x

30.11.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၃၁


စုစုပေါင်းမိသားစုဝင် ၆-ဦးနဲ့စတင်ရတော့မည့် ကျမရဲ့ အိမ်ထောင်ဦး ဘ၀ခရီးလမ်းလေး မစတင်မှီ တစ်လအလိုမှာ ယောက္ခမတို့ရဲ့ ဆန္ဒအတိုင်း ခင်ပွန်းဖြစ်သူရဲ့ဒေသမှာ မင်္ဂလာဧည့်ခံပွဲ ဆင်နွှဲပါတယ်။ ဧည့်ခံပွဲမှာ နယ်ရဲ့ဓလေ့ ထုံးစံအတိုင်း လက်ဖွဲ့ကို ငွေသားလက်ဖွဲ့တာများပြီး ပစ္စည်းလက်ဖွဲ့တာ နည်းပါတယ်။ လက်ခံရရှိတဲ့ လက်ဖွဲ့ငွေသားအားလုံးကို ဧည့်ခံပွဲအတွက် အကုန်အကျခံခဲ့တဲ့ ခင်ပွန်းရဲ့ မိဘတွေကို ကျမတို့ ပြန်ကန်တော့ခဲ့ပြီး လက်ဖွဲ့ပစ္စည်းများကိုသာ ကျမတို့ယူခဲ့ပါတယ်။ ကျမတို့ရဲ့ မိဘတွေအပေါ်ထားတဲ့ အလိုက်သိမှု နားလည်မှုတွေ ရောင်ပြန်ဟပ်တယ်လို့ ဆိုရလေမလား။ မနှစ်က မင်္ဂလာဆောင်ခဲ့တဲ့ သားကြီးတို့ ဇနီးမောင်နှံဟာ မင်္ဂလာပွဲမှာ လက်ခံရရှိခဲ့သမျှ လက်ဖွဲ့ငွေသား အားလုံးကို မင်္ဂလာပွဲ ကုန်ကျစရိတ်အဖြစ် ကျမတို့ကို ပြန်ကန်တော့ခဲ့ပြီး လက်ဖွဲ့ပစ္စည်းများကိုသာ ယူဆောင်ကြပါတယ်။ ဒီနေရာမှာ ကျမအနေနဲ့ အပိုစာသားလေးတွေ ဖြည့်စွက်ပြီး ပြောပြချင်ပါတယ်။ ကျမနဲ့ခင်ပွန်းဖြစ်သူတို့ကို နှစ်ဘက်မိဘတွေ မင်္ဂလာဆောင်ဘို့ရာ သဘောတူကြည်ဖြူပြီးတဲ့နောက် ခင်ပွန်းရဲ့မိခင်က ကျမကို သီးသန့်တွေ့ဆုံပါတယ်။ အခုခေတ်စကားနဲ့ ဆိုရရင်ဖြင့် သားနဲ့ လက်တွဲမည့် ချွေးမကို ‘အင်တာဗျူး’ လုပ်တယ်ဆိုရင် မမှားပါဘူး။
‘ညည်း ဘုရားစာရရဲ့လား’
‘ဟုတ်ကဲ့ ရပါတယ်’
‘ငါ့ကို ရွတ်ပြပါအုံး ရတာလေးတွေပေါ့’
ကျမ နေ့ညမပျက် ရွတ်ဖတ်သရစ္ဇျာယ်လေ့ရှိတဲ့ ဘုရားစာအချို့ ၁၅မိနစ်ခန့် ရွတ်ပြလိုက်တော့-
‘ညည်း အတော်ရတာပဲ အနက်အဓိပ္ပာယ်ကိုရောသိရဲ့လား’
‘ဟုတ်ကဲ့ သိပါတယ်’
‘အေးအေး ကောင်းပါပြီ ဒါနဲ့ ညည်း ထမင်းဟင်း ကောင်းကောင်း ချက်တတ်ရဲ့လား’
‘ဟုတ်ကဲ့ ချက်တတ်ပါတယ်။ ကျမက သမီးအကြီးဆုံးဆိုတော့ သိတတ်တဲ့အရွယ်ထဲက ချက်တတ် ပြုတ်တတ်ခဲ့ပါတယ်’
‘အေးအေး ငါ့သားက ဟင်းကောင်းကြိုက်တာအေ့’
‘ဒါနဲ့ ညည်းမှာနားပေါက်မရှိပါလား နယ်မှာဧည့်ခံပွဲလုပ်ရင် နားပေါက်လေးနဲ့မှ သင့်တော်မှာပေါ့အေ’
‘ဟုတ်ကဲ့ မနက်ဖြန် လမ်းထိတ်မှာနေတဲ့ သူငယ်ချင်းဆရာဝန်မဆီ သွားဖေါက်လိုက်ပါ့မယ် အမေ’
ကျမနဲ့ အမေတို့ရဲ့ အပြန်အလှန် အမေးအဖြေတွေကို သတိတရ ဖြစ်စေဘို့အတွက် ရေးခဲ့ခြင်းပါ။
ကျမရဲ့ မိဘအသိုင်းအ၀ိုင်းနဲ့ သူ့ရဲ့ မိဘအသိုင်းအ၀ိုင်းတွေ မဆုံခင် တစ်လအလိုမှာ သူကမေးတယ်-
‘ကိုယ် မင်းကိုဘယ်လောက်နဲ့ တင်တောင်းရမှာလဲ’
‘ဘာပြောတာလဲ ဘာကိုတင်တောင်းမှာလဲ’
‘ကိုယ်မိဘတွေရဲ့ ဓလေ့ထုံးစံအတိုင်း မေးတာပါ ဥပမာ ရွှေဘယ်လောက်သား ငွေသားဘယ်လောက် စသဖြင့်ပေါ့ကွာ မိန်းကလေးရှင်ဘက်ကို ယောက်ျားလေးရှင်က တင်တောင်းရတယ်လေ’
‘ဟုတ်လား ကျမတို့ဘက်မှာတော့ အဲ့ဒီလိုမျိုးတွေ မရှိပါဘူး။ နှစ်ဖက်မိဘက သဘောတူ ကြည်ဖြူရင် ပြီးတာပါပဲ’
မင်္ဂလာပွဲနဲ့ပတ်သက်ပြီး နှစ်ဖက်မိဘတွေ ဆွေးနွေးတိုင်ပင်ညှိနှိုင်းတာ တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ပါဘူး။ ကျမအရင်ပို့စ်မှာ ရေးခဲ့သလို မင်္ဂလာဦးကို ဘုန်းကြီးငါးပါးပင့်ပြီး အုန်းနို့ခေါက်ဆွဲ ကျမကိုယ်တိုင်ချက် ဆွေမျိုး မိတ်ဆွေသင်္ဂဟတို့ကို ဖိတ်ကျွေးခဲ့သလို ခင်ပွန်းရဲ့မိဘအသိုင်းအ၀ိုင်းက ဖေဖော်ဝါရီလမှာ မွေးရပ်ဇာတိ နေအိမ်ရဲ့ခြံထဲမှာ မင်္ဂလာမဏ္ဍာပ်ကြီးထိုးပြီး မင်္ဂလာဧည့်ခံပွဲကို ပြုလုပ်ပေးခဲ့တယ်။ ပြန်စဉ်းစားကြည့်ရင် အင်မတန် ရိုးရှင်းလွန်းလှတဲ့ ကျမတို့ဇနီးမောင်နှံရဲ့ အမှတ်တရ ရက်လေးတွေပါ။
တောင်တွင်းကြီးမှ တောင်ကြီးသို့ရထားနဲ့ထွက်ခွာခါနီး
ကွယ်လွန်သွားပြီဖြစ်တဲ့ သူငယ်ချင်းနဲ့အမှတ်တရ
ကလောဘူတာမှာ တစ်ထောက်နား
တောင်ကြီးအတက် အမှတ်တရ
ခင်ပွန်းအတန်းပညာသင်ကြားခဲ့တဲ့ တောင်တွင်းကြီး အထက်တန်းကျောင်း
ကွယ်လွန်သွားပြီဖြစ်တဲ့ ခွန်ဆန်းဗွေ သူငယ်ချင်းနဲ့ အမှတ်တရ
မင်္ဂလာဧည့်ခံပွဲအပြီး ၇-ရက်မြောက်တဲ့နေ့မှာ တောင်တွင်းကြီးကနေ ရထားနဲ့ကျမတို့နှစ်ယောက် အပျော်ခရီးအဖြစ် တောင်ကြီးဘက်ကို ထွက်ခဲ့ကြတယ်။ မိတ္ထီလာရိပ်သာမှာ တစ်ညတာအိပ်စက်ပြီး နောက်တစ်ရက်မှာ တောင်ကြီးဘက်ဆက်တက်လာကာ ကျောင်းတုန်းက သူငယ်ချင်းအိမ်မှာ တည်းခိုခဲ့ကြတယ်။ သူငယ်ချင်းရဲ့ ဇနီး သားနှစ်ယောက်နဲ့ ယောက္ခမတွေဟာ သဘောကောင်းကြပြီး ကျမတို့နှစ်ယောက်ကို အားနာစရာကောင်းလုပ်အောင် ဧည့်ဝတ်ကျေလွန်းကြပြန်တယ်။ တစ်ပတ်ခန့် နေတဲ့အတောအတွင်း သူငယ်ချင်းက သူ့ကားကို ကိုယ်တိုင်မောင်းပြီး ဈေးအပါအ၀င် သူတို့ရဲ့ပွဲရုံများ ကျမတို့ မရောက်ဘူးတဲ့ နေရာအနှံ့ လိုက်ပို့ပေးသလို ညဖက်တိုင်းမှာ ဖေဖော်ဝါရီလရဲ့ အအေးဒဏ်ကို ခံနိုင်ဘို့ရာ မီးဖိုကြီးဖိုကာ အစားအသောက်စားရင်း စကားစမြည်ပြောကြ ကျမတို့ရဲ့ ကျောင်းတုန်းက အကြောင်းအရာလေးတွေနဲ့ ပတ်သက်ပြီး ရှေးဖြစ်နှောင်းဟောင်းတွေ ပြောဆိုကြ ရယ်မောကြနဲ့ တစ်ပတ်ဆိုတဲ့ အချိန်လေးကုန်မှန်းမသိ ကုန်လွန်သွားပါတယ်။
တောင်ကြီးကနေ ရွှေညောင်ဘူတာအထိ သူငယ်ချင်းက လိုက်ပို့ပေးပြီး ရွှေညောင်ဘူတာကနေ ရန်ကုန်ကို ကျမတို့ပြန်လာကြတယ်။ ရန်ကုန်ဘူတာကို ရထားဆိုက်ချိန်မှာတော့ ကျမရဲ့နံပါတ်လေး မောင်လေး တူတူးက ဘူတာကိုလာကြိုပြီး တူတူးရဲ့ခရီးဦးကြို ပြုခြင်းရဲ့ အကြောင်းကတော့ ကျမကိုလက်တို့ပြီး ‘အစ်မတို့အိမ်မှာ ကျနော်လာနေလို့ ရမလား’လို့ တိုးတိုးလေးမေးပါတယ်။ အစ်မတစ်ယောက်အနေနဲ့ ချက်ခြင်းဆိုသလို ‘လာနေချင်နေလေ’လို့ ပြောချင်ပေမယ့် လက်ရှိအချိန်မှာ ကျမရဲ့ သဘောထား တစ်ခုတည်းနဲ့ ဆုံးဖြတ်ဘို့ မသင့်လို့တွေးမိပြီး ခင်ပွန်းသည်ရဲ့ သဘောထားကိုပါ ယူသင့်တယ်လို့ ထင်မိတာကြောင့် ခင်ပွန်းဖြစ်သူကို အခြေအနေ တီးခေါက်ကြည့်မိတယ်။ ကျမအပေါ် နားလည်မှုပေးတတ်တဲ့ ခင်ပွန်းတစ်ယောက်ပါလားဆိုတာ ပထမဦးဆုံးပွဲဦးထွက် မှတ်ချက်ချခဲ့မိသလို ကျမရဲ့ရွေးချယ်မှုအပေါ် ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူးလို့လဲ တွေးခဲ့ဘူးတယ်။
၁၉၈၃-ခုနှစ် မတ်လ ၂၇ရက်နေ့ တော်လှန်ရေးပန်းခြံသို့ ချီတက်လာသော စစ်ကြောင်း အမှတ်တရ
သားကြီးကိုယ်ဝန် ၄-လနဲ့ ခင်ပွန်းကို ပန်းစည်းဆက်ခွင့်ရ 
မတ်လ ၂၇-ရက်နေ့ တော်လှန်ရေးနေ့မှာ မိုင်ဒါကွင်းကနေ တော်လှန်ရေးပန်းခြံအထိ ချီတက်ရမည့် စစ်ကြောင်းမှာ ခင်ပွန်းဖြစ်သူက ပါဝင်လျှောက်ခဲ့ရတာကြောင့် မနက်တိုင်း ၄-နာရီထပြီး အဆာပြေ ကော်ဖီ မုန့်တို့ကို ပြင်ဆင်ပေးရပါတယ်။ ချီတက်လေ့ကျင့်တာကို နေ့စဉ်သွားကြည့်ဖြစ်သလို သားကြီးကိုယ်ဝန် ၄-လမှာ ပျော်ရွှင်မှုများနဲ့ ခင်ပွန်းသည်ကို ပန်းကုံးစွပ်ခွင့်ရခဲ့တယ်။ မတ်လကုန် ဧပြီလထဲ ရောက်လာတော့ ခင်ပွန်းဖြစ်သူက ကျမကိုတောင်းဆိုလာတယ်။
‘မေလ ကျောင်းတွေပြန်ဖွင့်ရင် ကိုယ့်ရဲ့ညီမလေးတွေကို နယ်ကျောင်းကနေ ရန်ကုန်မြို့ကျောင်းကို ပြောင်းထားပေးချင်တယ် မင်းအဆင်ပြေပါ့မလား တကယ်လို့ အဆင်မပြေရင်တော့ ကိစ္စမရှိပါဘူး။ မေးကြည့်တာပါ’တဲ့။ ကျမတုန့်ဆိုင်းခြင်းမရှိ ကျေနပ်စွာလိုက်လျောခဲ့တယ်။ အကြောင်းက ခင်ပွန်းရဲ့ ညီမလေးတွေကို ရန်ကုန်မြို့အိမ်မှာ ခေါ်ထားခြင်းကြောင့် ပထမအချက်အနေနဲ့ ခင်ပွန်းမိဘတွေရဲ့ စိတ်ချမ်းသာမှုကို ရစေခြင်းကြောင့် ကျေးဇူးတစ်စိတ်တစ်ဒေသ ပြန်ဆပ်ခွင့်ရခြင်းလို့ ယူဆမိတယ်။ နောက်တစ်ချက်အနေနဲ့ ယောင်းမလေးတွေကို အမှန်တကယ် အမြင်ကျယ်စေချင်တဲ့ စေတနာ။ တတိယအချက်က ကျမမီးဖွားလာတဲ့အခါ အိမ်မှာသိုက်သိုက်ဝန်းဝန်းနဲ့ နွေးထွေးတဲ့ မိသားစုတစ်ခုကို ပိုင်ဆိုင်ခွင့်ရနိုင်တဲ့ အခွင့်အရေးအပြင် နောက်ဆုံးတစ်ချက်က မွေးဖွားလာမည့် ကျမရင်သွေးလေးကို ၀ိုင်းဝန်း စောင့်ရှောက်ပေးမည့် အဒေါ်ရင်းတွေ အဆင်သင့်၊ ဘယ်လိုတွေးတွေး ကောင်းဘို့ချည်းသာ မဟုတ်ပါလား။ များကြာခင်မှာပဲ ၆တန်းနဲ့ ၈တန်းတက်မည့် ယောင်းမလေးတွေနဲ့အတူ ကျမအတွက် ကူဖေါ်လောင်ဖက် ရဘို့ဆိုပြီး ခင်ပွန်းမိဘက ဆွေမျိုးနီးစပ် တူမလေးတစ်ယောက်ကို ဇကာတင် ရွေးပြီး ထည့်ပေးလိုက်ပါတယ်။ အိမ်ကိုရောက်စတုန်းက တူမလေးက ၁၄-နှစ် မပြည့်သေးပေမယ့် ဒီစာကိုရေးနေချိန်မှာတော့ မွေးစာသမီး တူမလေးရဲ့ အသက်ဟာ ၄၅-နှစ်ထဲကို ၀င်ရောက်နေပါပြီ။ ယောင်းမလေး ၂-ယောက် တူမလေး ၁-ယောက် ကျမရဲ့မောင်လေး၊ ကျမတို့ဇနီးမောင်နှံ စုစုပေါင်း အိမ်သား ၆-ယောက်နဲ့ ကျမရဲ့အိမ်ထောင်ဦးကို ပျော်ရွှင်စွာနဲ့စခဲ့တယ်။ ‘အိမ်သာတော့ ဧည့်လာ’ ဆိုတဲ့ စကားအစား ‘ဆွေမျိုးများရာ ဆွေမျိုးလာ’လို့ ပြောင်းရမလို။ အိမ်ဂေဟာလေးဟာ ပိုပြီးစိုပြေလာစေတဲ့ အကြောင်းကတော့ ကျမရဲ့သားဦး မွေးဖွားပြီးချိန်မှာပဲ ခင်ပွန်းရဲ့ ညီမ ယောင်းမနောက်တစ်ယောက် ရန်ကုန်မြို့မှာ အထက်တန်းပညာ တက်ရောက်သင်ကြားဘို့ ရောက်လာသလို စင်္ကာပူကို သွားဘို့ ကြိုစားနေတဲ့ ကျမရဲ့ဒုတိယညီမလေး၊ တူမလေး ၂-ယောက် တူလေး ၁-ယောက်တို့လဲ နေစရာ အခက်အခဲရှိတာကြောင့် ကျမရဲ့အိမ်ကိုပဲ ဦးတည်ပြီး ထပ်မံလို့ရောက်လာကြပြန်တယ်။ အိပ်ခန်း ၂-ခန်းသာပါတဲ့ ဦးဝိစာရ တိုက်ခန်းလေးမှာ အင်အား ၁၂-ယောက်ရှိတဲ့ ကျမတို့မိသားစု ပျော်ရွှင်စွာနဲ့ပဲ နေထိုင်ခဲ့ကြတယ်။ ယောင်းမလေးတွေရှိတော့ ယောက္ခမတွေကလဲ အဆင်ပြေရင်ပြေသလို ဆန် ဆီတို့ကို ပို့ပေးသလို ကျမရဲ့ညီမလေးကလဲ သူတတ်နိုင်သလောက် စားစရိတ် ထည့်ဝင်ပေးပါတယ်။
လင်မယား နှစ်ယောက်စလုံးရဲ့ဝင်ငွေပါ ထည့်ပေါင်းပြီး ချွေချွေတာတာ ဘယ်လိုသုံးသုံး လမကုန်ခင် တစ်ပတ်အလိုဆိုရင် ၀မ်းတစ်ထွာအတွက် ဖြေရှင်းဘို့က ချဉ်ပေါင်ချဉ်ရည်ဟင်းနဲ့ ငြုပ်သီးထောင်းပင်။ ဒီတော့ကာ လင်မယားနှစ်ယောက် ခေါင်းချင်းဆိုင်ပြီး အပိုဝင်ငွေရမည့် တစ်ခြားနည်းလမ်းကို ဆွေးနွေးတိုင်ပင်ကြတယ်။ နောက်ဆုံးနည်းလမ်းကတော့ တောင်တွင်းကြီးမှာရှိတဲ့ ခင်ပွန်းရဲ့ ယောက်ဖ ပဲဖိုကနေ ပဲခြမ်းအိတ်ကြီးတွေမှာယူပြီး ၁၀ကျပ်သား ၂၀ကျပ်သား ပဲခြမ်းအိတ်လေးတွေ ပြန်ထုပ်ပိုး တံဆိပ်တတ်၊ မြေနီကုန်းဈေး လှည်းတန်းဈေး အေးစိန်ဈေးတို့မှာ ရှိတဲ့ လဘက်ဆိုင်တွေကို ဖြန့်တဲ့အလုပ်ကို ရွေးချယ် စမ်းသပ်လုပ်ကြည့်ကြပါတယ်။ မိသားစုတစ်နိုင် ပဲခြမ်းလုပ်ငန်းလေးဟာ မထင်မှတ်ပဲ တစတစအောင်မြင်လာပြီး ဖောက်သည်များလာကာ အရောင်းသွက်တဲ့ အခြေအနေကို တစ်နှစ်အကြာမှာ ရောက်လာပါတယ်။ လုပ်ငန်းလေး တည်ငြိမ်ခါစရှိသေး ကျမရဲ့သားကြီးအသက် ၂-နှစ်မှာ လက်ရှိတာဝန်ထမ်းနေတဲ့ စွပ်ကျယ်အင်းစိန် စက်ရုံကနေ ရွှေတောင်စက်ရုံကို ပြောင်းရွှေ့ဘို့ အမိန့်ကျလာပါတော့တယ်။

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz