x

17.11.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၂၉


ချစ်သူသက်တမ်း တစ်လျှောက်မှာ တစ်ကြိမ်တစ်ခါမျှ မမြင်မတွေ့ဘူးခဲ့တဲ့ သူ့ရဲ့ဟန်အမူအယာတွေ။ မရိုးသားတာလား ဒါပေမယ့် သူ့နှုတ်က ထွက်ကျလာမယ့် စကားလုံးတွေကို အရင်ဆုံး နားထောင်ပြီးမှ အမှားအမှန်ကို သေချာစွာ သုံးသပ် ဆုံးဖြတ်သင့်တာမို့ ကျမ မသိကျေးကျွံပြုကာ နေလိုက်ပါတယ်။ ၅-မိနစ်ခန့်အကြာမှာတော့ ကျမအနားကို အကြောင်းပြချက်နဲ့အတူ သူပြန်ရောက်လာပြီး ‘နယ်က အရေးတကြီးကိစ္စရှိလို့ ကိုယ့်နောက် လိုက်လာတဲ့ ညီမလေးပါကွာ ခဏနေရင် ကိုယ် သူ့ကိုကားဂိတ် လိုက်ပို့ပေးရအုံးမယ် ဒီတော့ကိုယ်တို့ အတန်းအားချိန်မှ ပြန်ဆုံကြတာပေါ့နော်’ လို့ ၀ါကျရှည်ကြီး အထဲမှာ သူဖြစ်ချင်တဲ့ ဆန္ဒကို တစ်ခါတည်း ထည့်ပြောသွားခြင်းပါ။ စကားပြောရင်း သူ့အတွက် မှာထားတဲ့ ပေါင်မုန့်မီးကင်ကိုခပ်သက်သွက် စားသာနေတယ် အာရုံတွေထွေနေပုံ။ သူ့ကိုမြင်ရတာ စိတ်မသက်မသာ ကျမရင်ထဲခံစားရတာကြောင့် သူ့အတွက် ရေနွေးကြမ်း တစ်ခွက် ငှဲ့ထည့်ပေးရင်း ‘ဒါဆိုလဲသွားလေ ကျမလဲ အတန်းတက်ရတော့မှာပဲ’လို့ ပြန်ပြောလိုက်ပါတယ်။ သူစားပြီးချိန်မှာတော့ နှစ်ယောက်သား ကျောခိုင်းကာ ကျမက ကဲန်တင်းကနေ အပြင်ဘက်ကို ပြန်ထွက်ခဲ့တယ်။ အထွက်မှာ ဆိုင်ထောင့်က စားပွဲဆီကို မသိမသာ မျက်လုံးတစ်ချက် ဝှေ့ကြည့် အကဲခတ်လိုက်တယ်။ ကျမတို့ တက္ကသိုလ် တက်စဉ်အခါက ကျမအပါအ၀င် မိန်းကလေး အများစု အကြိုက်များတဲ့ ဂျူးလီးယက် ဆံပင်ပုံစံအတိုင်း အလယ်ခွဲကာ ကျောလယ်အထိ ဆံပင်ကို ဖားလျားချထားသလို သူ့ရဲ့ညီမဆိုသူလဲ တူညီတဲ့ ဆံပင်ပုံစံမျိုးပါ။ ဘယ်အချိန်ထဲက ကျမတို့ကို သူကြည့်နေတယ် မသိ ထိုတစ်ခဏမှာ ကျမတို့ အကြည့်ချင်းဆုံသွားခဲ့တယ်။ မနီးမဝေး ခပ်လှမ်းလှမ်းက မြင်ရတာမို့ အကြမ်းဖျင်း သွယ်သွယ်လျလျ ကိုယ်ခန္ဓာနဲ့ ရိုးစင်းတဲ့ မျက်နှာထားလေးလို့ ကောက်ချက်ချရင်း ကျမရဲ့ခြေလှမ်းတွေက စာသင်ခန်းရှိရာကို ဦးတည်ပြီး လှမ်းနေပါတော့တယ်။
ကျမရဲ့အတန်းချိန်အားလုံး ပြီးဆုံးသွားတဲ့အခါ ကျမတို့ဆုံနေကျ စွယ်တ်ာရိပ်က အုတ်ခုံလေးဆီကို သူရောက်မလာခဲ့။ သူ့ကိုဆက်စောင့်သင့် မစောင့်သင့်တွေးရင်း နောက်ဆုံးနှစ် ကျောင်းသားတွေ တက်ရတဲ့ အတန်းဘက်ကို လျှောက်သွားခဲ့တယ်။ အတန်းထဲမှာ တစ်ဦးတစ်လေမှ မမြင်တာကြောင့် ကျမလဲ စိတ်ဒုန်းဒုန်းချကာ အိမ်ကိုပြန်ခဲ့တယ်။ အပြန်လမ်းတစ်လျှောက် မရေမရာ အတွေးတွေထဲမှာ စိတ်အစဉ်တို့က ဂယောက်ဂယက်။ အိမ်ပြန်ရောက်ပြီး နာရီဝက်အကြာမှာ သူ့ဆီက ဖုန်းလာတယ်။ ‘အိမ်ပြန်ရောက်ပြီလား ကိုယ်အခုပဲ အဆောင်ကို ပြန်ရောက်တယ်’တဲ့။ ကျမက ‘ဘာပြောမလို့လဲ အခုတော့ ညစာချက်ပြုတ်ရအုံးမယ်’လို့ ကျမဘက်ကပြန်ပြောပြီး ဖုန်းပြောတာကို အဆုံးသတ်ခဲ့တယ်။ နောက်တစ်နေ့မနက် ကျောင်းကို ကျမရောက်သွားချိန်မှာ သူစောရောက်နေပြီး ကျမကိုမြင်တာနဲ့ ကျမဆီကို လျှောက်လှမ်းလာကာ ‘မနေ့ကကိုယ်တို့ နည်းနည်းလေးလွဲသွားတာ’ ဆိုပြီး နှစ်ယောက်သား မနက်တိုင်း ပုံမှန်သွားနေကျ နွေးအေးဆိုင်ကို သွားကြပါတယ်။ စွယ်တော်ရိပ်ကို သူ ဘာကြောင့် ရောက်မလာနိုင်သလဲ ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျမရဲ့နှုတ်ကနေ စကားလုံး တစ်ခွန်းတစ်ပါဒမှ မေးမြန်းခြင်းမျိုး မရှိခဲ့သလို သူ့ဘက်ကလဲ တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ ကျမရဲ့သံသယစိတ်နဲ့ သူ့သိက္ခာကို မထိခိုက်စေချင်သလို မူမမှန်တဲ့ ဖြစ်ရပ်မျိုးဆိုရင်လဲ သူကိုယ်တိုင် ၀န်ခံတာကို ကျမလိုလားတယ်။ တစ်ခြားသူက ပြောမှသိရတာမျိုးကို ကျမမနှစ်သက်ပါ။ ကျမရဲ့လက်တွဲဖော်ရယ်လို့ သတ်မှတ်ထားသူအပေါ် အမြဲယုံကြည်မှုအပြည့်အ၀ ပေးချင်သူ။
တစ်ပတ်ကို ပုံမှန်၃-ရက် အတန်းပြီးချိန် ညနေပိုင်းမှာ ကျမကြက်တောင်ရိုက် လေ့ကျင့်လေ့ရှိပြီး လေ့ကျင့်တဲ့နေ့တိုင်း ကြက်တောင်ရိုက် လေ့ကျင့်ရုံကြီး အပြင်ဖက် မြက်ခင်းမှာ သူအမြဲထိုင်စောင့်ပြီး အိမ်ပြန်ပို့ပေးလေ့ရှိပါတယ်။ တစ်ရက်တော့ ကျမကို မြက်ခင်းပြင်ပေါ်မှာ ထိုင်စေပြီး သူ့ရဲ့နှုတ်ကနေ ပွင့်အန်လာပါတယ်။ ‘ကိုယ်လဲ ဖြစ်နေတဲ့ အကြောင်းကိစ္စတွေကို မင်းမသိအောင် သိုဝှက်ပြီးထားရတာ ပင်ပန်းတယ် ရင်မောတယ် လိပ်ပြာမလုံဘူး။ ဒီတော့ကာ ပွင့်ပွင့်လင်းလင်း ပြောပြမယ်။ မင်းဘက်က မကျေမနပ် ဖြစ်တယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြန်ပြီးပြောစေချင်တယ်’တဲ့။ စကားကို အစမရှိ အဆုံးမရှိ ပြောလိုက်ခြင်းကြောင့် ကျမခေါင်းထဲကနေ ရာသက်ပန် ထုတ်ထားတဲ့ ကိစ္စရပ်များလားလို့ ပြန်တွေးတောရင်း ‘ဘာကိစ္စဆိုတာ အရင်ပြောပြအုံးလေ။ အကြောင်းအရင်းကိုသိမှ ကျမလဲ ဆုံးဖြတ်လို့ရမှာပေါ့’လို့ ပြန်ပြောလိုက်တော့ သူအဝေးတစ်နေရာကို လှမ်းကြည့်ပြီး သက်ပြင်းတစ်ချက်ကို ညင်ညင်သာသာ ချလိုက်သံကို ကျမကြားလိုက်ရပေမယ့် မသိယောင်ဆောင်ပြီး ငြိမ်နေလိုက်ပါတယ်။ ‘တကယ်တော့ တစ်နေ့က နွေးအေးမှာ မင်းနဲ့ဆုံခဲ့တဲ့ မိန်းကလေးက ကိုယ့်ရဲ့တစ်ချိန်က ရည်းစားဟောင်းပါ’ တစ်ခဏ အသံတိတ်ဆိတ် ငြိမ်သက်သွားပြီး ‘ကိုယ်သူနဲ့ လမ်းခွဲခဲ့ပေမယ့် ကိုယ့်နောက်ကို သူလိုက်လာတာ။  အီကိုကပါ ကိုယ်နဲ့လက်ရှိအခြေအနေမှာ ပြတ်ပြတ်စဲစဲပါပဲ။ တကယ်လို့များ မင်းကမယုံကြည်ဘူးဆိုရင် သူ့ရှေ့မှာ မျက်နှာချင်းဆိုင် ရှင်းချင်တယ်ဆိုရင်လဲ ရှင်းလို့ရပါတယ်’လို့ ဆိုလာတဲ့အခါမှာ ကျမဘာလုပ်သင့်လဲ ဘာပြန်ပြောသင့်လဲ ဆိုတဲ့ အတွေးတွေ ကျမခေါင်းထဲမှာ ဆူဝေလို့နေပါတယ်။ သေသေချာချာ အချိန်ပေးတွေးကြည့်မိတော့ ကျမနဲ့မဆုံခင်က အရှုပ်အရှင်းတွေ ကျမနဲ့ မသက်ဆိုင်တာမို့ လစ်လျူရှု မျက်ကွယ်ပြုလိုက်ဘို့ ကျမဆုံးဖြတ်ခဲ့တာကြောင့် ‘ကျမနဲ့ မဆုံခင်က အဖြစ်အပျက်တွေဆိုတော့ အပြစ်မတင်ချင်ပါဘူးလေ တစ်ခုတော့ရှိတယ်နော်။ နောက်ပိုင်းမှာ အခုလိုကိစ္စမျိုးတွေ ဖြစ်လာမယ် ဆိုရင်တော့ အဲ့ဒီနေ့က ရှင်နဲ့ကျမ လမ်းခွဲတဲ့နေ့ပဲ’လို့ ကျမရင်ထဲက စကားလုံးတွေနဲ့ စိန်ခေါ်ခဲ့ပါတယ်။
ကျမနဲ့သက်ဆိုင်ခြင်းမရှိတဲ့ သူ့ရဲ့အတိတ်က ဇာတ်လမ်းတွေကြောင့် ကျမအာရုံနောက် မခံချင်သလို ချစ်သူသက်တမ်း တစ်လျှောက်မှာ ကျမနဲ့သူ့ရဲ့ တူညီတဲ့ အတွေးအမြင်နဲ့ ခံယူချက်တို့ဟာ ကျမတို့ရဲ့ သံယောဇဉ်ကို တစ်စစပိုမို ခိုင်မာစေခဲ့ပါတယ်။ ကျမအားနည်းတဲ့ ဘာသာရပ်တိုင်းကို အချိန်ပိုရတိုင်း ကျမကို စိတ်ရှည်စွာ သင်ကြားပေးခဲ့သလို စာနဲ့ပတ်သက်လာရင် အလိုမလိုက်ခဲ့တာကြောင့် ကျမအတွက် ခက်ခဲလှတဲ့ အင်ဂျင်နီယာဘွဲ့ကို ရယူခဲ့ပါတယ်။ ပဉ္စမနှစ် အင်ဂျင်နီယာတန်းကို ကျမ တက်ရောက် သင်ကြားနေချိန်မှာ သူက အထည်အမှတ်-၁၀မှာ လုပ်ငန်းပြ အရာရှိအနေနဲ့ ပုတ်ပြတ် ၀င်လုပ်ခဲ့ပြီး စစ်အင်ဂျင်နီယာ ဗိုလ်လောင်သင်တန်းနဲ့ မရိန်းအင်ဂျင်နီယာ သင်တန်းတို့ကို ပြိုင်တူ လျှောက်ထားခဲ့ပါတယ်။ အောင်စာရင်း ထွက်လာတော့ နှစ်နေရာစလုံးမှာ အောင်မြင်နေတဲ့အခါ ကျမဆီကို လာရောက်တိုင်ပင်ပြီး ကျမတို့နှစ်ဦးသဘောတူ စစ်အင်ဂျင်နီယာ ဗိုလ်လောင်းသင်တန်းကို တက်ရောက်ခဲ့တယ်။ ကျမနောက်ဆုံးနှစ် တက်နေစဉ်မှာပဲ သူက ပြန်တမ်းဝင်အရာရှိ ဖြစ်သွားပြီမို့ မိဘတွေရဲ့ ခွင့်ပြုချက်ရယူကာ ကျမတို့လက်ထပ် မင်္ဂလာပွဲကို ပြုလုပ်ဘို့ ဆုံးဖြတ်လိုက်ကြတယ်။
 မေ့ဖျောက်မရတဲ့ အတိတ်ရဲ့အမှတ်တရခြေရာများ
 ရင်ထဲမှာ ထာဝရရှင်သန်နေတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်
 ချည်မျှင်နှင့်အထည်အင်ဂျင်နီယာဌာနရှေ့မှာအမှတ်တရ
 ကျောင်းတော်ကြီးရဲ့မျက်နှာစာမှာ ခြေရာတွေထပ်ခဲ့ဘူးတယ်
ချည်မျှင်နှင့်အထည် အင်ဂျင်နီယာဌာန ပါမောက္ခများနဲ့အတူ အမှတ်တရ

စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz