကြမယ်ဆိုရင် နှစ်ပေါင်းများစွာ အေးချမ်းပျော်ရွှင်စရာ မိသားစုအဖြစ် ရပ်တည်နေထိုင်ခွင့်ရမှာ ဧကန်မလွဲပါ။
 ကျမရဲ့ဖွားဖွား ခင်ပွန်းရဲ့မိဘများနဲ့အမှတ်တရ
 ကျမမိဘများနဲ့အမှတ်တရ
 မိဘ ဦးလေး အဒေါ် မောင်နှမများနဲ့အမှတ်တရ
 ကျမ်းသစ္စာဆို
တရားသူကြီးနဲ့ နှစ်ဖက်မိဘများ မျက်မှောက်မှာ လက်မှတ်ရေးထိုး
 နှစ်ဖက်မိဘ ဆွေမျိုးသားချင်းများနဲ့အမှတ်တရ
တစ်ယောက်တစ်လှည့် မုန့်ခွံ့ကျွေးရင်း ပျော်ရွှင်ခဲ့
ကျမအတွက် လွတ်လပ်တဲ့ ကြင်စဦးဇနီးမောင်နှံဘ၀ကို အချိန်တိုအတွင်း ကုန်ဆုံးသွားပြီး သားကြီးရဲ့ ကိုယ်ဝန်ကို စတင်ပြီးလွယ်ရပါတော့တယ်။ နိုဝင်ဘာလ ၂-ရက်နေ့ ၁၉၈၂ခုနှစ်မှာ လက်ထပ်ခဲ့တဲ့ ကျမမှာ ကိုယ်လေးလက်ဝန် ရှိလာပြီမို့ ယောက္ခမတွေက သူတို့ရဲ့ ဒေသမှာ မင်္ဂလာပွဲကျင်းပဘို့ စီစဉ်ကြပါတယ်။ ရွာရဲ့ဓလေ့ထုံးစံအတိုင်း ရွာလုံးကျွတ် မီးခိုးတိတ် ထမင်းဟင်းကျွေးပြီး ဧည့်ခံကြတာကို ထူးထူးခြားခြား ကြုံတွေ့ခဲ့ရပါတယ်။
 ခင်ပွန်းရဲ့ ဓလေ့ထုံးစံအတိုင်း မင်္ဂလာပွဲလုပ် 
 မင်္ဂလာဆွမ်းကပ်လှူ


 ယောင်းမလေးများနဲ့အမှတ်တရ
 ခင်ပွန်းရဲ့အဒေါ်များနဲ့အမှတ်တရ 
မင်္ဂလာဧည့်ခံပွဲအပြီး ယင်းချောင်းမှာအမှတ်တရ
ခင်ပွန်းရဲ့ ဇာတိချက်ကြွေမြေမှာ တစ်ပတ်လောက်နေပြီး တောင်ကြီးမြို့ကို အပျော်ခရီး ထွက်ခဲ့ပါတယ်။ တောင်ကြီးရောက်တော့ ကျောင်းနေဖက်သူငယ်ချင်း ခွန်ဆန်းဗွေမိသားစုရဲ့ နေအိမ်မှာတည်းခိုပြီး နေရာအနှံ့ လည်ပတ်ခွင့်ရခဲ့ပါတယ်။ 

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။
မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz