x

4.12.14

ကိုယ့်ရဲ့ဒီဇင်ဘာ (တဂ်ပို့စ်)


မွန်လေး(ဆွေလေးမွန်)ရဲ့ ဒီဇင်ဘာနဲ့ပတ်သက်ပြီး တဂ်လာတဲ့ တဂ်ပို့စ်ပါ။ ကျေးဇူးတင်ပါတယ် မွန်လေးရေ တဂ်ပို့စ်လေးကြောင့် အနည်းဆုံးတော့ အတဂ်ခံရသူ ဘလော့ဂါ မောင်မယ်တွေရဲ့ အတွေးထဲမှာ အရေးလေးတွေစဘို့ စဉ်းစားနေကြမှာ အသေအချာ။ နောက်ဆက်တွဲ အနေနဲ့လည်း စာဖတ်သူတို့အတွက် ရသစုံနဲ့ စီခြယ်ထုံမွှန်းထားမည့် ဒီဇင်ဘာပို့စ်လေးတွေ ဖတ်ခွင့်ကြုံတော့မယ် ဆိုရင်လည်း မမှားပါ။ ဒီဇင်ဘာနဲ့ပတ်သက်ပြီး ဘယ်ကစလို့ ရေးရမယ်ဆိုတာ မရေမရာ မသေမချာဘဲ ရောက်တတ်ရာရာ တွေးတောနေချိန်မှာ သူကြီးမင်းရဲ့ ‘အပြစ်ကင်းတဲ့ဒီဇင်ဘာ နှင်းခဲလေးတွေနဲ့ဘဲ ဆေးကြောပစ်လိုက်ပါ’ ဆိုတဲ့ ကွန်မန့်လေးကို ဖတ်လိုက်ရတဲ့အခါ ပြိုးပြိုးပြက်ပြက် အလင်းတန်းတစ်ခု မျက်စိအစုံမှာ ထိုးဖောက်ဝင်ရောက်လာခဲ့တယ်။ ပို့စ်တစ်ပုဒ်ဖြစ်လာဘို့ မထင်မှတ်ဘဲမြင်လိုက်မိတဲ့ အစတစ်စကို ဆုံးခန်းတိုင်အထိ ဆွဲထုတ်မိပါတော့တယ်။
၁၉၈၇-ခုနှစ် ဒီဇင်ဘာလ ၂၅-ရက်နေ့ ခရစ္စမတ်နေ့မှာ ပုံမှန်ထက် တစ်နာရီရီစောပြီး အိပ်ရာနိုးခဲ့တယ်။ အကြောင်းက အသက် ၄-နှစ်၎-လရှိတဲ့ ကျမသားကြီးရဲ့ မနက် ၉-နာရီမှာ သွားရောက် ပြိုင်ပွဲဝင်ရမည့် ပြေးခုန်ပစ် ပြိုင်ပွဲကို စိတ်ရောက်နေလို့ပါ။ အဲ့ဒီအချိန်က ဇန္န၀ါရီလမှာ မီးဖွားလာတော့မည့် သားငယ်ရဲ့ ကိုယ်ဝန်ဟာ အရင့်အမာ။ သွားလာတဲ့အခါ ဖြည်းဖြည်းညင်ညင်သာသာ သွားလေ့မရှိတဲ့ကျမကို ခင်ပွန်းသည်က မကြာခဏဆိုသလို ကြုံရင်ကြုံတိုင်း ပြောလေ့ရှိတဲ့စကား-
‘မိန်းမ မပေါ့မပါးနဲ့ သွားတာလာတာ မလောနဲ့နော် ချော်မလဲအောင် ဂရုစိုက်ပါ’
‘ဟုတ်ကဲ့ပါ စိတ်မပူနဲ့’ လို့ကျမကပြန်ဖြေစမြဲ။ မှာကြားပြီး ကျမအိမ်ကထွက်မည် အပြုမှာ-
‘သားကြီးကို အားပေးရင်လဲ စိတ်ရောကိုယ်ပါ လွှတ်မထားနဲ့အုံး’
‘စိတ်ချ စိတ်ချ ဘေးကနေထိုင်ကြည့်နေရုံပါ’
၈နာရီခွဲမှာ ကျမ သားကြီးနဲ့ တူမလေးတို့ သုံးယောက်သား ဦးဝိစာရအိမ်ရာကနေ ပြိုင်ပွဲကျင်းမမည့် အ.ထ.က(၂) ဒဂုံ မြို့မအမျိုးသားကျောင်းကို ၁၀မိနစ်ခန့် လမ်းလျှောက်လာကြတယ်။ ကျမတို့ ရောက်သွားချိန်မှာ ပြိုင်ပွဲဝင်မည့် မူကြိုကလေးငယ်များနဲ့ ကလေးမိဘများ ပွဲကြည့် ပရိသတ်များ လူအတော်များများ ရောက်ရှိနှင့်ပြီးဖြစ်သလို ပြိုင်ပွဲမှာ အဆုံးအဖြတ်ပေးမည့် ဆရာ ဆရာမ ဒိုင်လူကြီးများလည်း သွားချည် လာချည်နဲ့ အလုပ်ရှုပ်နေကြတာကို မြင်ရပါတယ်။ သာကြီးရဲ့ မူကြို သူငယ်ချင်းများကို သူတို့ရဲ့ ဆိုင်ရာဆိုင်ရာ မိဘတွေက အမျိုးမျိုးမှာကြားနေတာကို မြင်ရပြန်တယ်။
‘သား သူများတွေပြေးတာကို ကြည့်မနေဘဲ ဟိုးအရှေ့မှာရှိတဲ့ ဖဲကြိုးလေးအထိ ရောက်အောင် ခရာမှုတ်သံကြားတာနဲ့ ကိုယ်ပြေးနိုင်သလောက် ကြိုးစားပြီးပြေးနော်’
ကျမ မှာကြားတာကို သားကြီးက ခေါင်းတစ်ချက်ညိတ်ပြရင်း နှုတ်ကလဲ ‘ဟုတ်ကဲ့’ လို့ဖြေခဲ့ပါတယ်။ ပြိုင်ပွဲစတင်တဲ့ ခရာမှုတ်အပြီး ကျမရဲ့သားကြီးအပါအ၀င် ပြိုင်ပွဲဝင် မူကြိုကလေးများ အားသွန်ခွန်စိုက် ပြေးကြပါတော့တယ်။ သားပြေးနေတဲ့ပုံကို မြင်ရတဲ့ကျမလဲ ယောက်ျားမှာခဲ့တဲ့စကား အာရုံမှာ ပျောက်သွားခဲ့ပြီး မသိစိတ်က ခုန်ပေါက်ကာ အားပေးနေမိတော့တယ်။ ကျမနည်းတူ တူမလေးလည်း သူ့မောင်အတွက် အာခေါင်ခြစ်ပြီး အသံကုန်ဟစ်ကာ အားပေးနေပြန်တယ်။ တာတိုပြေးတဲ့ သားကြီး ပန်းဝင်သွားတာကို ကျေနပ်စွာကြည့်ရင်း ပျော်ရွှင် ကြည်နူးစွာနဲ့ လက်ဖ၀ါးတွေ နီရဲသွားတဲ့အထိ ကျမ လက်ခုပ်သြဘာ ပေးခဲ့တယ်။ သားကြီးဆုယူပြီးတဲ့အခါ အိမ်ပြန်လာကြပြီး သားကြီးက ရခဲ့တဲ့ဆုကို သူ့ဖေဖေကို ကြွားလို့မဆုံး ဖေဖေကြီးကလဲ ၀မ်းသာပီတိတွေဖြာရင်း ပျော်မဆုံး တစ်ပြုံးပြုံးပေါ့။ တစ်ရက်ကျော်လွန်ပြီး ၁၉၈၇-ခုနှစ် ဒီဇင်ဘာ ၂၆-ရက်နေ့ည ၈နာရီမှာ ခရစ္စမတ်နေ့က ပြိုင်ပွဲမှာ ခုန်ပေါက်ထားတဲ့ အကျိုးရလဒ် နောက်ဆက်တွဲအဖြစ် ဗိုက်နာလာပါတော့တယ်။ ၈နာရီခွဲလောက်မှာ အတော်လေး ပြင်းပြင်းထန်ထန်နာလာတာမို့ ခင်ပွန်းဖြစ်သူက နီးနီးနားနားမှာရှိတဲ့ အမှတ်-၂ စစ်ဆေးရုံကိုခေါ်သွားပါတယ်။ ဆေးရုံရောက်တော့ ဗိုက်အပ်ထားတဲ့ ဆရာဝန်မက စမ်းသပ်ပြီး-
‘ဟင် သားအိမ်တောင် ပွင့်နေပြီဘဲ’ လို့ဆိုပြီး မွေးခန်းကို တန်းသွင်းပါတော့တယ်။ ၁၉၈၇-ခုနှစ် ဒီဇင်ဘာလ ၂၆-ရက် စနေနေ့ ည ၉နာရီ ၅မိနစ်မှာ ကျမတို့နှစ်ယောက်အတွက် ဒုတိယသားငယ်ကို လွယ်ကူစွာ မွေးဖွားသန့်စင်ခဲ့ပါတယ်။ ဒုတိယမ္မိ ကျမတို့နှစ်ဦးသားရင်မှာ ကြည်နူးမှုများ လွှမ်းခြုံရင်း လူ့လောကကြီးထဲကို ၀င်ရောက်လာတဲ့ ပုခုံးလက်နှစ်သစ် ခြေဖ၀ါးလက်နှစ်လုံး သားငယ်ကို ကျွေးမွေး စောင့်ရှောက်နိုင်စေဘို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြရပါတော့တယ်။
ကျမရဲ့အမှတ်တရ မှတ်တမ်းလေးထဲမှာ ခြေရာကျန်နေတဲ့ ဒီဇင်ဘာလ မွေးနေ့ရှင် ဆွေမျိုး မိတ်ဆွေသင်္ဂဟ အားလုံးထဲကနေ မွေးနေ့ရှင် ဘလော့ဂါများကို ထပ်ပြီးတဂ်ပါရေစေနော် ♥♥♥
ဒီဇင်ဘာလ ၇-ရက်နေ့ရဲ့ မွေးနေ့ရှင် မောင်နေဇော်လင်း
ဒီဇင်ဘာ ၁၄ရက်နေ့ရဲ့ မွေးနေ့ရှင် (ပစ်ပစ်) Black Roze
ဒီဇင်ဘာ ၁၇ရက်နေရဲ့ မွေးနေ့ရှင် သက်တန့်ချို နဲ့ တတိယညီမ Rose (Roxyta Ann)
ဒီဇင်ဘာ ၁၈ရက်နေ့ရဲ့ မွေးနေ့ရှင် တူမတော် တင်နှင်းသူရ (Tina Thura) နဲ့ ညီမ ရှင်မိုး (Shin Moe Thu)
ဒီဇင်ဘာ ၁၉ရက်နေ့ရဲ့ မွေးနေ့ရှင် ပျိုးယုဝသန်နဲ့ တူမလေး နှင်းလဲ့ဝေ (Veronica Ann)
ဒီဇင်ဘာ ၂၆ရက်နေ့ရဲ့ မွေးနေ့ရှင် သားငယ် ထက်ဝင်းလွင်(ထက်ထက်)
ဒီဇင်ဘာ ၂၈ရက်နေ့ရဲ့ မွေးနေ့ရှင် စံပယ်ချို (ဂျက်) တို့ဖြစ်ပါတယ်။
ကျမရဲ့ မှတ်တမ်းထဲမှာ ခြေရာမချန်ဖြစ်သေးတဲ့ ဒီဇင်ဘာလ မွေးနေ့ရှင် ဘလော့ဂါများကိုလဲ တဂ်ရင်း ကျမရဲ့ မှတ်တမ်းမှာ ခြေရာချန်ချင်ပါသေးတယ်။
မွေးနေ့ရှင်တွေအတွက် ပေးချင်တဲ့လက်ဆောင်လေးကတော့ မနှစ်ကပေးခဲ့ဘူးတဲ့ လက်ဆောင်ပါ။
အိုသည့်တိုင်အောင် ကောင်းသောတရား ၄-ပါး
၁။ ကိုယ်ကျင့်သီလသည် အိုသည့်တိုင်အောင် ကောင်း၏။
၂။ ယုံကြည်မှု သဒ္ဓါတရား မိမိသန္တာန်၌ တည်လျှင် အိုသည့်တိုင်အောင် ကောင်း၏။
၃။ ပညာသည် လူတို့၏ ရတနာဖြစ်၍ အိုသည့်တိုင်အောင် ကောင်း၏။
၎။ ကုသိုလ်ကောင်းမှုကို ခိုးသူတို့သည် မခိုးယူနိုင်သည်ဖြစ်၍ အိုသည့်တိုင်အောင် ကောင်း၏။

ဒီဇင်ဘာမှာ ပျော်ရွှင်စရာတွေရှိခဲ့သလို ၀မ်းနည်းကြေကွဲစရာတွေရှိခဲ့ဘူးတယ် ဘ၀အတွက် ရှေ့ဆက်ဘို့ ကျမတို့ ဇနီးမောင်နှံ လက်ကိုမြဲမြဲတွဲရင်း စီမံကိန်းတွေချခဲ့ဘူးတယ် နှစ်သစ်အတွက် အားမာန်တွေ ဖြည့်ဆည်းရင်း ခက်ခဲမှုများစွာကို ကျော်လွှားခဲ့ဘူးတယ်။ တကယ်တန်းတွေးကြည့်ရင် ဘယ်သူတွေမုန်းမုန်း ဘယ်သူတွေချစ်ချစ် ဒီဇင်ဘာကတော့ မတုန်မလှုပ် ကျောက်ရုပ်ပမာ ဆက်လက်လို့ ရှင်သန်နေအုံးမှာ မလွဲဧကန်မို့ ‘ကိုယ့်ရဲ့ဒီဇင်ဘာ’ တဂ်ပို့စ်လေးကို ‘အပြစ်ကင်းတဲ့ဒီဇင်ဘာ’ လို့မြင်မိတယ်။


စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz