14.12.14

တစ်ဘ၀ရဲ့ မှတ်တိုင်များ-၃၃


အလှူလုပ်ဖြစ်တိုင်း မဖြစ်မနေ အရောက်လာပြီး လိုတာလေးတွေ ညွှန်ကြားပေးတဲ့ ဖွားဖွား ဖခင်ကြီးနဲ့ အဒေါ် မောင်နှမတွေစုံလင်စွာနဲ့အတူ ရင်းနှီးခဲ့တဲ့ သူငယ်ချင်းရောင်းရင်းများနဲ့အတူ အမှတ်တရပုံရိပ်များ။








ရွှေတောင် ချည်မျှင်၊အထည်နဲ့အချောကိုင်စက်ရုံ ယက္ကန်းဌာန အလုပ်ရုံခွဲမှူး တာဝန်နဲ့ တစ်နှစ်တာကာလ ကြာမြင့်ခဲ့ပါတယ်။ တစ်ဘ၀ရဲ့ မှတ်တိုင်များကို အစဉ်တစ်စိုက် ဖတ်ခဲ့သူများ အတွက် အခုရေးမည့်မှတ်တိုင်-၃၃ဟာ သာမန် မှတ်တိုင်များလို့ သမရိုးကျမဟုတ်ပဲ ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူ့လောကကြီးထဲမှာ ကျမတို့ အလှမ်းမမှီနိုင်တဲ့ အကြောင်းကိစ္စ မျိုးပေါင်းစုံစွာ ရှိနေတယ်ဆိုတာ ဇွတ်မှိတ်လက်ခံရမှာဖြစ်ပါတယ်။ ကျမရွှေတောင်ရောက်စ သီးသန့်နေထိုင်ဘို့ရာ အိမ် မရှိသေးတဲ့အတွက် အဆင်ပြေသလို တစ်ခြားအလုပ်ရုံခွဲမှူး မိသားစုအိမ်မှာ ခေတ္တ နေထိုင်ရပါတယ်။ မိသားစုစိတ်ဓာတ် အပြည့်အ၀ရှိပြီး စိတ်ရင်းစေတနာကောင်းတဲ့ ချည်မျှင်ဌာန အလုပ်ရုံခွဲမှူး ဦးယဉ်ထွေး မိသားစုအိမ်မှာ လအတန်ကြာ နေထိုင်ဖြစ်ခဲ့တယ်။ ဦးယဉ်ထွေးရဲ့ဇနီးကို မိသားတစ်စုလုံး ခေါ်ဝေါ်တဲ့အတိုင်း ‘မာမီ’လို့ ကျမရင်းရင်းနှီးနှီးခေါ်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ မေမြို့သင်တန်းကို သွားတဲ့အချိန်မှာ သားကြီးနဲ့တူမလေးကို ရွှေတောင်ကို ခေါ်လာစဉ် အချိန်အခါကလဲ ကျမ မာမီတို့အိမ်မှာ နေတဲ့အချိန်ပါ။ တစ်ကြိမ်တစ်ခါမှ ငြိုငြင်ခြင်းမျိုးမရှိပဲ မောင်သန်းထွေးအောင် စန်းစန်းချစ် စိုးစိုးချစ် အောင်အောင် အစရှိတဲ့ သားသမီးတွေကအစ ကျမတို့ မိသားစုအပေါ် အမြဲတန်း နွေးထွေးစွာ ဆက်ဆံခဲ့တာမို့ ကျမရင်ထဲမှာ အမြဲထာဝရ ကျေးဇူးတင်ရှိနေဆဲပါ။ အခြေအနေပေးရင် တစ်ခေါက်တစ်ခါ ဆုံနိုင်ခွင့်လေးလဲ ရှိချင်ပါသေးတယ်။
ရွှေတောင်စက်ရုံနဲ့ ကင်းကွာခဲ့တာ နှစ်ပေါင်း ၂၈-နှစ်ကျော်တိုင် ကြာမြင့်ခဲ့ပြီမို့ အစစအရာရာ ထူးခြားပြောင်းလဲမှုတွေ ရှိကောင်းရှိနေမှာပါ။ ကျမရှိစဉ်အချိန်က ရွှေတောင်စက်ရုံဝန်းကျင်မှာ ဘုရားပျက် ဘုရားပြို မြောက်မြားစွာ ရှိခဲ့သလို ကျမတို့နေထိုင်ရတဲ့ အရာရှိရိပ်သာလိုင်းနဲ့ စက်ရုံကို လမ်းလျှောက်သွားမယ်ဆိုရင် အနည်းဆုံး ၁၅-မိနစ်ခန့်ကြာသလို စက်ဘီးစီးသွားရင် ၅-မိနစ်လောက် နင်းရပါတယ်။ ကျမ နေ့ဆိုင်းဖြစ်စေ ညဆိုင်းဖြစ်စေ အိမ်ပြန်ထမင်းစားလေ့ ရှိပါတယ်။ မာမီက ကော်ဖီချိန် ထမင်းချိန် မုန့်စားချိန်တိုင်းလိုလို အဆင်သင့်လေး ပြင်ဆင်ထားလေ့ရှိပါတယ်။ အလုပ်ကြောင့် တစ်ခါတစ်ရံ အချိန်နဲ့ ပြန်မရောက်လာခဲ့တဲ့ အခါမျိုးမှာ စိတ်ပူတတ်ပြန်တယ်။ သားသမီးများအားလုံးအပြင် ကျမကိုပါ စိုးရိမ်တတ်တဲ့ မာမီဖြစ်လို့လဲ ကျမပြန်ရောက် နောက်ကျမယ့် အချိန်မျိုးတွေမှာ တတ်နိုင်သလောက် လူကြုံနဲ့မှာခဲ့ရတယ်။ တစ်နေ့မှာ မာမီနဲ့စကားစမြည်ပြောရင်း ထူးခြားတဲ့စကားမျိုး ကြားခဲ့ရတယ်။
‘မာမီတို့အိမ်ရဲ့ အရှေ့လမ်းမကြီးက ဘုရားပျက်တွေ မြင်တယ်မဟုတ်လား’
‘ဟုတ်ကဲ့ မာမီမြင်တယ် ၃-၄ ဆူလောက်ရှိတယ်လေ’
‘ဟုတ်တယ် မာမီတို့ရဲ့ အိမ်အနောက် ဟိုးဘက်မှာလဲ ဘုရားပျက်တွေရှိတယ်’
‘အော်’ … မာမီပြောမယ့် စကားကိုမှန်းရခက်တာကြောင့် ကျမလည်း အော် လို့သံယောင်လိုက်ခဲ့တယ်။ မာမီက ဆက်ပြီး-
‘အဲ့ဒီ အရှေ့ကဘုရားပျက်တွေနဲ့ နောက်ဘက်က ဘုရားပျက်တွေဆီကို သွားဘို့ လမ်းကြောင်းက မာမီတို့ခြံဝင်းကနေ ဖြတ်သွားရတဲ့ လမ်းကြောင်းတစ်ခုပဲ ရှိတယ်လေ အိမ်ရှေ့က သစ်ပင်ကြီးမှာ သူတစ်ခါတစ်လေ နားတတ်တယ်’ မာမီ့ရဲ့အပြောကို ကျမနားထောင်ရင်း အတွေးထဲမှာ လူတွေဖြတ်သန်း ဖြတ်လာတဲ့ လမ်းရယ်လို့သာ ထင်မှတ်ခဲ့တယ်။
‘တစ်ခါတစ်လေ ဒယ်ဒီ့အတွက် မာမီ ဖျော်ထားတဲ့ ကော်ဖီကို သူက လမ်းကြုံ သောက်သွားသေးတယ်’
‘ဟင်.. ဘယ်သူလဲ မာမီ? သူများအိမ်ထဲဝင်ပြီး စည်းကမ်းမရှိ ကော်ဖီဝင်သောက်တဲ့လူက ဘယ်သူလဲ’ ကျမရဲ့အမေးကို မာမီက သဘောကျစွာ ရယ်မောရင်း-
‘လူမဟုတ်ဘူးလေ တစ္ဆေကြီးကိုပြောတာ’ တဲ့။ အမှတ်တမဲ့ မာမီ့ဆီက ကြားလိုက်ရတဲ့ စကားကြောင့် ကျမ အံ့သြတွေဝေသွားမိတယ်။ ငယ်ငယ်ထဲက ကျမယုံကြည်မှု မရှိပေမယ့် ကြားဘူးနားဝ တစ္ဆေ သရဲနဲ့ တစ်ခါက ကြုံဘူးတဲ့ ထူးဆန်းသတ္တ၀ါ အကြောင်း ခေါင်းထဲရောက်လာရင်း မာမီ့အပြောများကို စိတ်ဝင်စားလာမိတယ်။
‘ဟင်… အဲ့ဒီ တစ္ဆေကြီးက ဒယ်ဒီ့ကော်ဖီကို ယူသောက်တယ် ဟုတ်လား’
‘ဟုတ်တယ် အစကတော့ အိမ်က တစ်ယောက်ယောက် သောက်တယ်မှတ်တာ နောက်ပိုင်းမှ သတိထားလာမိတယ်။ အားလုံး အလုပ်သွားကြပြီး တစ်ယောက်မှ မရှိတော့တဲ့အချိန်မှာ သတိထားမိတာပေါ့။ အစကတော့ ကော်ဖီလောက်ပဲ နောက်ပိုင်း မုန့်တွေပါ ယူစားလာတတ်တယ်။ သူက အိမ်ကလူတွေကိုလဲ အန္တရာယ်မပေးပါဘူးလေ သူ့လမ်းသူသွားတာပဲ တစ်ခါတစ်လေ သူဖြတ်သွားတာကို မာမီသိနေတယ်။ သူ့ကိုနှုတ်ဆက်ဖြစ်တယ်’ မာမီပြောတဲ့ စကားလုံးတွေဟာ ကျမရဲ့စိတ်ကို ဇဝေဇ၀ါဖြစ်စေတာတော့ အမှန်ပါ။ မာမီတို့ မိသားစုက ခရိယာန်ဘာသာဝင်တွေ ဖြစ်တာကြောင့် ခရိယာန်ဘုရားစင်ရှိသလို ကျမနေတဲ့ အလယ်ခန်းထဲမှာ ဗုဒ္ဓဘာသာဆင်းတုတော် တစ်ဆူကို ပူဇော်ပြီး ကျမကိုးကွယ်ထားပါတယ်။ မာမီက စကားကိုအပို မပြောတတ်သူ ရိုးသားပွင့်လင်းသူမို့ မာမီပြောတာတွေကိုလဲ ကျမလစ်လျူမရှုနိုင်၊ အပြောနဲ့မဟုတ်ပဲ လက်တွေ့ကို ပိုပြီးယုံကြည်တတ်တဲ့ကျမ မာမီကိုမေးမိတယ်။
‘မာမီ သူ့ကိုမြင်ဘူးလားဟင်’ မာမီကခေါင်းတစ်ချက်ဆတ်ပြပြီး
‘သူက တစ်ခါတစ်လေ အိမ်ကလူလိုလို ဘာလိုလို ပုံစံမျိုးနဲ့ပေမယ့် မျက်နှာကိုတော့ ဘယ်တော့မှမပြဘူး’
‘ဒါဆို အရိပ်အယောင်လောက်ပဲ ပြတာလား’
‘သူဖြတ်သွားဖြတ်လာလုပ်ရင် ခြေရှပ်တိုက်သံလိုမျိုးကြားတယ် တစ်ခါတစ်လေ လူရိပ်လို ကိုယ်ယောင်ပြတတ်တယ် စကားပြောရင် ရပ်နားထောင်ပြီး ပြောပြီးမှ ခြေရှပ်တိုက်သံနဲ့ ဆက်သွားတတ်တယ်’ မာမီ့အပြောကို ကျမအတော်လေး စိတ်ဝင်စားသွားတာကြောင့်-
‘သူက ဘယ်အချိန်တွေ ခြံထဲကဖြတ်လျှောက်တတ်လဲ မာမီ’
‘ပုံမှန် မနက် ၆နာရီ ညနေ ၆နာရီ တစ်နေ့နှစ်ကြိမ် တစ်ခါတစ်လေ နေ့လည်ဘက်တွေလဲ ရောက်လာတတ်တယ်’
‘ဒါဆိုရင် ကျမညထမင်းပြန်စားပြီး အပြန်မှာ စမ်းကြည့်ချင်တယ် မာမီကူညီပေးမလား’
‘ပြောလေ ဘယ်လိုကူညီရမလဲ’ မာမီ့အမေးကို ကျမလက်တွေ့ စမ်းချင်တဲ့သဘော အသေးစိတ်ကို ပြောပြလိုက်တော့ မာမီက သဘောကျပြီး အားပါးတရ ရယ်မောပါတယ်။
ကျမ ညစာထမင်း ပြန်လာစားပြီး စက်ရုံအပြန်မှာ-
‘မာမီ ပြောထားတယ် မဟုတ်လား’ လို့ကျမက မာမီ့ကိုမေးလိုက်တော့-
‘ပြောထားပြီးပြီ စမ်းကြည့်လေ’တဲ့ ကျမလဲ မာမီ့ကို နှုတ်ဆက်ပြီး စက်ရုံကို စက်ဘီးစီးပြီး ပြန်ခဲ့တယ်။
စက်ဘီးရဲ့ ခြေနင်းကို ၃-၄-၅ ချက်မှန်မှန်လေး နင်းနေရာကနေ-
‘နာနာဘာဝ ၀ိနာဘာဝ သတ္တ၀ါအားလုံး ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးကင်းကြပါစေ။ တကယ်လို့သာ မာမီပြောတာ အမှန်တကယ်ဆိုရင် ထူးခြားတဲ့ လက်တွေ့တစ်ခုခုတော့ မြင်ချင်ပါတယ်’ လို့ နှုတ်ကနေ တစ်တွတ်တွတ်ရွတ်တဲ့အခါ ကျမနင်းလာတဲ့ စက်ဘီးဟာ တစ်ယောက်ယောက် နောက်ကနေ တွန်းနေသလိုမျိုး စိတ်ကခံစားလာမိတယ်။ စိတ်ကဖြစ်တာ နေမှာပါလေလို့ ကိုယ့်စိတ်ကိုယ် ဖြေနေတဲ့အချိန် ပိုမြန်လာသလို ခံစားမိတာကြောင့် ကျမနင်းနေတဲ့ ခြေနင်းကို မနင်းတော့ပဲ လွှတ်ပေးထားလိုက်တယ်။ စက်ရုံနဲ့အိမ် အလယ်အလပ်ကို ရောက်နေချိန်လောက်ကနေ စက်ရုံရောက်သွားတဲ့အထိ ကျမစက်ဘီး ခြေနင်းကို မနင်းပဲ အရှိန်နဲ့ ရောက်သွားခဲ့တယ်။ ကျမတစ်ကိုယ်လုံး အေးစက် တောင့်တင်းသွားသလို ခံစားမိပြီး ကြက်သီးမွေးညှင်းတွေ ထလာပါတော့တယ်။ ခေါင်းပေါ်ရှိ ဆံပင်တွေလဲ အပေါ်သို့ ထိုးထောင်နေ သယောင်ယောင် စက်ရုံရောက်တဲ့အခါ ညာလက်နဲ့ ဘရိတ်အုပ်ရင်း ရောက်လေရာ ဘုံဘ၀ကနေ ကျမပြုပြုသမျှ ကုသိုလ်အ၀၀ကို အမျှပေးဝေပါတယ် သာဓုခေါ်ပါဆိုပြီး အမျှ သုံးကြိမ်ဝေခဲ့တယ်။ ည ၁၁နာရီ ညဆိုင်းအပြီး အိမ်ပြန်ရောက်တော့ မာမီက တံခါးဝကနေ စောင့်နေပြီး ‘ဘယ့်နှယ်ရှိစ’ ဆိုတဲ့ မျက်ဝန်းအစုံနဲ့ ကျမကို ခပ်ပြုံးပြုံးကြည့်နေပါတော့တယ်။
တစ်မနက် ကျမအခန်းကနေ ထွက်တော့ ကပ်ရက်အခန်းမှာ မောင်သန်းထွေး ကျောပေးပြီး သတင်းစာထိုင်ဖတ်နေတာ မြင်တော့ ကျမက-
‘မောင်သန်းထွေး စက်ရုံမသွားသေးဘူးလား’လို့ မေးပါတယ်။ အမြဲလိုလို ကျမမေးတာကို လေးလေးစားစားပြန်ဖြေတတ်တဲ့ မောင်သန်းထွေးဆီကနေ ပြန်ဖြေသံ ဘာမှထွက်မလာ။ ကျမလဲ ကျမမေးတာမကြားလို့ဖြစ်မယ်ဆိုပြီး စက်ရုံသွားဘို့ အိမ်ပြင်ကို ထွက်လာပါတယ်။ အိမ်ပြင်ရောက်တော့ ဈေးကပြန်လာတဲ့ မာမီနဲ့ဆုံပြီး မောင်သန်းထွေးက စက်ရုံမသွားတဲ့အကြာင်း မေးတော့မာမီက မနေ့ညက ကိစ္စရှိလို့ ခရီးထွက်သွားတယ်လေတဲ့။ ကျမလဲ ချက်ခြင်းဆိုသလို အိမ်ထဲပြန်ဝင်လာပြီး သတင်းစာဖတ်နေတဲ့သူ ဘယ်သူလဲလို့ အခန်းထဲဝင်ကြည့်တော့ ဘယ်သူမှ မရှိတော့တာကို ကြုံခဲ့ဘူးတယ်။ တစ်လလောက်အကြာမှာ အိမ်ရှေ့က သစ်ပင်ကြီးကို စက်ရုံက ၀န်ထမ်းတစ်ချို့ ခုတ်နေတာကို မြင်တော့ မာမီက-
‘ကြည့်လဲလုပ်ကြအုံးနော် ဒီသစ်ပင်ကြီးကို မခုတ်လို့ မရဘူးလားကွယ်’ လို့ ပြောတော့ စက်ရုံလူတွေက
‘ကျနော်တို့လဲ အထက်က ခုတ်ခိုင်းလို့ပါ’ လို့ဖြေရင်း ခုတ်လှဲကြပါတယ်။ တစ်ရက် နှစ်ရက် သုံးရက်ကြာ သစ်ပင်ကြီးကို ခုတ်လှဲလို့ မရဖြစ်နေတော့ စက်ရုံပိုင် ဘူဒိုဆာနဲ့ထိုးပြန်တယ် ဘူဒိုဆာပျက်ပြန် ဘူဒိုဆာမောင်းသူလဲ နေမကောင်းဖြစ် ဆေးရုံရောက်။ နောက်ဆုံး ဘယ်လို အဆုံးသတ်ခဲ့တယ်ဆိုတာ မသိတော့ပါ အကြောင်းက ကျမနေထိုင်ဘို့ရာ အိမ်သစ်ရပြီမို့ ကျမနဲ့ အတူရွှေတောင်စက်ရုံမှာ တာဝန်ကျသူ အလုပ်ရုံခွဲမှူး အစ်မဒေါ်ခင်စောအုံနဲ့အတူ အိမ်သစ်ဆီကို ပြောင်းသွားပါတော့တယ်။ ရွှေတောင်မှာ ကျမနေစဉ် တစ်နှစ်အတွင်း ဧရာဝတီမြစ်ကမ်းနဘေးကနေ ရှေးအမွေအနှစ်တွေလို့ ယူဆရတဲ့ ရွှေခွက် ငွေခွက် ရွှေထည် ငွေထည် ပစ္စည်းတွေ ပေါ်လာပြီး ထိုက်သူများ ရရှိခဲ့တာကို ကြုံခဲ့ဘူးပါတယ်။ ၁၉၈၇-ခုနှစ်မှာ ကျမရွှေတောင်စက်ရုံကနေ ချည်မျှင်နှင့်အထည်စက်ရုံ (သမိုင်း) ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့် ကျလာပါတော့တယ်။


စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ခဏစောင့်ပါ...

 
©2012 အန်တီတင့်၏ အမှတ်တရလေးများ | Design by Mozz